(၇) ရက်သားသမီးများအတွက် မစိုက်အပ်တဲ့အပင်နှင့် မနေအပ်တဲ့ မြို့များ
lotaya.mpt.com.mm
|
2023-06-02

မစိုက်အပ်တဲ့အပင်တွေ ၊ မသုံးအပ်တဲ့အသားတွေ ၊ မသုံးအပ်တဲ့ သစ်ပင်တွေ သစ်သားတွေ ၊ မနေအပ်တဲ့ မြို့တွေအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။

အဲဒီတော့ မနေအပ်တဲ့မြို့တွေ ၊ မသုံးသင့်တဲ့အသားတွေ ၊ မစိုက်သင့်တဲ့သစ်ပင်တွေထဲကနေပြီး အခုတင်ပြမှာကတော့ -

နေ့သားအလိုက်မှာ တြိရန်းကို ဆပွတ်အုပ်တဲ့ အပင်တွေ ၊ တြိရန်းကို ဆပွတ်အုပ်ထားတဲ့ သစ်သားတွေကို မသုံးရမှာ ၊ တြိရန်းကို ဆပွတ်အုပ်ထားတဲ့ မြို့ရွာနာမည်တွေကို မနေထိုင်သင့်တာ ဖြစ်ပါတယ်။ တြိရန်းကို ဆပွတ်အုပ်တယ်ဆိုတာက ဥပမာအားဖြင့် - မိမိရဲ့နေ့နံကနေပြီးတော့ ရေမယ်ဆိုရင် သုံးခုမြောက်က တြိရန်းခေါ်ပါတယ်။ ခြောက်ခုမြောက်ကြတော့ ဆပွတ်ခေါ်ပါတယ်။

ဥပမာအားဖြင့် - တနင်္ဂနွေသားသမီးဆိုရင် တနင်္ဂနွေကနေစပြီးတော့ ရေရင် တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ (အင်္ဂါက တြိရန်း) ဖြစ်ပါတယ်။ ဆပွတ်ဆိုရင် တနင်္ဂနွေသားသမီးက တနင်္ဂနွေ ၊တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ (သောကြာနံက သူရဲ့ဆပွတ်) ဖြစ်ပါတယ်။ မိမိရဲ့ နေ့နံရဲ့ တြိရန်းအစ ဆပွတ်အဆုံးရှိတဲ့ သစ်ပင်ကို မစိုက်သင့်ပါဘူး။ အဲဒီသစ်ပင်အသားကို မသုံးသင့်ပါဘူး။ အဲဒီနံပါတဲ့မြို့ရွာ မနေသင့်ပါဘူး။

တနင်္ဂနွေသားသမီးဆိုရင် မိမိရဲ့သုံးခုမြောက်နံက အင်္ဂါနံ ၊ ခြောက်ခုမြောက်နံက သောကြာနံ (အင်္ဂါ အစ သောကြာ အဆုံး) ရှိတဲ့နံ ၊ အင်္ဂါနံက ဘာလဲဆိုရင် စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည က အင်္ဂါနံ (၃) ဖြစ်ပါတယ်။

နာမည်မှည့်တာဘဲဖြစ်ဖြစ် ဥပမာ - စိုးနိုင်ဆိုရင် အင်္ဂါသားဖြစ်တယ်။ မြင့်စိုင်းဆိုရင် ကြာသပတေး သားသမီးဖြစ်တယ်ဆိုတာကို ချက်ချင်းသိနိုင်အောင်ကတော့ သူရဲ့နေ့သား (၇)နေ့ရဲ့ နေ့နံအလိုက် သတ်မှတ်ထားတဲ့ အက္ခရာတွေကိုတော့ အခြေခံအားဖြင့် သိရမှာ ဖြစ်ပါတယ်။

က ၊ ခ ၊ ဂ ၊ ဃ ၊ င          - တနင်္လာနံ (၂)

စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည          - အင်္ဂါနံ (၃)

တ ၊ ထ ၊ ဒ ၊ ဓ ၊ န          - စနေနံ (၇)

ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ            - ကြာသပတေးနံ (၅)

ယ ၊ ရ ၊ လ ၊ ၀                - ဗုဒ္ဓဟူးနံ (၄)

သ ၊ ဟ                          - သောကြာနံ (၆)

ရ၊ဏ                           - ရာဟုနံ (၈)

အ                                - တနင်္ဂနွေနံ (၁) ဆိုပြီးတော့ အခြေခံအားဖြင့် နေ့(၇)နေ့ရဲ့ မိမိရဲ့နာမ်သစ်အက္ခရာတွေ ၊ နာမ်သစ်ဂဏန်းတွေကို သိရမှာ ဖြစ်ပါတယ်။ ဥပမာ ။           ။ တနင်္ဂနွေ (၁) ၊ တနလာၤ (၂) ၊ အင်္ဂါ (၃) ၊ ဗုဒ္ဓဟူး (၄) ၊ ကြာသပတေး (၅) ၊ သောကြာ (၆) ၊ စနေ (၇) ၊ ရာဟု (၈)

တနင်္ဂနွေသားသမီးဆိုရင် အင်္ဂါအစ သောကြာအဆုံး ဖြစ်တဲ့နေ့နံတွေကို စိုက်ပျိုးခြင်း မလုပ်ရဘူး။ နေ့နံပါတဲ့သစ်ပင်တွေကို မစိုက်ရဘူး ။ အဲဒီအပင်ကထွက်တဲ့သစ်သားတွေ ၊ ပျဉ်တွေကိုလည်း မိမိက အိမ်ဆောက်တာဘဲဖြစ်ဖြစ် ၊ လှည်းလုပ်တာဘဲဖြစ်ဖြစ် ၊ ကြမ်းခင်းတာဘဲဖြစ်ဖြစ် ဘယ်လိုနေရာမှ မသုံးသင့်ပါဘူး။ အဲဒီလိုဘဲ မြို့ရွာအနေနဲ့လည်း အင်္ဂါနံကစပြီးတော့ သောကြာနံဆုံးတဲ့ မြို့ရွာတွေမှာ မနေသင့်ပါဘူး။ မိမိအတွက် ခိုက်တတ်ပါတယ်။ မိမိအတွက် ထိခိုက်မှုတွေ  ၊ ဆုံးရှုံးမှုတွေ ၊ နစ်နာမှုတွေ ဖြစ်တတ်ပါတယ်။

နေ့ (၇)နေ့လုံးကို မိမိရှောင်ရမယ့် အပင်တွေ ၊ ရှောင်ရမယ့်သစ်သားတွေ ၊ ရှောင်ရမယ့် မြို့ရွာတွေ အကြောင်းကို ပြောရမယ်ဆိုပါက

တနင်္ဂနွေသားသမီးများအတွက် ဆပ်သွားပင်ကို မစိုက်ရပါဘူး။ အဲလိုဘဲ အင်္ဂါစပြီးတော့ သောကြာဆုံးတဲ့အပင်တွေကို မိမိက ကြံဆပြီးတော့ သိနိုင်ပါလိမ့်မယ်။ အဲဒီအပင်တွေကို မိမိလုပ်မယ့်ကိစ္စတွေမှာ အသုံးမပြုသင့်ပါဘူး။ နေရာအရပ်မှာလည်း ဆိတ်သာအရပ်တို့ ၊ ဆင်သေရွာတို့ ၊ ညောင်ပင်သာရွာတို့ ဒီလိုရွာတွေမှာ မနေသင့်ပါဘူး။ တစ်ချို့ကကြတော့ အဲဒီရွာမှာမွေးတယ်။ အဲဒီရွာမှာ အစထဲက ရှိတဲ့အတွက် နေတယ်။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်တူသလားဆိုတော့ အချို့ကတော့ သူ့ရဲ့ကံအရ မိမိက ချမ်းသာမယ့်ကံပါတော့ ချမ်းသာတယ်။ ဒါပေမယ့် အရပ်မတည့်တဲ့အခါကျတော့ မိမိမှာတော့ အထိအခိုက်တွေ ၊ အခက်အခဲတွေ ၊ ကြန့်ကြာမှုတွေတော့ ရှိတတ်ပါတယ်။ မိမိက ကုသိုလ်ကံအားနည်းမယ် အရပ်မတည့်တဲ့အရပ်မှာလည်း နေဖြစ်မယ်ဆိုရင် ပိုပြီးတော့ ထိခိုက်မှုတွေ ၊ ကျရှုံးမှုတွေ ဖြစ်တတ်ပါတယ်။

တနင်္လာသားသမီးဆိုလို့ချင်ရင်တော့ လက်ထုပ်ပင်ကို မစိုက်သင့်ပါဘူး။ လက်ထုပ်သားကိုလည်း အိမ်အဖြစ်လည်း မသုံးသင့်ပါဘူး။ မိမိအသုံးပြုတဲ့နေရာထိုင်ခင်းတွေမှာ မသုံးသင့်ပါဘူး။ မြို့ရွာမှာဆိုရင်လည်း ဗုဒ္ဓဟူးစပြီးတော့ စနေဆုံးတဲ့ လှိုင်းတက်တို့ ၊ လှိုင်းဝဲထောက်တို့ ၊ ရွှေတောင်တို့ ၊ လပွတ်တာတို့ ၊ လပဲတန်းတို့ ဒီလိုအရပ်တွေ ဒီလိုမြို့ရွာတွေမှာ မနေသင့်ပါဘူး။ နေလို့ချင်ရင် ဘာဘဲပြောပြော မိမိနေ့နံအရတော့ အားနည်းချက်တွေဖြစ်ပြီးတော့ ဆုံးရှုံးမှုတွေ ၊ ယုတ်လျော့မှုတွေ ရှိတတ်ပါတယ်။ မိမိက ကုသိုလ်ကံအားကောင်းလို့ ချမ်းသာရင်တောင်မှ အရပ်မတည့်တဲ့အတွက် ထိခိုက်မှုတွေ ၊ အားနည်းမှုတွေ ၊ အားနည်းချက်တွေတော့ ရှိတတ်ပါတယ်။

အင်္ဂါသားသမီးဆိုရင်တော့ ကြာသပတေးစပြီးတော့ တနင်္ဂနွေဆုံးတဲ့ အပင်တွေကို မစိုက်သင့်ပါဘူး။ အဲဒါကတော့ ဘာလဲဆိုရင် မအူပင်ကို မစိုက်သင့်ပါဘူး။ မအူပင်က မအူသားတွေကိုလည်း အိမ်အဖြစ်လည်း မသုံးသင့်ပါဘူး။ ကြမ်းအဖြစ်လည်း မသုံးသင့်ပါဘူး။ မြို့ရွာတွေ ပြောမယ်ဆိုလို့ချင်ရင်လည်း မြန်အောင်လို့ ၊ ဖားအံတို့ ၊ ပူတာအိုတို့ ဒီလိုအရပ်တွေ မြို့ရွာတွေမှာ မနေသင့်ပါဘူး။

ဗုဒ္ဓဟူးသားသမီးဆိုရင်တော့ သောကြာစပြီးတော့ တနလာၤဆုံးတဲ့ သစ်ပင်တွေ မစိုက်သင့်ပါဘူး။ မသုံးသင့်ပါဘူး။ သောကြာစပြီးတော့ တနလာၤဆုံးတဲ့ မြို့ရွာတွေမှာ မနေထိုင်သင့်ပါဘူး။ အဲဒါကတော့ သကြားပင်တို့ ၊ သင်္ကန်းပင်တို့ ဒီအပင်တွေကို မစိုက်သင့်ပါဘူး။ အဲဒီသစ်ပင်က အသားတွေကိုလည်း မသုံးသင့်ပါဘူး။ မြို့ရွာတွေ ပြောမယ်ဆိုလို့ချင်ရင်လည်း သက်ကယ်ကျင်းတို့ ၊ သင်္ဃန်းကျွန်းတို့ ၊ တောင်ကြီးတို့ ၊ သဲကုန်းတို့ ၊ သုံးခွတို့ ဒီလိုမျိုး အရပ်တွေ ၊ မြို့ရွာတွေမှာ မနေသင့်ပါဘူး။

