
လက္ခဏာပညာတွင် လူတို့၏မူမတူကြသော လက်ပုံစံအမျိုးအစားများကို ခွဲခြားနားလည်ရန် လိုအပ်ပေသည်။ ၎င်းလက်ပုံစံများကို ခွဲခြားရာတွင် လက်၏ ထုထည်၊ ဗျက်အကျယ်နှင့် အလျားတို့ကို လက်ချောင်းပိုင်း လက်ဝါးပြင်ပိုင်း ခွဲခြား၍ ကြည့်ရှုစစ်ဆေးရမည်ဖြစ်၏။
အချို့သောသူတို့သည် လက်ပုံစံကို သာမန်အားဖြင့် သဘောထားလေ့လာကြ၏။ အမှန်စင်စစ် လက်ပုံစံခုနစ်မျိုးမှ ပေးသောအဓိပ္ပာယ်တို့သည် လမ်းကြောင်းများကို ဆုံးဖြတ်ဟောဆိုရာ၌များစွာ အထောက်အကူရစေသည်ကို နားလည်သဘောပေါက်ထားရပေမည်။ လက်ပုံစံများက ဘယ်တော့မှပြောင်းလဲမှု မရှိပါ။ ပြုပြင်ပြောင်းလဲ၍မရပါ။ ဂြိုဟ်ခုံလမ်းကြောင်းများက အကျင့်သီလ၊ စိတ်ဓာတ်၊ သဘာဝအင်အားအရ ပြောင်းလဲနိုင်စွမ်းရှိနိုင်ပေသည်။ အခြေခံအားဖြင့် လက်ပုံစံများကို သိရှိသဘောပေါက်လာသောအခါ ကောင်းကျိုးကိုဖြစ်ထွန်းစေသော လက်၊ ဆိုးကျိုးကိုဖြစ်ထွန်းစေသော လက်ဟူ၍ ခွဲခြားစိစစ်လာနိုင်လိမ့်မည် ဖြစ်လေသည်။
အချို့သောအောင်မြင်ကျော်ကြားသည့် ပုဂ္ဂိုလ်တို့၏ လက်ဝါးပြင်များမှာ ထူးခြားကောင်းမွန်သော အရေးအကြောင်းတို့ထက် ၎င်းလက်ပုံစံက ပိုမိုကောင်းမွန် ကြောင်း တွေ့ရှိရပေသည်။ လမ်းကြောင်း ဂြိုဟ်ခုံကောင်းမွန်မှုကြည့်ရုံဖြင့် လူတစ်ယောက်၏ကောင်းမှု၊ ဆိုးမှုတို့ကို အပြည့်အဝဆုံးဖြတ်၍မရပါ။ သို့သော်
ယေဘုယျအားဖြင့် ခန့်မှန်းနိုင်ပါသည်။
ထို့ကြောင့် လက်ပုံစံအရေးပါသော အချက်ကို မပြစ်ပယ်မိစေရန် များစွာလိုအပ်ပေသည်။ တစ်နည်းဆိုရလျှင် လက်ပုံစံအချို့တို့သည် သစ်ပင်မျိုးစေ့တို့ကို ခွဲခြားခြင်းနှင့် တူညီပေသည်။ မည်သည့်မျိုးစေ့၊ မည်သည့်အပင်သည် မည်သည့်အသီးအပွင့်သာ သီးနိုင်ပွင့်နိုင်ကြောင်း သိရှိရဘိသကဲ့သို့ လက်ပုံစံတို့ကို ခွဲခြမ်းစိတ်ဖြာခြင်းသည် လူတို့၏ အဆိုးအကောင်းအမျိုးမျိုးကို သတ်မှတ်နိုင်သည်။

လက်ပုံစံတို့သည် ယေဘုယျအားဖြင့် ခုနှစ်မျိုး ကွဲပြားတည်ရှိနေလေသည်။ ထိုခုနှစ်မျိုးမှ အချင်းချင်း တွဲစပ်ဖက်နွှယ်လျက်လည်း တည်ရှိနေပြန်တတ်လေသည်။ ထိုလက်ပုံစံခုနှစ်မျိုးမှာ-
၁။ အခြေခံလက် - Elementary Hand
၂။ လေးထောင့်လက် - Square Hand
၃။ ကျယ်ပြန့်သောလက် - Spatulate Hand
၄။ အဘိဓမ္မာဆန်သောလက် - Philosophic Hand
၅။ အနုပညာလက်(ကန်တော့ချွန်လက်) – Artistic Hand
၆။ စိတ်ကူးယဉ်လက် - Psychic Hand
၇။ ရောထွေးသောလက် - Mixed Hand ဟူ၍ အသီးသီးဖြစ်ကြလေသည်။
နောက်တစ်ပတ်မှာတော့ လက်ခုနစ်မျိုးအကြောင်းကို အသေးစိတ်ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်.
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope