
တရုတ်ရိုးရာ ရာသီခွင်ဗေဒင်အရ
၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၂၂ ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ကို ယုန်နှစ်အဖြစ် သတ်မှတ်ပါတယ်။ ယုန်နှစ်မှာ ယုန်နဲ့ မိတ်ဖက်ရာသီဖွားတွေဟာ ကံဇာတာ ပိုကောင်းတတ်ကြပြီး ဆန့်ကျင်ဘက်တွေကတော့ ကံဇာတာ နိမ့်ပါးတတ်ပါတယ်။
ဒီနှစ် (ယုန်နှစ်) အတွင်း အောက်ဖော်ပြပါ ရာသီနှစ်ဖွားတွေဟာ ကံကောင်းသူတွေ ဖြစ်လာမယ်လို့ တရုတ်ရိုးရာ ဗေဒင်အရ ဟောဆိုထားပါတယ်။
(၁) ဝက်နှစ်ဖွားများ
အင်္ဂလိပ်လို 1923 ၊ 1935 ၊ 1947 ၊ 1959 ၊ 1971 ၊ 1983 ၊ 1995 ၊ 2007 ၊ 2019 ခုနှစ်တွေမှာ မွေးဖွားခဲ့ရင် ဝက်နှစ်ဖွားအဖြစ် သတ်မှတ်ပါတယ်။ တရုတ်ရိုးရာဗေဒင်အရ ဝက်နှစ်ဖွားတွေဟာ ယုန်နှစ်ဖွားတွေအတွက် မဟာမိတ် ဖြစ်တာကြောင့် အခုလို ယုန်နှစ်မှာ ဝက်နှစ်ဖွားတွေ ကံကောင်းတတ်ကြပါတယ်။
ယုန်နှစ် တစ်နှစ်တာကာလပတ်လုံး ဝက်နှစ်ဖွားတွေဟာ ကျန်းမာချမ်းသာခြင်းတွေနဲ့ ပြည်စုံနေမှာ ဖြစ်ပါတယ်။ လုပ်ငန်းစီးပွားအောင်မြင်မှုတွေ ရရှိတတ်ပါတယ်။ မတ်လနောက်ပိုင်းက စလို့ ငွေကြေး ကံဇာတာ မြင့်မားလာပြီး အခွင့်ကောင်းတွေ ပေါ်လာပါလိမ့်မယ်။ ဥစ္စာဓန စုမိဆောင်းမိ ရှိလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ အကျိုးပြုလာပါမယ်။ ပျိုရွယ်သူတွေအတွက် ချစ်ခြင်းမေတ္တာကိစ္စတွေမှာ ရင်ခုန်အံ့သြစရာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။
(၂) မျောက်နှစ်ဖွားများ
အင်္ဂလိပ်လို 1920 ၊ 1932 ၊ 1944 ၊ 1956 ၊ 1968 ၊ 1980 ၊ 1992 ၊ 2004 ၊ 2016 ခုနှစ်တွေမှာ မွေးဖွားခဲ့ရင် မျောက်နှစ်ဖွားအဖြစ် သတ်မှတ်ပါတယ်။ မျောက်နဲ့ယုန်ဟာ အတော်လေး အံဝင်ခွင်ကျ လိုက်ဖက်ညီသူတွေ ဖြစ်လို့ ယုန်နှစ်မှာ မျောက်နှစ်ဖွားတွေ ကံကောင်းပြီး အဆင်ပြေကြတာ များပါတယ်။
တစ်နှစ်တာအတွင်း အလုပ်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် လုပ်ရင်း အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ အဆက်အသွယ်တွေ ပိုများလာပြီး လူမှုရေးကနေတစ်ဆင့် စီးပွားဖက်တွေအဖြစ် ကူးပြောင်းသွားနိုင်ပါတယ်။ လုပ်နေကျ မဟုတ်တဲ့ အသစ်တွေ စမ်းသပ်ခွင့် ရပြီး မိတ်ဆွေအသိုင်းအဝိုင်းလည်း ကြီးမားလာပါမယ်။ ဒါကို အခွင့်အရေးတစ်ရပ်လိုလည်း အသုံးချနိုင်ပါမယ်။ မေတ္တာရေးမှာတော့ စိတ်သောကလေးတွေ ရှိနိုင်ပါတယ်။
