
ဖူးစာရှင် (သို့မဟုတ်) ဘဝတစ်သက်တာ လက်တွဲပေါင်းဖက်ရမယ့်သူ ဘယ်သူဘယ်ဝါ ဖြစ်လာမလဲ ဆိုတာကို အဖြေရှာဖို့ ဗေဒင်ပညာမှာ နည်းနာပေါင်းများစွာ ရှိပါတယ်။ ဒီထဲကမှ လူအများ နားလည်လွယ်ပြီး ကိုယ်တိုင်ပါ တွက်ကြည့်နိုင်မယ့် မြန်မာ့ဗေဒင်တွက်ကိန်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဖူးစာရှင် ဘယ်သူလဲ အဖြေရှာရမှာ မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားပြီး ဘာအကြွင်းရသလဲ ကြည့်ပါ။ အကြွင်းအလိုက် မေတ္တာရေးကံဇာတာကို ယေဘုယျ သိနိုင်ပါတယ်။ မြန်မာမွေးနှစ်ကို (၇) နဲ့ စားလို့….
(၁) ကြွင်းရင် နီးတကျက်ကျက် အိမ်ထောင်မျိုး ဖြစ်တတ်တယ်။ အတူနေခွင့် သိပ်မရဘဲ တစ်ယောက်တစ်နေရာ ဖြစ်နေတတ်တယ်။ အတူနေရင် ဆူပူတတ်တယ်။ အဆင့်အတန်းချင်း သိပ်မကွာသူတွေ ဆုံဆည်းရတတ်တယ်။
(၂) ကြွင်းရင် အတူပေါင်းဖက်ပြီးနောက် တိုးတက်ကြီးပွားလာနိုင်တယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားလာပြီး ကံတွေ ကောင်းလာတတ်တယ်။ အမျိုးသားက ဇနီးကောင်း ရပေမယ့် အမျိုးသမီးက ကိုယ့်အားကိုယ်ကိုးရမယ်။
(၃) ကြွင်းရင် အားကိုးအားထားရတဲ့ အိမ်ထောင်ရှင်ဘ၀ ရမယ်။ ရာထူးဂုဏ် ကြီးမားမယ်။ ချမ်းသာခွင့် ရရှိမယ်။ မရည်ရွယ်တာတွေလည်း ဖြစ်တတ်တယ်။ အမျိုးသားရော အမျိုးသမီးပါ အဆင့်အတန်းချင်း မကွာဘဲ ဖြစ်မယ်။
(၄) ကြွင်းရင် အိမ်ထောင်ဖက်ရဲ့ အရှိန်အဝါ ကြီးမားမယ်။ စောင့်ရှောက်ကူညီပေးတတ်သလို ဆူပူခံရတာလည်း ဖြစ်တတ်တယ်။ စိုးရိမ်မကင်း ဖြစ်မယ်။ ကျားရောမပါ အဆင့်အတန်းချင်းသိပ်မကွာဘဲ တန်းတူ ဖြစ်တတ်တယ်။
(၅) ကြွင်းရင် အိမ်ထောင်ရေးသောကတွေ အမြဲ ခံစားရတတ်တယ်။ အတူတူ ကြာကြာနေရင် အဆင်မပြေဘဲ ခွဲခွာနေမှသာ ကောင်းမယ်။ ကျန်းမာရေး ညံ့တတ်တယ်။ အိမ်ထောင်ဖက် အဆင့်ချင်း မတူဘဲ ကွာဟနိုင်တယ်။
(၆) ကြွင်းရင် အိမ်ထောင်ကျစမှာ သိပ် မထူးခြားပေမယ့် အိမ်ထောင်သက် ကြာလေ အဆင်ပြေလေ ဖြစ်မယ်။ လက်ထပ်ပြီး ကြီးပွားမယ်။ အမျိုးသားက အဆင့်မတူတဲ့ဇနီး ရတတ်ပြီး အမျိုးသမီးက အားကိုးရသူနဲ့ ဆုံမယ်။
(ဝ) ကြွင်းရင် အိမ်ထောင်ရေးမှာ အထစ်အငေါ့၊ အနှောင့်အယှက်တွေ များတတ်တယ်။ စိတ်ရှုပ်စရာ များမယ်။ အမျိုးသားဆိုရင် အဆင့်အတန်း မြင့်မားတဲ့ ဇနီးမျိုး ရတတ်ပေမယ့် အမျိုးသမီးက အားမကိုးရသူနဲ့ ဆုံနိုင်တယ်။
ဥပမာတစ်ခု တွက်ပြပါမယ်။ ကိုယ့်ရဲ့ မြန်မာမွေးနှစ်က ၁၃၆၃ ခုနှစ် ဆိုပါစို့။ (၇) နဲ့စားရင် ၅ - ကြွင်းပါမယ်။ ဒါဆို ၅ ကြွင်းအဟောရဲ့ ဖူးစာဖက်အိမ်ထောင်ရေးကံဇာတာကို ဖတ်ကြည့်ရုံပါပဲ။ ယေဘုယျအဟော ဖြစ်လို့ တရားသေ မှတ်ယူလို့ မရဘူးဆိုတာ သတိပြုပါ။ မိမိ မွေးနှစ်အလိုက် ယေဘုယျ ဖူးစာဖက်ကံဇာတာကို အကြမ်းဖျဉ်းတော့ သိရပါပြီ။ လက်ရှိတွဲနေသူ၊ ရည်ရွယ်ထားတဲ့ ချစ်ရသူနဲ့ ဘယ်တော့ ပေါင်းဖက်ရနိုင်မလဲ သိချင်ရင်တော့..
ရောက်ဆဲအသက်ရယ်၊ ကိုယ့်မွေးနံရယ်၊ ချစ်သူရဲ့ မွေးနံရယ် အားလုံးကို ပေါင်းပါ။ ပြီးရင် (၈) နဲ့စားလိုက်ပါ။
အကြွင်းက ၁ ၊ ၃ ၊ ၅ ၊ ၀ တစ်ခုခု ရမယ်ဆိုရင် အိမ်ထောင် မကျနိုင်သေးပါဘူး။ နှစ်ဦးသား စီစဉ်ထားသမျှတွေ နောက်ဆုတ်ရတတ်ပါတယ်။ လက်ထပ်ပွဲကိစ္စမှာ အနှောင့်အယှက် များတတ်ပါတယ်။ အတင်းကြီး စီစဉ်မယ်ဆို အဆင်မပြေတာတွေ များတတ်ပါတယ်။ ခဏ သည်းခံပြီး ရွှေ့ဆိုင်းလိုက်တာ ပိုကောင်းပါလိမ့်မယ်။
အကြွင်းက ၂ ၊ ၄ ၊ ၆ တစ်ခုခု ရမယ်ဆိုရင်တော့ နှစ်ဦးသား စီစဉ်ထားကြသလို အကြောင်းဆက် ပေါင်းဖက်ခွင့် ရပါပြီ။ မင်္ဂလာပွဲကြီး ခမ်းခမ်းနားနားနဲ့ တင့်တင့်တယ်တယ် စီမံနိုင်ပါတယ်။ မင်္ဂလာကိစ္စတွေ ချောမွေ့အောင်မြင် အဆင်ပြေပြီး နှစ်ဦးပေါင်းဘဝတစ်ခုကို အကောင်းဆုံး တည်ဆောက်ခွင့် ရရှိပါလိမ့်မယ်။
ဒီနေရာမှာ အမျိုးသားနဲ့ အမျိုးသမီး ယှဉ်ရင် အမျိုးသမီးရဲ့ကံကို အဓိက ယူပြီး တွက်ရပါမယ်။ ဥပမာ အသက် ၂၂ အရွယ် ကြာသပတေးသမီးတစ်ဦးက တနင်္ဂနွေသားတစ်ဦးနဲ့ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတယ် ဆိုပါစို့။
နေ့နံ ဂဏန်းအရ ကြာသပတေးဆို (၅) ၊ တနင်္ဂနွေ ဆို (၁) ယူရမှာပါ။ ဒါလေးကိုတော့ သိထားပြီး ဖြစ်မှာပါ။ အဲဒီတော့ တွက်ကြည့်မယ်ဆိုရင်…
အသက် ၂၂ + ၅ + ၁ = ၂၈ ၊ ပေါင်းရကိန်း ၂၈ ကို (၈) နဲ့ စားရင် (၄) ကြွင်းပါမယ်။
တွက်ကိန်းအရဆို ကြာသပတေးသမီးဟာ အသက် ၂၂ နှစ်ထဲမှာ တနင်္ဂနွေသားနဲ့ လက်ထပ်ထိမ်းမြားမယ်ဆို စီစဉ်ထားတဲ့အတိုင်း ဖြစ်ပါလိမ့်မယ်။ မင်္ဂလာပွဲ ဖြစ်မြောက်ပြီး အိမ်ထောင်ပြုခွင့် ရပါမယ်လို့ ဟောနိုင်ပါတယ်။
ဒါလောက်ဆိုရင် မိမိတို့ရဲ့ ဖူးစာကံအခြေအနေနဲ့ အိမ်ထောင်ကျနိုင်တဲ့အသက်ပိုင်းခြားတွေကို အလွယ်တကူ တွက်စစ်အဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးပဲ မေတ္တာရေးကံတွေ ကောင်းမွန်လှပနိုင်ကြပါစေ..။
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope