
ဗေဒင်ပညာနဲ့ လူ့ကျန်းမာရေးကို တွက်ချက်ဟောကိန်းထုတ်ရာမှာ ဂဏန်းသင်္ချာဗေဒင်နဲ့လည်း လူတစ်ယောက် ခံစားရမယ့် ရောဂါ၊ ဝေဒနာကို ခန့်မှန်းနိုင်တာ တွေ့ရပါတယ်။ အင်္ဂလိပ်လို ကိုယ်မွေးဖွားတဲ့ရက်အလိုက် ဘာ ရောဂါ၊ ဝေဒနာတွေ ခံစားရတတ်သလဲ၊ ဘယ်လို ကြိုတင်သတိပြုအပ်သလဲဆိုတာ ဖော်ပြပေးပါမယ်။
တစ်ဂဏန်းသမား (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်မှာ မွေးဖွားသူများ)
ယေဘုယျဆိုရင်တော့ တစ်ဂဏန်းသမားတွေဟာ ကိုယ်ခံအားကောင်းသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်ကို အရမ်း အပင်ပန်းခံ လုပ်လာပြီဆိုတာနဲ့ ရောဂါဝင်လာတော့တာပါပဲ။ တစ်ဂဏန်းသမားတွေဟာ နှလုံး၊ ဦးခေါင်း၊ အသည်း၊ ကျောရိုးနဲ့ ပတ်သက်တာတွေကို ဂရုစိုက်ရမှာ ဖြစ်ပြီး သွေးတိုးရောဂါကိုလည်း ကြိုကာကွယ်ရပါမယ်။
နှစ်ဂဏန်းသမား (၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်မှာ မွေးဖွားသူများ)
စိတ်ဖိစီးမှု များလာရင် နေထိုင်မကောင်း ဖြစ်လွယ်ပြီး ညစ်ပတ်အေးစက်တဲ့ ပတ်ဝန်းကျင်မျိုးမှာလည်း ဖျားနာဖို့ လွယ်ကူသူတွေ ဖြစ်တယ်။ ရောဂါတွေအနေနဲ့ သွေးအားနည်း၊ ပန်းနာရင်ကြပ်၊ ချောင်းဆိုးဖျားနာနဲ့ မျက်စိပိုင်း ဝေဒနာတွေကို ခံစားရတတ်ပြီး နေထိုင်စားသောက်မှု မမှန်တာနဲ့ ကျန်းမာရေး ချူချာဖို့ လွယ်ကူတတ်ပါတယ်။
သုံးဂဏန်းသမား (၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်မှာ မွေးဖွားသူများ)
အဆီများတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ရမယ့်သူ ဖြစ်ပြီး ရောဂါတွေအနေနဲ့ အသည်း၊ အဆုတ်၊ အရိုးအဆစ်ပိုင်းတွေကို ဂရုစိုက်ရပါမယ်။ ပြီးတော့ အရေပြားပြဿနာ၊ အာရုံကြောစနစ်၊ ဆီးချိုကိစ္စနဲ့ သွက်ချာပါဒ လေဖြန်းရောဂါတွေလည်း ခံစားရတတ်ပါတယ်။ အလွန်အကျွံ အလုပ်လုပ်တာကို လျှော့ရပါမယ်။
လေးဂဏန်းသမား (၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်မှာ မွေးဖွားသူများ)
ကျန်းမာရေး အတက်အကျ မြန်တဲ့သူတွေ ဖြစ်ပြီး စိတ်ထဲ ညိုးငယ်မှုတွေ၊ အဆိုးမြင်မှုတွေ ပြည့်နေတတ်တယ်။ ရောဂါဝေဒနာအနေနဲ့ ဂရုစိုက်ရမှာက အအေးမိဖျားနာတာ၊ အဆုတ်နာ၊ ဝမ်းချုပ်၊ လိပ်ခေါင်းဖြစ်တာ၊ အသားပို အကြိတ်ထွက်တာ၊သွေးအားနည်းတာနဲ့ ကျောက်ကပ် မကောင်းတာမျိုး ဖြစ်တတ်ပြီး အပူအစပ်ရှောင်ရပါမယ်။
ငါးဂဏန်းသမား (၅ ၊ ၁၄ ၊ ၂၃ ရက်မှာ မွေးဖွားသူများ)
ဦးနှောက်အာရုံကြောနဲ့ ပတ်သက်လို့ ဂရုစိုက်ရမယ့်သူတွေ ဖြစ်ပြီး အမြဲတမ်း မရပ်မနား အလုပ် များနေတာနဲ့ ဂဏှာမငြိမ်တာတွေကို သတိပြုရပါမယ်။ အိပ်မပျော်တာ ဖြစ်တတ်သလို စိတ်ကျရောဂါနဲ့ ဆီးချိုရောဂါမျိုးလည်း ဖြစ်တတ်ပါတယ်။ စကားထစ်တာ၊အဖုအကြိတ်ထွက်တာနဲ့ အဆစ်အမြစ်ရောင်တာတွေလည်း ဖြစ်တတ်တယ်။
ခြောက်ဂဏန်းသမား (၆ ၊ ၁၅ ၊ ၂၄ ရက်မှာ မွေးဖွားသူများ)
အစားမက်တာ၊ အကောင်းကြိုက်တာနဲ့ ဇိမ်ခံအပျင်းဆွဲချင်တာတွေကြောင့် ရောဂါဝေဒနာ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် အဆုတ်၊ လည်ချောင်း၊ နှာခေါင်းနဲ့ ဦးခေါင်းပိုင်းတွေအပြင် ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါကိုလည်း ဂရုစိုက်ရပါမယ်။ အမျိုးသမီးဆိုရင် သက်ဆိုင်ရာအမျိုးသမီးရောဂါတွေ ဖြစ်လွယ်တတ်လို့ ကြိုတင်ဂရုစိုက်ပေးပါ။
ခုနှစ်ဂဏန်းသမား (၇ ၊ ၁၆ ၊ ၂၅ ရက်မှာ မွေးဖွားသူများ)
စိတ်ခံစားချက်နဲ့တည်ဆောက်တဲ့ ဒီဂဏန်းသမားဟာ တစ်ကိုယ်တော်နေတာပဲ သင့်ပါတယ်။ လူတွေ အုံလာရင် ဆူညံပွက်လောရိုက်နေရင် မခံနိုင်အောင် ဖြစ်လာပြီး ဝေဒနာခံစားရတတ်ပါတယ်။ ချောင်းဆိုးရင်ကြပ် ၊ ဖျားနာနဲ့ နှာပိတ်၊ အအေးမိတာ၊ မျက်စိမွဲတာတွေနဲ့ အဆုတ်ရောင်၊ အာသီးရောင်၊ ဝမ်းပျက်တာတွေ ဖြစ်ပွားတတ်တယ်။
ရှစ်ဂဏန်းသမား (၈ ၊ ၁၇ ၊ ၂၆ ရက်မှာ မွေးဖွားသူများ)
အစွဲအလန်းကြီးတတ်လို့ အရက် အပါအဝင် မူးယစ်စေတဲ့အရာတွေနဲ့ ခပ်ကင်းကင်း နေသင့်သူတွေ ဖြစ်တယ်။ ချွေတာလွန်းတာ၊ ကပ်စေးနည်းတာလည်း ဆင်ခြင်ရမယ်။ သွေးအားနည်းတာ၊ လေဖြန်းတာ၊ အဆစ်အမြစ်တွေ ရောင်ရမ်းတာ၊ ဝမ်းချုပ်၊ သွားကိုက်တာ၊ နားလေးတာ၊ အသားဝါရောဂါစတဲ့ ဝေဒနာတွေ ဖြစ်ပွားတတ်ပါတယ်။
ကိုးဂဏန်းသမား (၉ ၊ ၁၈ ၊ ၂၇ ရက်မှာ မွေးဖွားသူများ)
အထိမခံရွှေပန်းကန်လို လူမျိုးဖြစ်လို့ ဇွတ်တရွတ် လုပ်တာ၊ စိုးရိမ်ပူပန်လွယ်တာတွေကို ထိန်းချုပ်သင့်ပါတယ်။ ဦးခေါင်း၊ ကျောက်ကပ်၊ ဒူး၊ မျိုးပွားအင်္ဂါ၊ သွေးလှည့်ပတ်မှုပိုင်းမှာ အားနည်းချက် ဖြစ်တတ်ပြီး ခေါင်းကိုက်တာ၊ အဖျားတက်တာ၊ သွေးတိုးတာလည်း ဖြစ်တတ်ပါတယ်။ မတော်ဆထိခိုက်ဒဏ်ရာတွေ ရလွယ်တတ်ပါတယ်။
မွေးရက်ဂဏန်းအားလုံး ကျန်းမာခြင်းလာဘ်လာဘနဲ့ ပြည့်ဝကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။