
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကံဇာတာ ကောင်းလာမယ်။ အခွင့်အလမ်းကောင်းတွေ ရရှိတတ်တယ်။ ငွေကြေးအကျိုးအမြတ်တွေ တိုးမယ်။ လုပ်ကိုင်သမျှ အကြံအစည်တွေလည်း အောင်မြင်မယ်။ လူမောစိတ်မော နဲ့ ပင်ပန်းရတာတွေတော့ များမယ်။ ကိုယ်နဲ့မဆိုင်တာတွေမှာ ဝင်ပါရတတ်တယ်။ စိုးရိမ်ပူပန်မှုတွေ များမယ်။
ကျန်းမာရေး - တစ်ပတ်တာအတွင်း ကျန်းမာရေး နည်းနည်း ညံ့တတ်တယ်။ ဘေးဥပဒ်တော့ မရှိနိုင်ပါ။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးက ဒီအပတ်မှာလည်း စိတ်ချမ်းသာပျော်ရွှင်စရာတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်။ ပျိုရွယ်သူတွေ နှလုံးသားရေးမှာ စိတ်တိုင်းကျအခြေအနေမျိုး ဖန်တီးနိုင်မယ်။ စန်းပွင့်နေမယ်။ အိမ်ထောင်ပြုဖို့ ကြံနေသူတွေ လိုအင်ဆန္ဒ ပြည့်မယ်။ လူမှုရေးပိုင်းမှာတော့ သူများကိစ္စနဲ့ အချိန်ကုန်နေရမယ်။
ကံကောင်းစေတဲ့ အရောင် - အနီ ၊ အဖြူ ၊ ခရမ်းနုရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၆
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ အင်္ဂါ
ယတြာ - အိမ်ကဘုရားမှာ တနင်္လာနေ့ မနက်စောစော ခေါက်ဆွဲသုပ်နဲ့ ကော်ဖီ ကပ်လှူပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာလည်း လုပ်ငန်းကိုင်ငန်းတွေ ကံကောင်းနေမယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာနိုင်ပြီး ကိုယ်လုပ်သမျှကိုလည်း အများက အသိအမှတ်ပြုတာ၊ ချီးမြှောက်တာတွေ ကြုံရတတ်တယ်။ အလုပ်သစ်တွေ၊ ဈေးကွက်သစ်တွေ တိုးချဲ့ရင်လည်း အောင်မြင်နိုင်တယ်။ ငွေကြေးစီးပွားကံတွေ တိုးတက်ဖြစ်ထွန်းမှု ရှိမယ်။
ကျန်းမာရေး - အစားအသောက် ဆင်ခြင်ရမယ်။ အစားမှားတာမျိုး ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - မေတ္တာရေးကံက အရင်အပတ်ထက်တောင် အခြေအနေ ယိမ်းယိုင်လာနိုင်တယ်။ ချစ်သူတွေ၊ အိမ်ထောင်ရှင်တွေကြား ညှိနှိုင်းမရတာတွေ ပိုများလာတတ်တယ်။ အချင်းချင်း မကောင်းမြင်ပြီး စိတ်ဝမ်းကွဲရ စိတ်ညစ်ရတတ်တယ်။ ချစ်ရသူနဲ့လည်း ဝေးကွာတတ်တယ်။ လူမှုရေးမှာ စိတ်မမှန်သူတွေနဲ့ ကြုံရတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့်ရင့် ၊ နို့နှစ်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ တနင်္ဂနွေ
ယတြာ - မွေးနေ့မှာ ဘုန်းကြီးကျောင်းကို အသက်လွတ်သီးစုံ ကြာဆံကြော် ဆွမ်းချိုင့်ပို့ လှူဒါန်းပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်တာအတွင်း အလုပ်တွေက တစ်ခုပြီးတစ်ခု ပေါ်လာမယ်။ အလုပ်တစ်ခု မပြီးသေးခင် နောက်တစ်ခု ပေါ်လာလို့ မနိုင်မနင်းတွေလည်း ဖြစ်ရတတ်တယ်။ အလုပ်နဲ့ပတ်သက်လို့ အကြံအစည်တွေပါ ပျက်တတ်တယ်။ လုပ်မယ်လို့ စီစဉ်ထားတာတွေ ရွှေ့ဆိုင်းရလိမ့်မယ်။ ဝင်ငွေထက် ထွက်ငွေ အရမ်းများမယ်။
ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေးတွေ ကောင်းမယ်။ နေထိုင်မကောင်းရင် ပြန်ကောင်းလွယ်မယ်။
လူမှုအိမ်ထောင် - ချစ်မှုရေးရာကံဇာတာက အရင်အပတ်လောက် မညံ့ပေမယ့် စိတ်ပူပန်စရာတွေ ရှိနေဦးမယ်။ နှစ်ဦးကြားမှာ ဘေးကနေ ဒုက္ခပေးသူ၊ နှောင့်ယှက်သူတွေ ရှိနေလိမ့်မယ်။ တစ်ခုခု ပြဿနာ ရှိရင် တိုက်ရိုက် ဆက်သွယ်ဖြေရှင်းတာ ကောင်းမယ်။ လူမှုရေးကဏ္ဍမှာ အားကိုးရတဲ့ မိတ်ကောင်းဆွေကောင်းတွေ ရရှိမယ်။
ကံကောင်းစေတဲ့ အရောင် - ကတ္တီပါရောင် ၊ ရွှေဝါရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၁
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ
ယတြာ - ဒီအပတ်မှာ ဗောဓိညောင်ပင်ကို သွားပြီး နံ့သာရည် သွန်းလောင်းပါ။ အမွှေးတိုင် ၈ တိုင် ပူဇော်ပါ။
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - ငွေကြေးစီးပွားကိစ္စတွေ၊ လုပ်ငန်းဆောင်တာကိစ္စတွေမှာ ဆုံးဖြတ်ရခက်တာတွေ ဖြစ်လာမယ်။ ရှေ့တိုးရခက်၊ နောက်လှည့်ရခက်တဲ့အခြေအနေတွေကို ရင်ဆိုင်ရတတ်တယ်။ အလုပ်တစ်ခုမက ပေါ်လာပြီး တပြိုင်တည်း တွဲလုပ်ရတတ်တယ်။ ကိုယ်တိုင်ကလည်း အလုပ်အမျိုးမျိုးကို ကြံစည်တွေးတောမှု များလာမယ်။
ကျန်းမာရေး - နေထိုင်မကောင်း ဖြစ်လွယ်မယ်။ ဖျားနာတတ်တယ်။ တစ်ခုခု ဖြစ်ရင် သေချာ ကုသရမယ်။
လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ လက်တွဲဖော်ကြောင့် အကူအညီ ရမယ်။ ကိုယ့်ကို အလေးထားတာ၊ တန်ဖိုးထား ဆက်ဆံတာတွေ ကြုံရမယ်။ ပျိုရွယ်သူတွေ ကိုယ့်ထက်သာတဲ့လူမျိုးနဲ့ ဖူးစာဖက် ဆုံရတတ်တယ်။ နှလုံးသားရေး ကံကောင်းမယ်။ လူမှုရေးပိုင်းမှာလည်း မိတ်ဆွေတွေကြောင့် စိတ်ချမ်းသာမယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ ငွေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၁ ၊ ၉
ကံကောင်းစေတဲ့ အရပ် - တောင် ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ အင်္ဂါ
ယတြာ - တစ်ပတ်အတွင်း ရေလိုအပ်တဲ့နေရာတွေမှာ ကိုယ်တိုင် ပါဝင်လှူဒါန်းတာမျိုး လုပ်ပေးပါ။
ရာဟုဖွား
အလုပ်အကိုင် - အလုပ်နဲ့ ပတ်သက်ရင် စိတ်ကူးအကြံအစည်တွေ များသလောက် လက်တွေ့မှာ လုပ်ဖြစ်တာ နည်းမယ်။ ဟိုဟာလုပ်ရမလို၊ ဒါပဲ လုပ်ရတော့မလိုလိုနဲ့ အတွေးအကြံတွေ များပြီး ဘာမှ မလုပ်ဖြစ်ဘဲ အချိန် ကုန်သွားတတ်တယ်။ ဘယ်အလုပ်မှာမှ စိတ်မပါသလို ဖြစ်နေမယ်။ ခရီးတွေဘာတွေလည်း သွားရနိုင်တယ်။
ကျန်းမာရေး - ဘေးကင်းရန်ကင်းပြီး ကျန်းမာလိမ့်မယ်။ ဦးနှောက်၊ အာရုံကြောတော့ ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် - ဒီအပတ်မှာလည်း မေတ္တာရေးကံတွေ ကောင်းနေမယ်။ ပျိုရွယ်သူတွေ ကိုယ့်ထက် အရာရာ သာလွန်သူနဲ့ ဖူးစာဆုံရတတ်တယ်။ ချစ်သူ၊ လက်တွဲဖော်ဆီကနေ သတင်းကောင်းတွေလည်း ကြားလိမ့်မယ်။ စိတ်ချမ်းသာပျော်ရွှင်ရမယ့်ကာလ ဖြစ်တယ်။ လူမှုရေးမှာတော့ ဘယ်သူ့ကိုမှ စိတ်မချရတဲ့အချိန်မျိုး ဖြစ်တယ်။
ကံကောင်းစေတဲ့ အရောင် - မရမ်းရောင် ၊ အညိုရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၈ ၊ ၂ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူးနေ့ မွန်းလွဲနောက်ပိုင်း ၊ သောကြာ
ယတြာ - သက်ကြီးရွယ်အို နွမ်းပါးသူတွေကို ပန်ကာ (တတ်နိုင်သလောက် အမျိုးအစား) လှူပေးပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွားကံဇာတာ ဆက်ကောင်းမယ့်သီတင်းပတ် ဖြစ်တယ်။ ဒါပေမယ့် ကိုယ်တိုင်ကကို စိတ်များတာ၊ အာရုံမရောက်တာတွေကြောင့် ရသင့်သလောက် မရတာမျိုး ဖြစ်တတ်တယ်။ စပ်တူရှယ်ယာတွေ အကျိုးပေးကောင်းမယ်။ စီးပွားဖြစ်ထွန်းနိုင်တယ်။ မမျှော်လင့်တဲ့အခွင့်အရေးတွေ ရတတ်လို့ သေချာယူရမယ်။
ကျန်းမာရေး - ဟိုနားက နာချင်သလို၊ ဒီနားက နာချင်သလို မအီမသာတွေ ခဏခဏ ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ အချင်းချင်း မကြာခဏ စိတ်ဆိုးစိတ်ကောက် ဖြစ်မယ်။ ဘာမဟုတ်တဲ့ပြဿနာလေးကနေ ပြဿနာအကြီးကြီးအထိလည်း ဖြစ်တတ်လို့ သည်းခံစိတ်ရှည်ပေးနိုင်မှသာ ကောင်းလိမ့်မယ်။ မိသားစုထဲမှာလည်း တကျက်ကျက် ဖြစ်မယ်။ လူမှုရေးမှာ မကျေနပ်စရာလေးတွေ ဖြစ်မယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ရောင်စုံကွက် ၊ ပန်းရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၆
ကံကောင်းစေတဲ့ အရပ် - အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ တနင်္ဂနွေ
ယတြာ - အိမ်ကဘုရားမှာ သာကူမုန့် မကြာခဏ ကပ်လှူပေးပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - လက်ရှိအလုပ်အပေါ် စိတ်ကုန်သလို ဖြစ်လာမယ်။ အလုပ်ပြောင်းချင်၊ ထွက်ချင်စိတ်တွေချည်း ဖြစ်ပေါ်လာနိုင်တယ်။ ဒါပေမယ့် တကယ်ပြောင်းသင့်၊ မသင့်ကိုတော့ သေချာချိန်ဆဖို့ လိုမယ်။ အလုပ်သစ်တွေ နေရာသစ်တွေ အခွင့်အရေး ရတတ်တယ်။ ရပ်ဝေးမြေခြားအလုပ်တွေ ချိတ်ဆက်ထားရင် အောင်မြင်မှု ရမယ်။
ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးကင်းကျန်းမာမယ်။ တော်ရုံတန်ရုံရောဂါတွေ သက်သာမယ်။
လူမှုအိမ်ထောင် - မေတ္တာရေးကံဇာတာက နည်းနည်း ရှုပ်ထွေးတတ်တယ်။ ဆိုလိုတာက ချစ်သူတွေကြားမှာ မလည်မရှုပ်တွေ မလုပ်ဘဲ ဖြူစင်ဖြောင့်မတ်ဖို့ လိုမယ်။ ဘေးပယောဂတွေကြောင့်လည်း သံသယတွေ များမယ်။ အချင်းချင်း ပွင့်လင်းရိုးသားရမယ်။ စကားများကိန်း ရှိတယ်။ လူမှုရေးမှာတော့ အကူအညီကောင်းတွေ ရမယ်။
ကံကောင်းစေတဲ့ အရောင် - ပန်းရောင်၊ ခရမ်းဖျော့ရောင် ၊ အနီရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၆ ၊ ၄
ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ သောကြာ
ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားမှာ သစ်သီး ၆ မျိုးကို ကျကျနန ပြင်ဆင်ပြီး ကပ်လှူပါ။
စနေနေ့ဖွား
အလုပ်အကိုင် - အလုပ်အတွက် သေချာ အာရုံစိုက် ကြိုးစားရမယ့်ကာလ ဖြစ်တယ်။ ပေါ့ပေ့ါတန်တန် လုပ်မိရင် အမှားအယွင်း ဖြစ်လိမ့်မယ်။ အလုပ်တာဝန်တွေ ဆက်တိုက် ပေါ်ပြီး မနေမနား လုပ်ရတတ်တယ်။ စီးပွားရေးမှာ စိတ်ပူရတာ၊ အနှောင့်အယှက် များတာတွေ ကြုံရမယ်။ ငွေရေးကြေးရေးမှာလည်း စိတ်မအေးစရာတွေ ရှိမယ်။
ကျန်းမာရေး - ဦးနှောက် ၊ အာရုံကြောပိုင်း သတိထားရမယ်။ နှလုံး အားနည်းသူတွေ ပိုဂရုစိုက်ပါ။
လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာက အဆိုးအကောင်းတွေ ယှဉ်တွဲနေမယ်။ အခုပဲ အကောင်း၊ တော်ကြာနေ ပြဿနာ ပေါ်တာမျိုး ဖြစ်မယ်။ အပြိုင်အဆိုင်တွေလည်း ပေါ်လာတတ်တယ်။ လူမှုရေးကဏ္ဍမှာ သတိထားရမယ့်သူတွေ ရှိမယ်။ ကိုယ့်အပေါ် မရိုးသားသူတွေ၊ လှည့်ဖျားသူတွေ ရှိလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ရွှေရောင် ၊ အဝါဖျော့ ၊ နက်ပြာ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅ ၊ ၇
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ စနေ
ယတြာ - မိမိအိမ်ထဲက သုံးမရတော့တဲ့ ထီး ၊ ဖိနပ်တွေ စွန့်ထုတ်ပါ။ အဝတ်ဟောင်းတွေ ပြန်လှူပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope