
နက္ခတ်ဗေဒင်ပညာအရ ကောဇာအင်္ဂါဂြိုဟ်ဟာ ရာသီခွင်တစ်ခုမှာ တစ်လခွဲခန့်သာ ရပ်တည်လေ့ရှိပြီး ၂ နှစ်မှာ တစ်ကြိမ် နောက်ပြန် (ဝကြ) သွားလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကောဇာ အင်္ဂါဂြိုဟ်ဟာ မေထုန်ရာသီထဲမှာ နောက်ပြန် စသွားပြီး ဒီလ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြိဿရာသီအထိ နောက်ပြန် ဆုတ်လာမှာ ဖြစ်လို့ အင်္ဂါဂြိုဟ်သွား ဖောက်ပြန်ချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တာတွေ၊ သတိထားရမှာတွေကို လိုတရပရိသတ်အတွက် တင်ပြလိုက်ပါတယ်။
ကောဇာအင်္ဂါ ဂြိုဟ်ဟာ
အောက်တိုဘာလကုန်ကနေ ရှေ့နှစ် ၂၀၂၃ ၊ ဇန်နဝါရီလလယ်ထိ နှစ်လခွဲဝန်းကျင်ထိ အသွားမမှန် နောက်ပြန်လှည့်နေမှာ ဖြစ်လို့ ဒီကာလအတွင်း…
ကမ္ဘာ့နေရာအနှံ့အပြားမှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေ အရှိန် ပြင်းထန်လာနိုင်ပါတယ်။ ပြီးတော့ မတော်တဆမှုတွေ၊ ပေါက်ကွဲမှုတွေ၊ သွေးထွက်သံယိုမှုကြီးတွေ၊ အကြမ်းဖက်မှုတွေက ခါတိုင်းထက် ပိုပြီး အဖြစ်များလာနိုင်တယ်လို့ နက္ခတ်ဗေဒင်အရ သုံးသပ်ထားပါတယ်။ ရှေးဟောင်းနက္ခတ်ဗေဒင်ကျမ်းတွေမှာလည်း အင်္ဂါ နောက်ပြန်ဆုတ်တဲ့ ကာလအတွင်းမှာ ပုန်ကန်မှုတွေ၊ ထကြွသောင်းကျန်းမှုတွေ၊ မလုံခြုံမှုတွေ ပြင်းထန်လာမယ်လို့ ဆိုထားပါတယ်။
ဒီတခါ အင်္ဂါဂြိုဟ် နောက်ပြန်သွားတာဟာ မေထုန်ရာသီထဲမှာ ဖြစ်နေလို့ ဆက်သွယ်ရေးပိုင်း၊ သတင်းမီဒီယာနဲ့ အချက်အလက်ပေးပို့မှုအပိုင်းတွေမှာ အမှားအယွင်း ဖြစ်စေတတ်ပါတယ်။ ပြီးတော့ အင်္ဂါဟာ အိမ်ခြံမြေပိုင်းကို လွှမ်းမိုးတာကြောင့် မြေဈေးကွက်၊ အိမ်ရှင်အိမ်ငှားဈေးကွက်တွေမှာ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကုန်ကြမ်းပစ္စည်းဈေးကွက်အပေါ် ရိုက်ခတ်နိုင်ပြီး မတော်တဆ ပျက်စီးဆုံးရှုံးမှုကိုလည်း ဖြစ်စေတတ်ပါတယ်။
ဒါကတော့ မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ ယေဘုယျအခြေအနေကို အကြမ်းဖျင်း သုံးသပ်ခန့်မှန်းတာ ဖြစ်ပြီး လူတစ်ဦးချင်းစီ (သို့မဟုတ်) ရာသီခွင်တစ်ခုချင်းအတွက်ကတော့ အောက်ပါအတိုင်း ဆောင်ရန်၊ ရှောင်ရန်တွေကို သတိထား ဆင်ခြင်ရမှာ ဖြစ်ပါတယ်။
