
မိသားစုမဟုတ်တဲ့လူစိမ်းနှစ်ယောက်ရဲ့နှလုံးသားချင်းဆက်နွယ်နေတဲ့ဆက်ဆံရေးတစ်ခု Relationship တစ်ခု ရေရှည်တည်တံ့ခိုင်မြဲစေမယ့်အစီအရင်နည်းလမ်းတွေကို ချစ်သူများနေ့ Valentine’s Day အတွက် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းတွေဟာ ချစ်သူဘဝသက်တမ်းကို နှစ်ဦးသားရည်ရွယ်တဲ့ဘဝတစ်ခု ရတဲ့အထိ တည်တံ့စေမှာ ဖြစ်သလို မကြာခဏ ကွဲအက်ထိရှလွယ်တဲ့ချစ်သူစုံတွဲတွေကြားက ပြဿနာမျိုးစုံတွေကိုလည်း ဒီနည်းလမ်းတွေနဲ့ ပြေလည်အေးချမ်းစေမှာ ဖြစ်ပါတယ်။
(၁) ချစ်သူစုံတွဲတွေအနေနဲ့ နှစ်ဦးသား အချိန်ယူတွေ့ဆုံကြဖို့ ချိန်းဆိုတဲ့အခါ လပြည့်နေ့ (သို့မဟုတ်) လပြည့် မတိုင်ခင် ၅ ရက်အလိုနဲ့ လပြည့်ကျော် ၅ ရက်အတွင်းမှာသာ တွေ့ဆုံမယ်ဆိုရင် အချစ်တွေ ခိုင်မြဲရှည်ကြာဖို့ အထောက်အကူ ရမှာ ဖြစ်ပါတယ်။ ပြီးတော့ နေ့ကလည်း တနင်္လာ (သို့) သောကြာ ဖြစ်ရင် ပိုကောင်းပါတယ်။
(၂) ချစ်သူလက်တွဲဖော်ကို အနက်ရောင်လက်ဆောင်ပစ္စည်းနဲ့ အချွန်အတက်ပါတဲ့အရာတွေ မပေးသင့်ပါဘူး။ အဲဒါတွေ မကြာခဏ ပေးဖြစ်တယ်ဆိုရင် ရေရှည်ဆက်ဆံရေးမှာ အထစ်အငေါ့တွေ ရှိတတ်ပါတယ်။ ခဏခဏ လက်ဆောင်ပေးချင်တယ်ဆိုရင်တော့ ပန်းရောင်၊ အနီရောင်၊ အဝါရောင်များတဲ့ လက်ဆောင်တွေ ပေးပေးပါ။
(၃) မိမိအိမ် (သို့) နှစ်ဦးသားနေထိုင်တဲ့ အိမ်၊ အခန်းရဲ့ အနောက်တောင်ထောင့်ဟာ ချစ်ခြင်းတွေ ခိုင်မြဲစေဖို့မှာ အရေးကြီးပါတယ်။ အဲဒီအနောက်တောင်ထောင့်မှာ အမှိုက်သရိုက်တွေ ရှုပ်နေတာ၊ မသုံးတဲ့ပစ္စည်းဟောင်းတွေ စုနေတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒီထောင့်ကို သန့်ရှင်းသပ်ရပ်စေပြီး မီးလင်းနေအောင် ထွန်းပေးသင့်ပါတယ်။
(၄) ဒါကတော့ မြန်မာ့ရိုးရာဗေဒင်ပညာနည်းတစ်ခုပါ။ ချစ်သူစုံတွဲကြား မကြာခဏ ကတောက်ကဆတ်တွေ ဖြစ်ပြီး ပြတ်စဲမလို၊ လမ်းခွဲတော့မလို အခြေအနေအထိ ဆိုးရွားလာပြီဆိုရင်တော့ ဒီယတြာနည်းလေးကို သုံးကြည့်ပါ။ ယတြာနည်းက လွယ်ပါတယ်။ နှစ်ဦးကြား အဖုအထစ်လေးတွေ ဖြစ်လာရင် ဆောင်ရွက်သင့်ပါတယ်။
ဥပမာ ကိုယ်က တနင်္ဂနွေသားသမီး ဆိုရင် ဖော်ပြပါဇယားအတိုင်း တနင်္လာနေ့ မနက်ပိုင်း နေထွက်ပြီး ၁ နာရီ အတွင်း အိမ်ကဘုရားမှာ သောကြာနံ ပန်း၊ အညွန့် (သို့) ဆွမ်းတစ်ပွဲကို ဘုရားမှာ ကပ်လှူပြီး မိမိမေတ္တာရေးရာ အဆင်ပြေအေးချမ်းစေဖို့ ဆုတောင်းရမှာ ဖြစ်ပါတယ်။ ဘုရားမှာ လှူဒါန်းတဲ့အခါ မိမိချစ်သူရဲ့မွေးနံသင့်တဲ့ ပန်း၊ အညွန့်တွေကိုပါ တပါတည်း ပေါင်းလှူရင် ပိုထိရောက်ပါတယ်။
ဥပမာ တနင်္ဂနွေသားက အထက်ပါအတိုင်း ယတြာချေမယ်၊ ချစ်သူရဲ့နေ့နံက စနေဖြစ်တယ်ဆိုရင် စနေနံဖြစ်တဲ့ ထန်းညွန့် (သို့) ဒန်းညွန့်တွေကိုလည်း (အရေအတွက် မလိုဘဲ) ထည့်လှူနိုင်ပါတယ်။ မွေးနံသင့် ပန်း/အညွန့် ဆိုတာက လွယ်ပါတယ်။ တနင်္ဂနွေသားဆို အုန်း၊ တနင်္လာဆို ကံ့ကော်၊ အင်္ဂါဆို ဇီး စသဖြင့် ကောက်ယူသွားရုံပဲ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်နဲ့ နီးစပ်အဆင်ပြေရာ ပန်း၊ အညွန့်တွေကို လှူဒါန်းနိုင်ပါတယ်။
အောက်မှာ ဇယားနဲ့ သေချာရှင်းပြထားပါတယ် ၊ ပန်းအညွန့်အခက်တွေ ဘုရားမှာ လှူဒါန်းတဲ့အခါ အားလုံးကို စုပေါင်းပြီးတော့လည်း တပေါင်းတစည်းတည်း လှူဒါန်းနိုင်ပါတယ်။

Relationship တိုင်း နှစ်ပေါင်းများစွာအထိ တည်တံ့ခိုင်မြဲနိုင်ကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope