
ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်တွင် ဂြိုဟ်စီးဂြိုဟ်နင်း အသွားအလာနှင့် ဂြိုဟ်တို့၏ တာဝန်ယူ ဖွဲ့စည်းပုံများအရ ကဏ္ဍအလိုက် မည်သည့် ကောင်းကျိုးဆိုးပြစ်များ ဖြစ်ပေါ်လာနိုင်မည်ကို အနှစ်ချုပ် ဖော်ပြလိုက်ပါသည်။
၁၃၈၅ ခုနှစ်အတွက် ကောဇာဂြိုဟ်ဖွဲ့စည်းပုံ
ရှေးဟောင်းနက္ခတ်ဗေဒင်အရ ကောဇာနှစ်တစ်နှစ် စတင်ချိန်နှင့် တနင်္ဂနွေဂြိုဟ်မင်း ရာသီခွင်များအပေါ် စီးနင်း ဖြတ်ကျော်သည့် ရက်များကို တွက်ချက်၍ နှစ်တစ်နှစ်၏ ဂြိုဟ်ကတ်ဘိနက် (အဖွဲ့အစည်း) ဖြစ်ပေါ်လာရသည်။ ယခုနှစ်တွင် ကောဇာဂြိုဟ်တို့ ဖွဲ့စည်းပုံအရ ဝဿပတိ မင်းသမ္မတ နေရာ၌ ဗုဒ္ဓဟူးဂြိုဟ်က တာဝန်ယူလာမည် ဖြစ်သည်။
ဗုဒ္ဓဟူးဂြိုဟ်က ဝဿပတိမင်းသမ္မတ ဖြစ်လာသည့်အတွက် ယခုနှစ်အတွင်း လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးနည်းပါးခြင်းတို့ ဖြစ်တတ်သည်။ ရန်သူရန်ဖက် မင်းအချင်းချင်းတို့ စစ်ထိုးကြမည်ဟု အဆို ရှိသည်။ ထို့အတူ မိတ်ဖက်မင်း အချင်းချင်းတို့ အပြန်အလှန် လက်ဆောင်ပဏ္ဍာ ပေးကမ်းလဲလှယ်မည်ဟုလည်း ဆိုထားသည်။
ဝဿပတိမင်းဂြိုဟ်ကဲ့သို့ အရေးပါသော ဝန်ကြီးချုပ်ဂြိုဟ်အဖြစ် ယခုနှစ်တွင် သောကြာက တာဝန်ယူလာမည်။ သောကြာဂြိုဟ် ဝန်ကြီးချုပ်နေရာသို့ ရောက်လာသည့်အတွက် ယခုနှစ်တွင် မကောင်းမှုမှန်သမျှ ချေဖျက်ခံရပြီး အေးချမ်းပျော်ရွှင်မှုများ ဖြစ်တည်လာမည် ဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများလည်း ပိုမို ကျင်းပလာလိမ့်မည်။
ယခုနှစ်တွင် သေနာပတိကာကွယ်ရေးဝန်ကြီးအဖြစ် ကြာသပတေးဂြိုဟ်က တာဝန်ယူလာသည်။ ကြာသပတေး သေနာပတိဂြိုဟ် ဖြစ်လာ၍ ကိစ္စရပ်များကို ဉာဏ်ပညာအမျှော်အမြင်ဖြင့် ချိန်ဆထိန်းသိမ်းဆောင်ရွက်လာမည်။ ကုသိုလ်ကောင်းမှုတို့ တိုးပွား၍ ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းမည်။ ပြည့်စုံကြွယ်ဝမှုတို့ ရှိလာမည်။
ယခုနှစ်အတွက် တနင်္လာဂြိုဟ်က မြေဆီသြဇာနှင့် သီးနှံအထွက်နှုန်းဂြိုဟ်အဖြစ် တာဝန်ထမ်းဆောင်လာသည်။ အရည်ရွှမ်းသော အသီးအရွက်များ၊ သစ်သီးဝလံများ အထွက်ကောင်းဖွယ် ရှိသည်။ ဆန်ရေစပါး ပေါများနိုင်ပြီး စားနပ်ရိက္ခာလည်း ဖူလုံမှု ရှိမည်ကို ဖော်ညွှန်းသည်။ သို့သော် ကောက်ပဲသီးနှံနှင့် လယ်ယာစိုက်ပျိုးရေးဂြိုဟ် အဖြစ် စနေက လွှမ်းမိုးထားသည်။ မိုး နည်းပါးခြင်း၊ သီးနှံပေါ်ချိန် အထွက် ဆုတ်ယုတ်ခြင်း ဖြစ်တတ်သည်။
ယခုနှစ်၏ ကုန်သွယ်ရေးဂြိုဟ်အဖြစ် ဗုဒ္ဓဟူးကပင် ထပ်မံ တာဝန်ယူထားသည်။ ကုန်စည်ကူးသန်းရောင်းဝယ်မှု ခါတိုင်းနှစ်များထက် မြန်ဆန်သွက်လက် ကောင်းမွန်လာဖွယ် ရှိသည်။ အိုင်တီနည်းပညာ၊ စာပေ၊ အနုပညာနှင့် မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးကြီးထွားလာနိုင်သည်။ နည်းပညာအသစ်များ ထွန်းကားလာတတ်သည်။
ယခုနှစ်တွင် ဓာတ်သတ္တုကို အစိုးရသောဂြိုဟ်မှာ တနင်္လာပင် ဖြစ်သည်။ ရေထွက်ကုန်လုပ်ငန်း၊ ကျောက်မျက် ရတနာနှင့် ငွေထည်လုပ်ငန်း၊ ဖန်၊ မှန်နှင့် ဆားလုပ်ငန်းများ အောင်မြင်ကြီးပွားတတ်သည်ဟု အဟော ရှိသည်။
၁၃၈၅ ခုနှစ် ကောဇာဂြိုဟ်အဖွဲ့အစည်း၏ အဓိက အရေးပါသော နေရာဌာနများတွင် ပူလောင်ပြင်းထန်မှုများကို ပေးစွမ်းသော ပါပဂြိုဟ်တို့ ပါဝင်လာခြင်း မရှိဘဲ အေးချမ်းတည်ငြိမ်စေသည့် သောမဂြိုဟ်များကသာ တာဝန်ယူ စိုးမိုးနေသည့်အတွက် ယခုနှစ်သစ်တွင် အဆိုးတို့ ချုပ်ငြိမ်းလာပြီး အကောင်းဘက်သို့ ပိုမို ဦးတည်လာလိမ့်မည် ဟု မျှော်လင့်ရပေသည်။
ထို့အပြင် ယခုနှစ်၏ ဝဿပတိ မင်းသမ္မတဂြိုဟ် ဗုဒ္ဓဟူးနှင့် ဝန်ကြီးချုပ်ဂြိုဟ် သောကြာတို့သည် အပြန်အလှန် မိတ်ဖြစ်ခြင်းကြောင့်လည်း ပြဿနာများကို ညှိနှိုင်းအဖြေရှာရာတွင် အရင်ထက် လွယ်ကူလာဖွယ်ရှိသည်။
သတိပြုရန်မှာ ဝဿပတိမင်းဂြိုဟ် ဗုဒ္ဓဟူး ဖြစ်နေပြီး စိုက်ပျိုးရေးဂြိုဟ် စနေ ဖြစ်လာခြင်းတို့ကြောင့် လေပြင်းများ တိုက်ခတ်၍ မိုးနည်းပါးခြင်း၊ သီးနှံ အထွက်လျော့ကျခြင်းတို့ ဖြစ်တတ်သလို သင်္ကြန်စာအရလည်း ယခုနှစ်တွင် မိုးလေဝသ ဖောက်ပြန်၍ လေအလွန် တိုက်ပြီး နေ အလွန် ပူခြင်း၊ မိုးသီးကြွေခြင်းနှင့် သီးပင်စားပင်တို့ အထွက် ဆုတ်ယုတ်ခြင်းတို့ ဖြစ်တတ်သောကြောင့် တောင်သူလယ်သမားတို့ ကြိုတင် ဂရုပြုရန် လိုအပ်ပေသည်။
ဖော်ပြပါ နှစ်သစ်ကံဇာတာမြင်ကွင်းသည် အခြေအနေအရပ်ရပ်ကို ခြုံငုံထားသော ဗေဒင်ရှုထောင့်သုံးသပ်ချက် တစ်ခုသာ ဖြစ်ပြီး မြန်မာ့ဇာတာ၊ မြန်မာ့ကံကြမ္မာကို ဒုတိယပိုင်းအဖြစ် ဆက်လက်ဖော်ပြပေးရန် ရှိပါသည်။
နှစ်သစ်မှာ အားလုံး ဘေးရန်ကင်းကွာပြီး ကျန်းမာချမ်းသာကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope