ငလျင် နိမိတ်နဲ့ ငလျင်ကာဂါထာတော်
lotaya.mpt.com.mm
|
2022-07-20

တကယ်တော့ နည်းပညာတွေ ထွန်းကားလှပါတယ် ဆိုတဲ့ ဒီကနေ့ မျက်မှောက်ခေတ်ကာလမှာတောင် ငလျင် ဘယ်တော့၊ ဘယ်နေရာ လှုပ်ခတ်မယ် ဆိုတာ ကြိုတင် မသိနိုင်ဘဲ အရင် လှုပ်ခဲ့ဖူးတဲ့ သမိုင်းဖြစ်ရပ်တွေနဲ့သာ ပြန်တိုင်းတာ တွက်ချက် ခန့်မှန်းတာမျိုးပဲ လုပ်နိုင်ကြပါတယ်။

ဗေဒင်ပညာမှာတော့ မြန်မာ့ရိုးရာနည်းနဲ့ရော နက္ခတ်နည်းနဲ့ရော ငလျင်ကို ကြိုတင်ဟောပြော ခန့်မှန်းတာတွေ ရှိပါတယ်။ ဥပမာ နေကြတ်လကြတ်တွေ ဖြစ်ပြီး မကြာခင်မှာ ငလျင်ကြီးတွေ လှုပ်တတ်တယ်၊ ဒါမှမဟုတ် အင်္ဂါ ၊ စနေ၊ ကြာသပတေး စတဲ့အင်အားကြီးဂြိုဟ်တွေ အသွားမမှန်တဲ့အခါ ငလျင်ကြီးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အဆို ရှိပါတယ်။ တခြားဗေဒင်ဥပဒေတွေလည်း အများကြီး ရှိပါသေးတယ်။

သာမန်လူတွေအဖို့တော့ အောက်ဖော်ပြပါ နိမိတ်တွေကို သတိထား စောင့်ကြည့်ပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ ငလျင်တွေအတွက် ကြိုတင်ပြင်ဆင် သတိပြုနိုင်ပါလိမ့်မယ်။

နိုင်ငံတကာက လေ့လာဆန်းစစ်ချက်တွေအရ သိသာထင်ရှားတဲ့ငလျင်ကြီးတွေ မလှုပ်ခင်မှာ…

(၁) ငလျင်အလင်းရောင်လို့ ဆိုရမယ့် အပြာရောင်အလင်းလေးတွေ မြေကြီးထဲကနေ အပေါ်ဘက်ကို လျှပ်စီး လက်သလို ထွက်လာတတ်ပါတယ်။ ငလျင် မလှုပ်ခင် မိနစ်ပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်းမှာ အလင်းရောင် ကြိုမြင်ရတတ်တယ်လို့ ဆိုပါတယ်။

(၂) အိမ်မွေးတိရစ္ဆာန်လေး (ခွေး၊ ကြောင်) တွေ ဆောက်တည်ရာ မရသလို ပျာယာခတ်လှုပ်ရှားတတ်ပါတယ်။ အလှမွေးငါးကန်ထဲမှာ ငါးတွေ ဂဏှာမငြိမ်တော့ဘဲ ဖြစ်လာတတ်ပါတယ်။ တွင်းအောင်းသတ္တဝါတွေ အပြင်ကို အုံလိုက်ကျင်းလိုက် ထွက်လာတတ်ပါတယ်။ တိရစ္ဆာန်တွေ မူမမှန်ဘဲ ဖြစ်လာတတ်ပါတယ်။

(၃) ဧရာမငလျင်ကြီးတွေ မလှုပ်ခင်မှာ အငယ်စားငလျင်လေးတွေ ကြိုလှုပ်တတ်လို့ ဒီအချက်ကိုလည်း ထည့်ပြီး စဉ်းစားရပါမယ်။ တချို့ကတော့ ငလျင်ငယ်တွေ ဆက်တိုက်လာပြီးရင် ငလျင်ကြီးရဲ့အင်အား ပျော့သွားတတ်လို့ စိတ်မပူရတော့ဘူးလို့လည်း ယူဆကြပါတယ်။

(၄) ကောင်းကင်က တိမ်တွေရဲ့ပုံသဏ္ဍာန်နဲ့ ရွေ့လျားမှုအနေအထားတွေကလည်း ငလျင်ကို ကြိုတင်ပြီးတော့ ခန့်မှန်းရာမှာ အရေးပါပါတယ်။ တိမ်တွေရဲ့သဏ္ဍာန်က ထူးခြားနေပြီး မီးပုံးပုံစံ၊ မြွေနဂါးပုံစံတွေလို ပြတတ်တယ်  လို့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ဒီတော့ တိမ်ပုံစံကိုလည်း သတိမူရပါမယ်။

ငလျင်ကို ကြိုတင်မမှန်းနိုင်ကြပေမယ့်  ငလျင်ဘေးဒဏ်ကို ကာကွယ်နိုင်တဲ့ဂါထာတစ်ပုဒ်ကတော့ လူသိထင်ရှား ရှိနေပါတယ်။ ဒီဂါထာဟာ မုံရွာ၊ မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ရဲ့ဗဟိုမဏ္ဍိုင်က ဂါထာတော်ဖြစ်တယ်လို့ သိရပြီး ငလျင်ကာဂါထာအဖြစ်နဲ့ လူသိများထင်ရှားတဲ့ဂါထာတော် ဖြစ်ပါတယ်။ ဒီဂါထာကို နေ့စဉ် ရွတ်ဖတ်ပူဇော်ပြီး မိမိ နေအိမ်၊ တိုက်တာရဲ့ခေါင်းရင်းဘက်မှာလည်း မိတ္တူဆွဲ ကပ်ထားသင့်ပါတယ်။

ငလျင်ကာဂါထာတော်

ယောဒေတိ ဒေဝ ဒေဝေါဂ္ဂံ၊

ဓမ္မ မဂ္ဂဖလံ ဒဒေါ။

နမာမိ တံ အရဟံ မဂ္ဂံ

နောသော ပါလေတု ပါတုရဟော။

ဘေးရန်ကင်းကွာ ချမ်းသာနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#အင်္ဂါ
#ကြာသပတေး
#ဂါထာ
#ငလျင်

Some text some message..