
အရှေ့တိုင်း (အိန္ဒိယ) နက္ခတ်ဗေဒင်အရ ကောဇာအင်္ဂါဂြိုဟ်ဟာ သူပိုင်ဆိုင်တဲ့မိဿရာသီခွင်ကို ဇွန် ၂၇ ရက်မှာ ကူးပြောင်းပြီး မိဿရာသီမှာ အရင်ကြိုရှိနေတဲ့ ရာဟုဂြိုဟ်နဲ့ တစ်ရာသီတည်းမှာ ပူးယှဉ်ရပ်တည်ပါတော့မယ်။
ဘယ်တော့ ၊ ဘာတွေ ဖြစ်လာနိုင်လဲ
အခုလို အင်္ဂါနဲ့ရာဟု ဆိုတဲ့ပါပဂြိုဟ် (၂) လုံးပူးယှဉ်တာကို နက္ခတ်ဗေဒင်အရ အန်ဂါရာကယုဂ်အဖြစ် ခေါ်ဝေါ်ပြီး ဒီယုဂ် ဖြစ်ပွားချိန် ဇွန်လ ၂၇ ရက်နေ့ကနေ သြဂုတ်လ ၁၀ ရက်နေ့အထိ ကမ္ဘာကြီးမှာရော လူတစ်ဦးချင်းစီမှာပါ ရိုက်ခတ်မှုတွေ မျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။
တစ်ပူပေါ် နှစ်ပူဆင့်တာကတော့ အင်္ဂါ၊ရာဟု ဂြိုဟ်ပူးဖြစ်စဉ်ကို ကုမ်ရာသီမှာ နောက်ပြန်သွားနေတဲ့ စနေကပါ အမြင်ဆက်သွယ်ချက် ရှိနေမှာဖြစ်လို့ ဖော်ပြပါ တစ်လခွဲနီးပါးကာလမှာ အစစအရာရာ သတိထားနေထိုင်ကြဖို့ လိုမှာ ဖြစ်ကြောင်း နက္ခတ်ဗေဒင်ပညာရှင်တွေက သတိပေးထားတာ ရှိပါတယ်။
နက္ခတ်ဗေဒင်မှာ အင်္ဂါ၊ရာဟု ဂြိုဟ်တွဲကို မုန်ယိုနေတဲ့ဆင်တစ်ကောင်လို တင်စားကြပြီး စစ်မက် ကိုယ်စားပြုတဲ့ အင်္ဂါနဲ့ မီးလောင်ရာလေပင့်မယ့် ရာဟုတို့ ပေါင်းစုံမှုအပြင် စနေရဲ့ဆက်သွယ်မှုတွေကြောင့် သဘာဝဘေးဆိုးနဲ့ ငလျင်တွေ၊ စစ်ပွဲပဋိပက္ခတွေ၊ ရုတ်တရက် ကျရောက်တဲ့ဘေးအန္တရာယ်တွေကို သတိထားရမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာ အင်အားအကြီးဆုံး ပါပဂြိုဟ်စနေဟာ အသွားမမှန် ဖြစ်နေတာကြောင့် နူရာဝဲစွဲသလို ၊ လဲရာ သူခိုးထောင်းသလို နှစ်ထပ်ကွမ်း အထိနာခြင်းတွေကို ဖြစ်ပွားလာစေနိုင်ပါတယ်။
ဒါကတော့ ကမ္ဘာကြီးအတွက် ယေဘုယျကျတဲ့ဟောကိန်းမျိုး ဖြစ်ပြီး နိုင်ငံတွေရဲ့မူလဇာတာရပ်တည်ပုံတွေအရ ဖော်ပြပါအကျိုးသက်ရောက်မှုက အနည်း၊ အများ ကွာဟသွားမှာပါ။
ဘာတွေ သတိထားရမလဲ ၊ ဘယ်လိုကာကွယ်ရမလဲ
မီး၊ လျှပ်စစ်၊ ဓာတ်ငွေ့ စတဲ့ပေါက်ကွဲလောင်ကျွမ်းစေတဲ့အရာတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့လုပ်ကိုင်နေရသူတွေ ၊ လက်နက်၊ စက်မှုကိရိယာ စတာတွေနဲ့ ပတ်သက်ကိုင်တွယ်နေရသူတွေအနေနဲ့ တခြားသူတွေထက် ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်။ ရုတ်တရက် စက်တွေ ပျက်ကုန်တာ၊ မတော်တဆမှု ဖြစ်တာတွေ ပိုများလာနိုင်ပါတယ်။
နဂိုဗီဇအရ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်သူတွေ၊ ထစ်ခနဲရှိ ပေါက်ကွဲတတ်သူတွေ ဖော်ပြပါကာလအတွင်းမှာ ကိုယ့်စိတ်ကို ပိုထိန်းချုပ်ရပါမယ်။ သည်းခံစိတ်ကို ကျင့်ယူသင့်ပါတယ်။ မဟုတ်ရင် ပြဿနာ မီးပွားလေးကနေ အားလုံး လောင်ကျွမ်းတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ စိတ်ထိန်းနိုင်လေ ကောင်းလေပါပဲ။
အခုလို ပါပဂြိုဟ်တွဲတွေ ပူးယှဉ်ဆက်စပ်လာချိန်မှာ မိမိတို့ ရွတ်ဖတ်ပွားများ ပူဇော်နေကျ အန္တရာယ်ကင်းပရိတ်၊ ပဋ္ဌာန်း၊ ဂါထာတော်များကို အဓိဌာန်တစ်ခု တင်ပြီး ခါတိုင်းထက် အားထုတ်ကြဖို့ကိုလည်း ဆော်သြချင်ပါတယ်။
မိမိအနေနဲ့ကတော့ ဘေးဆိုးကပ်ဆိုးတွေ နိမိတ်ပြလာပြီဆိုရင် ရှင်သူငယ်ပရိတ် (ခေါ်) သိရသ္မိ ံ ဂါထာတော်ကို သက်စေ့ထက် တစ်ခေါက်ပို ရွတ်ဖတ်ဖို့ အကြံပြုလိုပါတယ်။ သိရသ္မိံ ဂါထာတော် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
သိရသ္မိံ ဂါထာတော်
သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော ၊ သာရိပုတ္တော စ ဒက္ခိဏေ ။
ဝါမအံသေ မောဂ္ဂလ္လာနော ၊ ပုရတော ပိဋကတ္တယံ ။
ပစ္ဆိမေ မမ အာနန္ဒော ၊ စတုဒ္ဒိသာ ခီဏာသဝါ ။
သမန္တာ လောကပါလာစ ၊ ဣန္ဒာဒေဝါ သ ဗြဟ္မကာ ။
ဧတေသံ အာနု ဘာဝေန ၊ သဗ္ဗေဘယာ ဥပဒ္ဒဝါ ။
အနေက အန္တရာယာပိ ၊ ဝိနဿန္တု အသေသတော ။
လူသားအားလုံး ဘေးဥပဒ်အန္တရာယ်အပေါင်းကနေ ကင်းလွတ် ချမ်းသာရကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope