တန်ဆောင်မုန်းလပြည့် လာဘ်ခေါ် ငွေဝင်အစီအရင်
lotaya.mpt.com.mm
|
2022-11-02

မြတ်စွာဘုရားရှင်ဟာ တန်ဆောင်မုန်းလပြည့်နေ့မှာ အဇာတသတ်မင်းကို သာမညဖလသုတ္တန်တရား ဟောခဲ့လို့ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ (တနည်း) ရဟန်းသံဃာတော်များနေ့လို့ ခေါ်ပါတယ်။

ဒီလို မွန်မြတ်လှတဲ့ တန်ဆောင်မုန်းလပြည့်မှာ ကောင်းကင်တစ်ခွင်လုံး ကြည်လင် သာယာလှပပြီး နက္ခတ်တွေ စုံလင်တယ်လို့ အဆိုရှိပါတယ်။ ပြီးတော့ တန်ဆောင်မုန်းလပြည့်မှာ ကြတ္တိကာနက္ခတ်နဲ့လည်း စန်းယှဉ်ပါတယ်။

ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့ဟာ အင်္ဂလိပ်လို ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၇ ရက် (တနင်္လာနေ့) ဖြစ်နေပါတယ်။ ဒါကြောင့် တန်ဆောင်မုန်းလပြည့်နေ့က စလို့ ခုနှစ်ရက်သားသမီးအပေါင်း ငွေကြေးလာဘ်လာဘတွေ ပွင့်လန်း အဆင်ပြေစေမယ့် အစီအရင်တစ်ခုကို မျှဝေပေးလိုက်ရပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ဟာ တနင်္လာနေ့မှာ ကျရောက်တာကြောင့် မည်သည့်နေ့သားသမီးမဆို…

တနင်္လာနေ့ မနက် ၉ နာရီ နဲ့ ၉ နာရီခွဲအတွင်း မိမိအိမ်က ဘုရားမှာပဲ

(၁) လိမ္မော်သီး ၉ လုံး

(၂) လိမ္မော်ရည် ၁ ခွက်

(၃) အသက်လွတ်ကြာဆံကြော် ၁ ပွဲ

ကပ်လှူပေးပါ။ ထုံးစံအတိုင်း ဘုရား ဝတ်ပြုကန်တော့ပါ။ ရွတ်ဖတ်နေကျ ဂါထာတော်၊ ပရိတ်တော်များကိုလည်း ရွတ်ဖတ်သွားပါ။ ပြီးရင် အောက်ဖော်ပြပါ နေလဂါထာတော်ကြီးကို (၁၀၈) ခေါက် ရွတ်ဖတ်ပူဇော်ပေးရပါမယ်။

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။

အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။

နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

ရွတ်ဖတ်ပူဇော်တာတွေ ပြီးသွားရင် မေတ္တာပို့ အမျှဝေပြီး တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ အခုလိုမျိုး ကုသိုလ်တရားတွေ ပွားများရတဲ့အတွက် ငွေကြေးစီးပွား လာဘ်လာဘတွေ တိုးပွားရပါစေကြောင်း ဆုတောင်း ဆန္ဒပြုရပါမယ်။ စိတ်ထဲမှာလည်း ရွှေတွေ၊ ငွေတွေ ကိုယ့်ဆီ ဝင်လာသလို အာရုံပြုထားရပါမယ်။

ဒါဆိုရင် မနက်ပိုင်းမှာ ပြုလုပ်ရတဲ့အပိုင်း ပြီးပါပြီ။ ညနေစောင်း လထွက်ကာစအချိန်မှာတော့ မိမိတို့နဲ့ နီးစပ်ရာ တန်ခိုးကြီးစေတီဘုရားတစ်ဆူဆီ သွားရောက်ပြီးတော့ အောက်ပါအတိုင်း ဆောင်ရွက်ပေးရပါမယ်။

တနင်္ဂနွေနေ့ဖွားများသည် တနင်္လာထောင့်မှာ ရေသပ္ပါယ်ပြီး ကံကော် ၁၅ ညွှန့် ကပ်လှူပေးပါ။

တနင်္လာနေ့ဖွားများက အင်္ဂါထောင့်မှာ ရေသပ္ပါယ်ပြီး ဇီး ၈ ညွှန့် (သို့) စပယ် ၈ ကုံး ကပ်လှူပေးပါ။

အင်္ဂါနေ့ဖွားတွေက ဗုဒ္ဓဟူးထောင့်မှာ ရေသပ္ပါယ်ပြီး ရွက်လှ ၁၇ ညွှန့် (သို့) ဝါး ၁၇ ညွှန့် ကပ်လှူပေးပါ။

ဗုဒ္ဓဟူးနေ့ဖွားများက ကြာသပတေးထောင့်မှာ ရေသပ္ပါယ်ပြီး မေမြို့ပန်း ၁၉ ပွင့် ကပ်လှူပေးပါ။

ကြာသပတေးနေ့ဖွားများက သောကြာထောင့်မှာ ရေသပ္ပါယ်ပြီး သီး (သို့) သီဟိုဠ် ၂၁ ညွှန့် ကပ်လှူပါ။

သောကြာနေ့ဖွားများသည် စနေထောင့်မှာ ရေသပ္ပါယ်ပြီး ထန်း (သို့) ဒန်းညွှန့် ၁၀ ညွှန့် ကပ်လှူပေးပါ။

စနေနေ့ဖွားတွေက တနင်္ဂနွေထောင့်မှာ ရေသပ္ပါယ်ပြီး အုန်း ၆ ညွှန့် ကပ်လှူပေးပါ။

နေ့နံအလိုက် ဆိုင်ရာဂြိုဟ်ခွင်ထောင့်တွေမှာ ရေသပ္ပါယ်ပြီး အညွှန့်အခက်ပန်းတွေ လှူဒါန်းပြီးတဲ့အခါ မနက်က ရွတ်ဖတ်ပူဇော်ခဲ့တဲ့ နေလဂါထာတော်ကြီးကို (၁၀၈) ခေါက် ထပ်မံ ရွတ်ဖတ်ပေးပါ။

အားလုံးပြီးတဲ့အခါ မိမိတို့ လိုရာဆန္ဒ ဖြစ်တဲ့ ငွေကြေးလာဘ်လာလကိစ္စတွေကို ဆုတောင်းပေးပါ။ ဒါဆိုရင်တော့ တန်ဆောင်မုန်းလပြည့်နေ့ လာဘ်ခေါ် ငွေဝင်အစီအရင်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးမှာ ဖြစ်ပါတယ်။

နေ့ဖွားအားလုံး ငွေကြေးကံဇာတာတွေ ပွင့်လန်းနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#လပြည့်
#ဗုဒ္ဓဟူး
#ကြာသပတေး
#သောကြာ
#အစီအရင်

Some text some message..