(၃) ခွေးနှစ်ဖွားများ
အင်္ဂလိပ်လို 1922 ၊ 1934 ၊ 1946 ၊ 1958 ၊ 1970 ၊ 1982 ၊ 1994 ၊ 2006 ၊ 2018 ခုနှစ်တွေမှာ မွေးဖွားခဲ့ရင် ခွေးနှစ်ဖွားအဖြစ် သတ်မှတ်ပါတယ်။ ခွေးနဲ့ ယုန်ဟာ လူသိမခံတဲ့ မိတ်ဆွေရင်းချာတွေ ဖြစ်လို့ ဒီနှစ်အတွင်းမှာ ခွေးနှစ်ဖွားတွေဟာ ငွေရေးကြေးရေးနဲ့ နှလုံးသားရေးမှာ ကံကောင်းတတ်ကြပါတယ်။
ပျိုရွယ်သူ လူပျိုလူလွတ်တွေအနေနဲ့ ဒီနှစ်အတွင်း အချစ်ရေး၊ အိမ်ထောင်ရေး ရည်မှန်းချက်တွေကို ပြည့်ဝစွာ အကောင်အထည်ဖော်ခွင့် ရပါလိမ့်မယ်။ ချစ်သူ ရှာနေသူတွေ ချစ်သူ ရတာမျိုး၊ လက်ထပ်ဖို့ ရည်ရွယ်သူတွေ မင်္ဂလာပွဲ ဆင်နွှဲရတာမျိုး ဖြစ်တတ်ပါတယ်။ နှစ်ဆန်းပိုင်းမှာ စတွေ့ခဲ့သူက နှစ်လယ်နောက်ပိုင်းမှာ ကိုယ့်ဘ၀ လက်တွဲဖော်အထိ ဖြစ်သွားတတ်ပါတယ်။ အလားတူ အလုပ်နဲ့ ငွေကြေးမှာပါ အောင်မြင်မှု ရတတ်ပါတယ်။
ဒါကတော့ ၂၀၂၃ ၊ ဇန်နဝါရီ ၂၂ ကနေ ၂၀၂၄ ၊ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ယုန်နှစ် တစ်နှစ်တာအတွင်းမှာ ကံ အကောင်းဆုံး ဖြစ်လာနိုင်သူတွေ ဖြစ်ပြီး ကံဇာတာ နိမ့်ပါးတတ်သူတွေ (တနည်းဆိုရရင်) ယုန်နှစ်နဲ့ သဟဇာတ မဖြစ်သူတွေကတော့…
1936 ၊ 1948 ၊ 1960 ၊ 1972 ၊ 1984 ၊ 1996 ၊ 2008 ၊ 2020 တွေမှာ မွေးဖွားတဲ့
ကြွက်နှစ်တွေဖွားတွေရယ်၊ 1926 ၊ 1938 ၊ 1950 ၊ 1962 ၊ 1974 ၊ 1986 ၊ 1998 ၊ 2010 ၊ 2022 တွေမှာ မွေးဖွားတဲ့
ကျားနှစ်ဖွားတွေရယ်၊ 1933 ၊ 1945 ၊ 1957 ၊ 1969 ၊ 1981 ၊ 1993 ၊ 2005 ၊ 2017 တွေမှာ မွေးဖွားတဲ့
ကြက်နှစ်ဖွားတွေပဲ ဖြစ်ပါတယ်။ ဒီနှစ်ဖွားတွေဟာ ၂၀၂၃ အတွင်း အစစအရာရာ သူများထက် ပိုသတိထားရမယ်လို့ ဆိုလိုပါတယ်။
တခြားနှစ်ဖွားတွေကတော့ ယုန်နှစ်မှာ ကံဇာတာ အဆိုးအကောင်း မထင်ရှားဘဲ ပုံမှန်အတိုင်း ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
ယုန်နှစ်မှာ ကံကောင်းမှုအပေါင်း ခညောင်းနိုင်ကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope