
ဒီတစ်နေ့လုံး ကိုယ်လုပ်သမျှတွေ အဆင်ပြေချောမွေ့နေတယ်၊ ဘေးရန်အန္တရာယ်တွေ ကြုံရပေမယ့် သီသီလေး လွတ်မြောက်သွားတယ်၊ ရောက်လေရာမှာ ကိုယ့်ကို ကူညီဖေးမမယ့်သူတွေ ဝိုင်းဝိုင်းလည်နေတယ် ဆိုရင်တော့ သင် … ဝတ်ထားတဲ့ အဝတ်အစားအရောင်ဟာ ကံကောင်းစေတဲ့အရောင် ဖြစ်နေတာကြောင့်လို့ ဆိုနိုင်ပါတယ်။
အဲသလိုပဲ တစ်နေ့တာ ကြံစည်လုပ်ဆောင်သမျှ အလွဲတွေ များနေတာ၊ မတော်တဆ ထိခိုက်မှုတွေ ကြုံရတာနဲ့ ဘေးလူတွေကလည်း အကူအညီ မရတဲ့အပြင် ဒုက္ခပေးနေသူတွေပဲ ဖြစ်နေတာ ဆိုရင်တော့ အဲဒီနေ့မှာ သင်.. ဝတ်ဆင်ထားတဲ့အရောင်ဟာ ကံဆိုးစေတဲ့အရောင် ဖြစ်နေတာကြောင့်လို့ ယူဆစရာ ရှိပါတယ်။
ဗေဒင်လောကီအတတ်ပညာမှာ အရောင်တွေဟာ အလွန် အရေးပါပါတယ်။ အရောင်နဲ့ ယတြာအစီအရင်တွေ လုပ်တာ၊ အရောင်နဲ့ ဆေးကုသတာ စတဲ့ အရောင်တွေရဲ့ စွမ်းအင်ကို အသုံးပြုပုံတွေကလည်း မျိုးစုံ ရှိပါတယ်။ ဒီနေရာမှာတော့ လိုတရပရိသတ်တွေအတွက် တစ်နေ့တာ ဆောင်ရ၊ ရှောင်ရမယ့် အရောင်တွေအကြောင်းကို သီးသန့် တင်ပြပေးသွားပါမယ်။
တနင်္ဂနွေနေ့ - ဒီနေ့မှာ ဘယ်နေ့သားသမီးမဆို အဝါဖျော့ရောင် ၊ အဝါရောင်ကို ဝတ်ဆင်မယ်ဆိုရင် လိုရာကိစ္စ အောင်မြင်စေတတ်ပါတယ်။ အလုပ်အကိုင်ကိစ္စအတွက် အဖြူရောင်သန့်သန့်ကို အသုံးပြုသင့်ပြီး ငွေကြေးကိစ္စ လာဘ်လာဘကိစ္စအတွက် အပြာရောင်ကို သုံးရင် အဆင်ပြေလွယ်ကူစေတတ်ပါတယ်။ အနီ၊ အနက်နဲ့ အညို၊ မီးခိုးရောင်တွေကိုတော့ ဒီနေ့မှာ ဖြစ်နိုင်ရင် လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။
တနင်္လာနေ့ - ဒီနေ့မှာ ဘယ်နေ့သားသမီးမဆို အပြာရောင်၊ ခရမ်းဖျော့ရောင်ကို သုံးရင် လိုရာကိစ္စ အောင်မြင် ပြီးမြောက်စေနိုင်ပါတယ်။ လုပ်ငန်းစီးပွားအတွက် အနီရဲရဲအရောင်တွေကို သုံးသင့်ပြီး အနက်နဲ့ မီးခိုးရောင်ကို ငွေကြေးကိစ္စမှာ သုံးသင့်ပါတယ်။ အဝါရင့်ရင့်နဲ့ အစိမ်းရောင်အမျိုးမျိုးကိုတော့ ရှောင်ကျဉ်ရပါမယ်။
အင်္ဂါနေ့ - ဒီနေ့မှာ ဘယ်နေ့သားသမီးမဆို အနက် ၊ အညို၊ မီးခိုးရောင်တွေကို သုံးရင် လိုရာကိစ္စတွေ လွယ်ကူ အဆင်ပြေအောင်မြင်စေတတ်ပါတယ်။ အလုပ်ကိစ္စအတွက် အစိမ်းရောင်ကို သုံးနိုင်ပြီး ငွေကြေးလာဘ်လာဘ အပေးအယူတွေအတွက် လိမ္မော်ရောင်၊ ရွှေရောင်ကို သုံးသင့်ပါတယ်။ အဝါဖျော့နဲ့ အဖြူတွေကို ရှောင်ပေးပါ။
ဗုဒဟူးနေ့ - ဒီနေ့မှာ ဘယ်နေ့သားသမီးမဆို လိုရာကိစ္စ အောင်မြင်ဖို့အတွက် ရွှေရောင်၊ လိမ္မော်ရောင်တွေကို သုံးပေးသင့်ပါတယ်။ အလုပ်အကိုင်ရေးအတွက် အဝါဖျော့ကို သုံးသင့်ပြီး ငွေကြေးစီးပွားအတွက် အဖြူရောင် သုံးပေးရပါမယ်။ ရှောင်ကျဉ်အပ်တဲ့ အရောင်တွေကိုတော့ အပြာနဲ့ အနီရဲရဲရောင်တွေ ဖြစ်ပါတယ်။
ကြာသပတေးနေ့ - ဒီနေ့မှာ ဘယ်နေ့သားသမီးမဆို အဖြူရောင်နဲ့ ပုလဲရောင်တွေကို အောင်မြင်စေဖို့ သုံးသင့် ဆောင်သင့်ပါတယ်။ အလုပ်ကိစ္စအတွက် အပြာနဲ့ ခရမ်းရောင်တွေကို သုံးသင့်ပြီး ငွေအပေးအယူကိစ္စအတွက် အနီရောင်ကို သုံးသင့်ပါတယ်။ အနက်နဲ့ အစိမ်းရောင်တွေကတော့ အကျိုးမပေးတဲ့ အရောင်တွေ ဖြစ်ပါတယ်။
သောကြာနေ့ - ဒီနေ့မှာ ဘယ်နေ့သားသမီးမဆို အနီရဲရဲအရောင်ကို အောင်မြင်ခြင်းအတွက် သုံးသင့်ပါတယ်။ အနက်နဲ့ အညိုရောင်တွေကို အလုပ်ကိစ္စအတွက် အသုံးပြုသင့်ပြီး အစိမ်းရောင်အမျိုးမျိုးကိုတော့ ငွေကြေးကိစ္စ ငွေပေးငွေယူအတွက် သုံးသင့်ပါတယ်။ လိမ္မော်နဲ့ အဝါဖျော့အရောင်တွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။
စနေနေ့ - ဒီနေမှာ ဘယ်နေ့သားသမီးမဆို လိုရာဆန္ဒပြည့်ဝအောင်မြင်ဖို့ အစိမ်းရောင်ကို အသုံးပြုသင့်ပါတယ်။ လုပ်ငန်းစီးပွားအတွက် အဝါရင့်၊ ရွှေရောင်တွေကို သုံးနိုင်ပြီး ငွေကြေးကိစ္စတွေအတွက်တော့ အဝါဖျော့ရောင်ကို ဆောင်သင့်ပါတယ်။ ရှောင်ရမယ့်အရောင်တွေကတော့ အဖြူနဲ့ အပြာရောင်တွေပဲ ဖြစ်ပါတယ်။
ဖော်ပြပါ နေ့အလိုက် ဆောင်ရန်၊ ရှောင်ရန် အေရောင်တွေဟာ နေ့နံတစ်ခုချင်းနဲ့ ဇာတာတစ်စောင်ချင်းအလိုက် သီးခြားတွက်စစ်ထားတဲ့ အရောင်တွေ မဟုတ်ဘဲ (၇) ရက်တစ်ပတ်လုံးမှာ နေ့စဉ် ဆောင်သင့်တဲ့၊ ရှောင်သင့်တဲ့ အရောင်တွေကို နေ့သားသမီးအားလုံး အလွယ်တကူ သုံးနိုင်အောင် ဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။
နေ့အလိုက် ဆောင်ရ၊ ရှောင်ရမယ့် အရောင်တွေဟာ ကံကောင်းသူကို ကောင်းသည်ထက် ကောင်းလာအောင်၊ ကံညံ့နေသူကို အညံ့ သက်သာအောင် ထိန်းကျောင်းပေးနိုင်လိမ့်မယ်လို့ ဆိုပါရစေ။
ဧက (ဗေဒင်သုတ)
#lotaya_shortstory
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။