(၁) ရှေ့နှစ် ဇန်နဝါရီလယ်ထိ အငြင်းအခုံကိစ္စတွေ၊ ရန်ပွဲတွေကို ရှောင်ပါ။ ခွဲစိတ်ကုသမှုတွေကို တတ်နိုင်သမျှ အချိန် ဆိုင်းလိုက်ပါ။ မတတ်သာလို့ ခွဲရစိတ်ရပြီဆို အမှားအယွင်း မဖြစ်အောင် အစစအရာရာ ဂရုစိုက်ပါ။
(၂) အလုပ်သစ်၊ စီမံကိန်းအသစ်၊ အကြံအစည်သစ်တွေ မစပါနဲ့ဦး။ စမိ၊ လုပ်မိရင် အရှုံးပြသွားတတ်ပါတယ်။ ဥပဒေအရ တရားစွဲတာတွေဘာတွေလည်း ခဏ ဆိုင်းထားသင့်ပါတယ်။ လုပ်မိရင် ကြန့်ကြာတတ်ပါတယ်။
(၃) အားကစားသမားဖြစ်စေ၊ သာမန် လေ့ကျင့်ခန်း လုပ်သူ ဖြစ်စေ ဒီကာလအတွင်း အရမ်းကို ပြင်းထန်တဲ့ အရာတွေ မကစားသင့်ပါဘူး။ ပြီးတော့ လောင်းကစားတွေ၊ စွန့်စားရတဲ့ အလုပ်တွေကိုလည်း ရှောင်ရပါမယ်။
(၄) ဒီကာလမှာ ချွန်ထက်တဲ့လက်နက်တွေ (ဥပမာ ဓား၊ ခက်ရင်း၊ ကတ်ကြေး) စတာတွေနဲ့ ပေါက်ကွဲလွယ်တဲ့ အရာတွေ၊ လက်နက်မျိုးစုံတွေကို တတ်နိုင်သမျှ အသုံးလျှော့ပါ။ သုံးရင်လည်း သတိကြီးကြီး ထားပေးပါ။
(၅) ဆောင်သင့်တာကတော့ ဒီကာလမှာ ကိုယ့်အစီအစဉ်တွေ၊ တိုးတက်ဖြစ်ထွန်းမှုတွေ၊ အားနည်းချက်တွေကို ပြန်လှန် သုံးသပ်ပါ။ ကိုယ့်ရဲ့အားနည်းချက်၊ ချို့ယွင်းချက်ကို ဖော်ထုတ် ပြုပြင်တာ အကောင်းဆုံး ဖြစ်တယ်။
(၆) ဒေါသရှေ့ထားရင် မှားလွယ်တဲ့ကာလ ဖြစ်လို့ သည်းခံလိုက်တာ ပိုကောင်းမယ်။ သည်းခံစိတ်ရှည်လိုက်ရင် ၊ ညှိနှိုင်းမှု ယူနိုင်ခဲ့ရင် နောင်တစ်ချိန်မှာ ကိုယ့်အတွက် ကောင်းကျိုးတွေသာ ပြန်ဖြစ်လာစေပါလိမ့်မယ်။
(၇) မီး၊ လျှပ်စစ် စတဲ့အရာတွေကို သေချာ ကိုင်တွယ်ပေးပါ။ ခရီးတွေ မလိုအပ်ဘဲ သွားလာတာ၊ လည်ပတ်တာ ရှောင်ပါ။ လျှော့ပါ။ မဖြစ်မနေ သွားရရင်လည်း သတိထားပေးပါ။ စကားပြောဆိုဆက်သွယ်ရာမှာ ယဉ်ကျေးမှုကို ပို အလေးထားပေးပါ။ ဒီကာလမှာ တစ်ခုခုဆို ဒေါသထွက်လွယ်တတ်တာကြောင့် ကိုယ်ကပဲ သည်းခံလိုက်ပါ။
အားလုံးပဲ အင်္ဂါဂြိုဟ်ရဲ့ရိုက်ခတ်မှုကနေ လွတ်ကင်းချမ်းသာ ရကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope