အန္တရာယ်မရှိ ၊ ဘေးမထိလိုသူများအတွက်
lotaya.mpt.com.mm
|
2022-08-03

ဒီနေ့ခေတ်အခါလိုမျိုး သဘာဝဘေးတွေ၊ လူ့ပယောဂကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေ ပေါများလွန်းတဲ့ကာလမှာ အန္တရာယ်ကင်း ဘေးရှင်းရအောင်လို့ မြတ်စွာဘုရားရှင် ၊ ဘုရားလောင်းဘဝက အန္တရာယ်တစ်စုံတစ်ရာတောင် မကျရောက်ခဲ့တဲ့ ဘဝဖြစ်တော်စဉ်ပေါင်း ၁၃၆ ခုကို ရည်ညွှန်းဖွဲ့သီတဲ့ ဂါထာတစ်ပုဒ် မျှဝေပေးချင်ပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး  လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရာမှာ မရေတွက်နိုင်တဲ့ဘဝများစွာကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီဘဝပေါင်းများစွာမှာ ဘေးအန္တရာယ်အသွယ်သွယ်ကနေ ကင်းလွတ်ခဲ့တဲ့ဘဝပေါင်းက ၁၃၆ ခုသာ ရှိခဲ့တဲ့အတွက် ဗုဒ္ဓမြတ်စွာရဲ့အဲဒီဖြစ်တော်ပေါင်းကို ဂါထာတစ်ပုဒ်လို ဖွဲ့ပြီး ရွတ်ပွားပူဇော်နိုင်ဖို့ ရှေးသူတော်ကောင်းတွေ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့တာ ဖြစ်ပါတယ်။

ဘုရားလောင်းဘဝက အန္တရာယ်တစ်စုံတစ်ရာ မကျရောက်ခဲ့တဲ့ ဘဝပေါင်း ၁၃၆ ခုကတော့ …

ကြိုးကြာ- (၁၆)ဘဝ ၊ ဟင်္သာ-(၉)ဘဝ ၊ ခို-(၆)ဘဝ ၊ ကျေးညို-(၃)ဘဝ ၊ ကရဝိတ်-(၅)ဘဝ ၊ ကိန္ဒရီ-(၄)ဘဝ ၊ စာမရီ-(၁၅)ဘဝ ၊ မျောက်-(၁၀)ဘဝ ၊ ဆင်-(၁၁)ဘဝ ၊ နွား-(၁၄)ဘဝ ၊ မြင်း-(၁)ဘဝ ၊ ကျွဲ-(၈)ဘဝ ၊ ဥဒေါင်း-(၂)ဘဝ ၊ သာလိကာ-(၇)ဘဝ ၊ ကြက်-(၁၂)ဘဝ ၊ ဝက်-(၁၃)ဘဝ ဖြစ်ပြီး အားလုံးပေါင်းကြည့်လိုက်ရင် ၁၃၆ ဘဝ ရပါတယ်။

အဲဒီလို အန္တရာယ်တစ်စိ ဘေးမရှိခဲ့တဲ့ ဘဝဖြစ်တော်ပေါင်း ၁၃၆ ခုကိုပဲ အောက်ပါအတိုင်း ဂါထာသီကုံးဖွဲ့ဆိုပြီး ရှေးသူတော်ကောင်းကြီးများက ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ကိုယ်တိုင်လည်း လိုက်ရွတ်ကြည့်နိုင်ပါတယ်။      


MPT IPTV သို့သွားရန်နှိပ်ပါ ဖြစ်တော်ပေါင်းဂါထာ (သို့) အဘယဇာတကအန္တရာယ်ကင်းဘုရားရှိခိုး

“အစကြိုးကြာ - ဆယ့်ခြောက်ခါတည့် ဟင်္သာကိုးဖြစ် ခြောက်ဖြစ်ကားခို

ကျေးညို သုံးခါ သံသာကျူးဟိတ် ကရဝိတ်ငါး လေးပါးကိန္နရီ စာမရီဆယ့်ငါး

မျောက်ကားတစ်ဆယ် ဆင်ဝယ်ဆယ့်တစ် နွားဖြစ်ဆယ့်လေး

ဧက သိန္ဓဝ၊ ကျွဲအဋ္ဌနှင့် သံမြသံညောင်း ဥဒေါင်းနှစ်ခါ

သာလိကာသတ္တ ဒွါဒသကြက် ဝက်ကားဆယ့်သုံး ပေါင်းရုံးများစွာ

တစ်ရာ့သုံးဆယ် ခြောက်ဖြစ်ဝယ်၌ ၊ အန္တရာယ်တစ်စိ  ဘေးမရှိသည့် ၊

မုနိမြတ်လောင်း ၊ ဖြစ်တော်ပေါင်းကို ၊ ညွတ်ပျောင်းတုပ်ကွ ပဏာမဖြင့် ၊ ကြည်စွသဒ္ဓါ၊ ရှိခိုးပါ၏ အရှင်ဘုရား”

အထက်ပါ ဂါထာတော်ကို နေ့စဉ် (၇) ခေါက်၊ (၉) ခေါက် အစရှိသဖြင့် မိမိတို့ တတ်စွမ်းသလောက် ယုံကြည်စွာ ပုံမှန် ရွတ်ဖတ်ပူဇော်နိုင်မယ်ဆိုရင် ဘေးအန္တရာယ်အမျိုးမျိုးတို့ကနေ သက်သာလွတ်ကင်းနိုင်ကြပါလိမ့်မယ်။

မြန်မာ့ရိုးရာလောကီပညာရှင်တွေကတော့ မြတ်စွာဘုရားရဲ့ဒီဖြစ်တော်ပေါင်းဘဝတွေကိုပဲ အင်းဆံဂဏန်းအဖြစ် (၁၆) ကွက် သွတ်သွင်းပြီး “အဘယဇာတကအင်း” အဖြစ် စီရင်ခဲ့ကြပါတယ်။ အင်းတော်ရဲ့ထူးခြားချက်ကတော့ အပေါ်အောက်ပဲ ပေါင်းပေါင်း၊ ဒေါင့်ဖြတ်ပဲပေါင်းပေါင်း အားလုံးပေါင်းခြင်း ၃၄ ဂဏန်း ရရှိနေတာပဲ ဖြစ်ပါတယ်။

အဘယဇာတကအင်းတော်ကို မိမိတို့ အိမ်၊တိုက်ခန်း ၊ဆိုင်စတဲ့နေရာတွေက မြင့်မြတ်တဲ့ဘုရားကျောင်းဆောင် (သို့) အမြင့်တစ်နေရာမှာ အဆောင်ပြုထားရင် ဂါထာတော်ကိုလည်း အမြဲ ရွတ်ဖတ်ပူဇော်နေရင် မကောင်းတဲ့ ဘေးဆိုး၊အန္တရာယ်ဆိုးတွေကို ကြိုတင်ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။ မြန်မာ့လောကီပညာဗဟုသုတအနေနဲ့ အဘယဇာတကအင်း နမူနာပုံစံကိုလည်း ဗဟုသုတအနေနဲ့ တပါတည်း ပြသပေးလိုက်ပါတယ်။


အားလုံ ဘေးရန်ကင်းကွာ ချမ်းသာရကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#သဘာဝ
#အန္တရာယ်
#တိုက်ခန်း
#မြတ်စွာဘုရား

Some text some message..