ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် ယတြာ
lotaya.mpt.com.mm
|
2023-04-28

အခုတင်ပြမှာကတော့ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် "လူနာရဲ့နာမ်စား ၊ ကိုယ်စား ၊ စွန့်ပစ်ခြင်းဆိုတဲ့ " လောကီပညာရပ်နည်းတစ်နည်းလေးဘဲ ဖြစ်ပါတယ်။ ဒီနည်းကတော့ တောင်တွင်းကြီးဆရာတော် ခင်ကြီးပျော်ရဲ့ အင်္ဂဝိဇ္ဇာကျမ်းလာ နည်းတစ်နည်းဘဲဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ -

တနင်္ဂနွေသားသမီးတစ်ယောက် နေထိုင်မကောင်းရင် တနင်္ဂနွေနံသစ်ရဲ့ အသားဖြစ်တဲ့ အုန်းသား ၊ အင်းသား (ရရာတစ်ခုခုကို ) လူနာရဲ့အရပ်နဲ့တိုင်းပြီး ဖြတ်ပါ။ အဲဒီသစ်သားကို လူနာဝတ်တဲ့ အဝတ်တစ်ခုခုနဲ့ ပတ်ပါ။ ဆန် (၃) ထုပ်ကို အရင်းမှာ တစ်ထုပ် ၊ အဖျားမှာ တစ်ထုပ် ၊ အလယ်မှာ တစ်ထုပ် ဆန်(၃) ထုပ်ကို ချည်ပြီးတော့ လူနာရဲ့ ဆံပင် ၊ ခြေသည်း လက်သည်းတွေကို ဆန်ထုပ်ထဲမှာ ထည့်ပါ။ (ဆန် ၃ ထုပ် ပြုလုပ်စဉ်အတွင်း အဲဒီဆန်ထုပ်ထဲမှာ ထည့်ထားပါ) ။ ဆန် (၃) ထုပ်ချည်ထားတဲ့ သစ်သားကို လူနာရဲ့အနားမှာ ၁ ည ထားပြီးတော့ အိပ်ပါ။ မနက်မှာ သောကြာသားကယူပြီးတော့ တောင်အရပ်မှာ သွားပြီး စွန့်ပစ်လိုက်ပါ။ (ဒါမှမဟုတ်) ရေမှာမျောလိုက်ပါ။ လူနာဟာ ရောဂါသက်သာပျောက်ကင်းလာပါလိမ့်မယ်။ ဆေးကုဆေးစား ၊ ဆေးသောက်ရင် ပို၍ ထိရောက်လာကာ လွယ်ကူစွာသက်သာပျောက်ကင်းလာပါလိမ့်မယ်။

အဲဒီနည်းအတိုင်းဘဲ တနင်္လာသားသမီးစသည်တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

တနင်္လာသားသမီး နေထိုင်မကောင်းဖြစ်ပါက ကံ့ကော် ၊ ကြံ ၊ ကုက္ကိုသား တစ်ခုခုကို အရပ်နဲ့တိုင်းပြီးတော့ ဖြတ်ပါ။ စနေသားကယူပြီးတော့ အနောက်တောင်အရပ်ကို သွား၍စွန့်ပစ်လိုက်ပါ။

အင်္ဂါသားသမီး နေထိုင်မကောင်းဖြစ်ပါက ဇီးသား ၊ စုစပ်သား ၊ ဇွန်သား ရရာတစ်ခုခုကို ဖြတ်၍ သုံးပါ။ တနင်္ဂနွေသားကို  အနောက်အရပ်ကို သွားပြီးတော့ စွန့်ပစ်ခိုင်းလိုက်ပါ။

နေထိုင်မကောင်းတဲ့သူဟာ ဗုဒ္ဓဟူးသားသမီးဆိုရင် ဝါး ၊ ရဲယို ၊ ရှောက်သား ရရာတစ်ခုခုကို ဖြတ်ပြီးတော့ အသုံးပြုပါ။ တနင်္လာသားကို အနောက်အရပ်မှာ သွားပြီးတော့ စွန့်ပစ်ခိုင်းလိုက်ပါ။

ကြာသပတေးသားသမီး နေထိုင်မကောင်းဖြစ်ရင် ပေါက်သား ၊ ပျဉ်မသား ရရာတစ်ခုခုကို ဖြတ်ယူပြီးတော့ အသုံးပြုပါ။ အင်္ဂါသားကို အရှေ့မြောက်အရပ်မှာ သွားပြီးတော့ စွန့်ပစ်ခိုင်းလိုက်ပါ။

နေထိုင်မကောင်းတဲ့သူဟာ သောကြာသားသမီးဖြစ်ပါက သီးသား ၊ သံသား၊ သီဟိုဠ်သား ရရာတစ်ခုခုကို ဖြတ်ပြီးတော့ အသုံးပြုပါ။ ဗုဒ္ဓဟူးသားကို အရှေ့တောင်အရပ်မှာ သွားပြီးတော့ စွန့်ပစ်ခိုင်းလိုက်ပါ။

နေထိုင်မကောင်းတဲ့သူဟာ စနေသားသမီး ဖြစ်ရင် ထန်းသား ၊ ဒန်နှောင်းသား ၊ ထိန်သား ရရာတစ်ခုခုကို ဖြတ်ပြီးတော့ အသုံးပြုပါ။ ကြာသပတေးသားကို မြောက်အရပ်ကို သွားပြီးတော့ စွန့်ပစ်ခိုင်းလိုက်ပါ။

ပြုလုပ်နည်းမှာလည်း တနင်္ဂနွေသားသမီး နေထိုင်မကောင်းရင် ပြုလုပ်တဲ့နည်းအတိုင်းဘဲ ဥပမာကြည့်ပြီးတော့ ပြုလုပ်နိုင်ပါတယ်။

ဒီနည်းကတော့ လောကီပညာအရ ကျန်းမာရေးအထောက်အပံ့ဖြစ်စေရန် ၊ မကျန်းမာတဲ့သူများ လွယ်ကူစွာ သက်သာပျောက်ကင်းစေရန် ၊ ဆေးကုရင်လည်း ပို၍လွယ်ကူစေရန် ပြုလုပ်တဲ့နည်း ဖြစ်ပါတယ်။ အရာရာမှာ အစွန်းမရောက်ဘဲနဲ့ သင့် မသင့်ချိန်ဆပြီးတော့ ဆောင်ရွက်ပါက အကျိုးရှိမည်သာဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ကျန်းမာရေး
#တနင်္ဂနွေ
#ဗုဒ္ဓဟူး
#ကြာသပတေး
#သောကြာ

Some text some message..