
နက္ခတ်ဗေဒင်၊ဂဏန်းဗေဒင်စတဲ့ကမ္ဘာသုံးဗေဒင်ပညာတွေနဲ့ဖူးစာဖက်အိမ်ထောင်ဖက်ချင်းပေါင်းဖက်ရာမှာကံကောင်း၊မကောင်းတွက်ချက်ဟောကိန်းထုတ်နိုင်သလိုပဲမြန်မာတွေရဲ့ရိုးရာလက်ဆန်းဗေဒင်ပညာမှာလည်းနှစ်ဦးသားပေါင်းဖက်လို့အဆင်ပြေ၊မပြေ၊ကြီးပွားချမ်းသာကိန်းရှိ၊မရှိကိုတွက်ကိန်းလေးတွေနဲ့အလွယ်တကူတွက်ချက်အဖြေရှာဟောကိန်းထုတ်လို့ရပါတယ်။အခုလိုဝါလကင်းလွတ်လို့ပွင့်လင်းရာသီရောက်လာချိန်မှာနှစ်ကိုယ်တူဘဝထူထောင်ဖို့ရည်ရွယ်ထားသူတွေအတွက်အဲဒီတွက်ကိန်းလေးတွေကိုဖော်ပြလိုက်ပါတယ်။
တွက်နည်း(၁)
ဒီနည်းကနှစ်ဦးသားပေါင်းဖက်ရင်ဘဝမှာချမ်းချမ်းသာသာနေရပါ့မလား၊ခက်ခဲကြမ်းတမ်းတဲ့ဘဝဖြစ်နေမလားဆိုတာတွက်ကြည့်နိုင်တဲ့နည်းလေးပါ။တွက်နည်းကလွယ်ပါတယ်။နှစ်ဦးသားရဲ့မွေးနံနှစ်ခုကိုပေါင်းပါ။ပြီးရင်(၇)နဲ့စားပါ။(၁၊၂၊၅)ကြွင်းရင်တိုးတက်ကြီးပွားကိန်းရှိတယ်၊ချမ်းသာနိုင်တယ်။(၃၊၄၊၆)ကြွင်းရင်တော့သာမန်ဘဝပဲဖြစ်မယ်။လူတန်းစေ့လောက်နေနိုင်လိမ့်မယ်(ဝ)ကြွင်းရင်တော့အဆင်မပြေတဲ့ဘဝမျိုးဖြစ်မယ်၊ခက်ခဲကျပ်တည်းတတ်တယ်လို့အဟောရှိပါတယ်။
ဥပမာတစ်ခုတွက်ပြပါမယ်။ခင်ပွန်းကစနေသား၊ဇနီးကအင်္ဂါသမီးဆိုရင်စနေသားဆိုတော့(၇)၊အင်္ဂါသမီးဆိုတော့(၃)၊(၇+၃=၁၀)၊၇နဲ့စားရင်၃ကြွင်းတယ်။သာမန်လူတန်းစေ့ဘဝမှာပုံမှန်နေထိုင်ရမယ်လို့ဟောကိန်းထွက်ပါတယ်။ဒါဆိုရင်ကျန်တဲ့နေ့သားသမီးတွေလည်းကိုယ့်ဖာသာတွက်ကြည့်နိုင်ပါလိမ့်မယ်။
တွက်နည်း(၂)
ဒုတိယနည်းကတော့ဗေဒင်အသိုင်းအဝိုင်းမှာအသုံးများပါတယ်။နှစ်ဦးသားရဲ့မွေးနံတွေကိုပေါင်းပါ။ပြီးရင်(၅)နဲ့မြှောက်ပြီးရလာတာကို(၇)နဲ့စားပါ။အကြွင်းအလိုက်ဟောကိန်းတွေကတော့…
(၁)ကြွင်းရင်အကျိုးမပေး၊စီးပွားမဖြစ်၊မချမ်းသာနိုင်၊စုမိဆောင်းမိမဖြစ်နိုင်(၂)ကြွင်းရင်ချမ်းသာ၊ကြီးပွား၊တိုးတက်ကိန်းရှိပြီးတွဲဖက်ကောင်းဖြစ်မယ်(၃)ကြွင်းရင်စီးပွားဖြစ်ပေမယ့်ဥစ္စာဓနမမြဲ၊အကုန်အကျများ၊ရလိုက်ကုန်လိုက်ဖြစ်မယ်(၄)ကြွင်းရင်လူတန်းစေ့ထက်ကျော်လွန်၊နာမည်ကြီး၊စီးပွားဖြစ်၊အောင်မြင်မှုရမယ်(၅)ကြွင်းရင်အိမ်ထောင်ရေးကံကောင်းသူဖြစ်ပြီးဘဝပြည့်စုံအေးချမ်းမှုရမယ်(၆)ကြွင်းရင်ကူညီပံ့ပိုးမယ့်အသိုင်းအဝိုင်းရှိပြီးငွေကြေချမ်းသာ၊အမွေရ ၊ထီပေါက်တာမျိုးဖြစ်နိုင်(ဝ)ကြွင်းရင်တော့ပူပန်စရာများ၊ရုန်းကန်ပင်ပန်းရတာများမယ်လို့ဟောကိန်းရှိပါတယ်။
တွက်နည်း(၁)မှာဖော်ပြခဲ့တဲ့စနေသားနဲ့အင်္ဂါသမီးကိုပဲဥပမာယူတွက်ပြရရင်စနေက(၇)အင်္ဂါက(၃)ပေါင်းရင်၁၀၊၁၀ကို၅နဲ့မြှောက်ရင်၅၀ရမယ်။၅၀ကို(၇)နဲ့စားရင်(၁)ကြွင်းမယ်။ဟောကိန်းအရဆိုရင်ဥစ္စာပစ္စည်းမစုဆောင်းနိုင်၊စီးပွားမဖြစ်နိုင်လို့အဟောထွက်ပါတယ်။
ဒီတော့တွက်နည်း(၂)ခုပေါင်းစပ်ကြည့်တဲ့အခါဖော်ပြပါစနေနဲ့အင်္ဂါစုံတွဲဟာကြီးပွားချမ်းသာနိုင်မယ့်ကံအကြောင်းတရားနည်းပါးပြီးသာမန်ဘဝနဲ့လူတန်းစေ့လောက်သာအများဆုံးနေထိုင်နိုင်မယ်၊ဥစ္စာပစ္စည်းစုမိဆောင်းမိဖြစ်တာနည်းမယ်လို့ဆိုရမှာပါ။ရိုးရာဗေဒင်တွက်နည်းလေးတွေဟာရာနှုန်းပြည့်အကုန်လုံးထိမမှန်နိုင်ပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ဗေဒင်ဆရာဆီမသွားနိုင်တဲ့ချစ်သူ၊စုံတွဲတွေအတွက်အလွယ်တွက်ချက်သိနိုင်မယ့်ကိန်းခန်းလေးတွေဖြစ်လို့ဗေဒင်ဗဟုသုတအနေနဲ့တင်ပြလိုက်ရပါတယ်။
ဧက(ဗေဒင်သုတ)
#lotaya_horoscope