
မြန်မာ့ရိုးရာဗေဒင်ပညာမှာ ရက်ရာဇာဆိုတာကို လူသိများပေမယ့် အမြိတ္တစုတ်ရက်ကိုတော့ လူသိနည်းပါတယ်။ အမြိတ္တစုတ်ဆိုတာ ရက်ရာဇာလိုပဲ ကြံစည်ဆောင်ရွက်သမျှ အလုပ်တွေကို အောင်မြင်ပြီးစီးစေတတ်တဲ့ရက်မျိုး ဖြစ်ပါတယ်။ အဌသာခါဗေဒင်ကျမ်းမှာဆိုရင် …
“အမြိတ္တစုတ်ရက်ကို ပြုသောအမှုသည် အောင်မြင်၏ လာဘ်လည်း ရ၏ အပြီးအစီး တိုင်၏ နတ်တို့ကလည်း ချီးမွမ်းကုန်၏ ခပ်သိမ်းသော အနာတို့သည် ပျောက်ကုန်၏” ဆိုပြီးတော့ ဖွင့်ဆို ရှင်းပြခဲ့ပါတယ်။
ဒါကြောင့် လောကီပညာရှင်တချို့က အမြိတ္တစုတ်ရက်ကို ရက်ရာဇာထက်တောင် သာလွန်မွန်မြတ်ပြီး အညံ့တွေ အားလုံး ဖြေဖျောက် လွင့်စင်စေနိုင်တဲ့ ရက်ကောင်းရက်မြတ်အဖြစ် သတ်မှတ်ထားကြပါတယ်။
အမြိတ္တစုတ်ရက်က သိပ်ကောင်းမှန်းတော့ သိပါပြီ၊ အမြိတ္တစုတ်ရက်ကို ဘယ်လို ရွေးချယ်တွက်ယူရလဲဆိုတာ ကြည့်ရအောင် … ရှေးတုန်းက ဗေဒင်ပညာရှင်တွေက
“ဧက ပူး၊၂ ဆင်၊ ၃တွင် ကျားထား၊ ၄ရက်ကားကြွက်၊ ၅ရက်နဂါး၊ သတ်မှာအင်္ဂါ၊ အဋ္ဌဂဠုန်၊ ဆန်းဆုတ်ကြုံ၊ မှတ်ကုန်အမြိတ္တ။ အမြိတ္တရက်များ၊တွေ့ကြုံငြား၊ကောင်းစား ထိတ်ခေါင်ကျ။ တိုးပွားအလီလီ၊ ဖေဇော်ဂျီ ၊မသည့် ကိန်းပေပ”လို့ လင်္ကာဖွဲ့ဆို ရည်ညွှန်းခဲ့တာ တွေ့ရပါတယ်။ ပြီးတော့..
“ဂဠုန် အဋ္ဌ၊ ဗျဂ္ဃ တြိန်း၊ တွက်ကိန်းမရွေ့၊ ခြင်္သေ့ သတ္တာ၊ ဆင်မှာ နှစ်ရက်၊ လေးရက်မှာ တုံ၊ ကြွက်မင်းကြုံမှ၊ ဆိုတုံမခြား၊ တရက်ကားပူး၊ ရန်ညွန့်ခူးတည်း၊ အထူးရေနတ်၊ ငါးရက်မှတ်သည်၊ဗြို့ဟစ်ဗေဒင်ကျမ်းလာတည်း” လို့လည်း တခြားဗေဒင်လင်္ကာတစ်ခုမှာ ဖွဲ့ဆိုထားပါတယ်။
အထက်ပါလင်္ကာတွေကို အနက်ဖော်ကြည့်ရင် အောက်ပါအတိုင်း အမြိတ္တစုတ်ရက်ကို သိနိုင်ပါတယ်။
လဆန်း၁ / လဆုတ်၁ - သောကြာနေ့
လဆန်း၂ / လဆုတ်၂ - ဗုဒ္ဓဟူးနေ့
လဆန်း၃ / လဆုတ်၃ - တနင်္လာနေ့
လဆန်း၄ / လဆုတ်၄ - ကြာသပတေးနေ့
လဆန်း၅ / လဆုတ်၅ - စနေနေ့
လဆန်း၇ / လဆုတ်၇ - အင်္ဂါနေ့
လဆန်း ၈ / လဆုတ်၈ - တနင်္ဂနွေနေ့
ဥပမာ - လဆန်း ၈ (သို့မဟုတ်) လဆုတ် ၈ ရက်ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်မယ်ဆိုရင် အဲဒီနေ့ဟာ အမြိတ္တ စုတ်ရက်ဖြစ်ပါတယ်။ ကျန်တဲ့ရက်တွေကိုလည်း ဒီအတိုင်း တွက်ယူသိနိုင်ပါတယ်။
အခု မတ်လထဲမှာ ကြည့်ရင် တပေါင်းလဆန်း ၇ ရက်ဟာ အင်္ဂါနေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် အမြိတ္တစုတ်ရက် ဖြစ်ပါတယ်။ ပြက္ခဒိန်မှာ ပြဿဒါးရက် ဖြစ်ပေမယ့် အမြိတ္တစုတ်ရက်လည်း ဖြစ်နေလို့ ပြဿဒါးရဲ့အခိုက်ဓာတ်ကို ချေဖျက်သွားနိုင်ပြီး အကြံအစည်၊ အမှုကိစ္စများအတွက် အဆောင်အရွက်ပြုနိုင်တဲ့ရက် ဖြစ်လာပါတယ်။
အမြိတ္တစုတ်ရက်တွေမှာ ကိုယ့်အတွက် ကောင်းကျိုးမင်္ဂလာဖြစ်စေမယ့် ယတြာအစီအရင်တွေ ဆောင်ရွက်နိုင်ပြီး အဓိဌာန်၊ ကျင့်စဉ်တွေကိုလည်း စဝင်မယ်ဆိုရင်လည်း ထူးခြားတဲ့ရလဒ်ကောင်းတွေ ပေါ်ထွက်လာမှာဖြစ်တယ် လို့ ရှေးဗေဒင်ပညာရှင်များက အမှာ ရှိခဲ့ပါတယ်။ ရက်ကောင်းရက်မြတ်တစ်ခု ဖြစ်လို့ မိမိလိုရာအကျိုးစီးပွား ပြီးမြောက်အောင်မြင်စေဖို့ရာ ရွေးချယ်အသုံးပြုနိုင်ကြပါစေသော် ..
ဧက (ဗေဒင်သုတ)
#lotaya_horoscope