ကြာသပတေးသားသမီးဆိုရင်တော့ စနေစပြီးတော့ အင်္ဂါဆုံးတဲ့ သစ်ပင်တွေကို မစိုက်သင့်ပါဘူး။ အဲဒါကတော့ တဇွက်ပင်တို့ ၊ တိမ်းညက်ပင်တို့ကို မစိုက်သင့်ပါဘူး။ အဲဒီအသားတွေကိုလည်း အိမ်ဆောက်တဲ့နေရာမှာ ဖြစ်ဖြစ် ၊ ကြမ်းခင်းတဲ့နေရာမှာ ဖြစ်ဖြစ် မသုံးသင့်ပါဘူး။ မြို့ရွာတွေ ပြောမယ်ဆိုရင်လည်း တောင်စွန်းတို့ ၊ တဇောင်းတို့၊ နမ့်စမ်တို့ ဒီလိုအရပ်ဒေသတွေမှာ မနေသင့်ပါဘူး။ နေမယ်ဆိုရင် မိမိအတွက် အားနည်းချက်တွေ ၊ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။

သောကြာသားသမီးတွေကြတော့ တနင်္ဂနွေစပြီးတော့ ဗုဒ္ဓဟူးဆုံးတဲ့ သစ်ပင်တွေကို မစိုက်သင့်ပါဘူး။ အဲဒါကတော့ ဥသျှစ်ပင်တို့ ဒီလိုအပင်မျိုးတွေကို သောကြာသားတွေက မစိုက်သင့်ပါဘူး။ ဥသျှစ်သားကိုလည်း ဘယ်နေရာမှ မသုံးသင့်ပါဘူး။ သုံးလို့ချင်ရင် မိမိအတွက် အနုတ်လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ မြို့ ရွာတွေ ပြောမယ်ဆိုရင်လည်း အင်းဝတို့ ၊ အင်းလေးတို့ ၊ အောင်လံတို့ ဒီလိုအရပ်ဒေသတွေမှာ မိမိက မနေထိုင်သင့်ပါဘူး။ နေလို့ချင်ရင် မိမိအတွက် အကျိုးမရှိပါဘူး။ အနှောင့်အယှက်တွေ ၊ အခက်အခဲတွေ ၊ အနုတ်လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ မိမိက အတိတ်ကံက အားကြီးတဲ့အတွက် ချမ်းသာရင်တောင်မှ ကျန်းမာရေး မကောင်းတာတို့ ၊ ခဏခဏ ပြဿနာတက်တာတို့ ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

စနေသားသမီးတွေဆိုရင်တော့ တနင်္လာစပြီးတော့ ကြာသပတေးဆုံးတဲ့ဲ အပင်တွေကို မစိုက်သင့်ပါဘူး။ အဲဒါကတော့ ကြက်မောက်ပင်တို့ ၊ ငွေပန်းပင်တို့ ၊ ဂမုန်းပင်တို့ ဒါတွေကို မစိုက်သင့်ပါဘူး။ ဒီအသားတွေကိုလည်း မသုံးသင့်ပါဘူး။  မြို့ရွာတွေကို ပြောမယ်ဆိုလို့ချင်ရင် ကျောက်မဲ ၊ ကျောက်မြောင်း ၊ ကူမဲ ၊ ကျောက်ဖြူ စသဖြင့် ဒီလိုမျိူးရွာတွေမှာ မနေသင့်ပါဘူး ။ ဒီလိုနေမယ်ဆိုရင် မိမိအတွက် အနုတ်လက္ခဏာဖြစ်တတ်ပါတယ်။ တဖက်က မိမိလုပ်ရည်ကိုင်ရည်ရှိလို့ ကံကောင်းလို့ အောင်မြင်နေရင်တောင်မှ တဖက်ကနေပြီးတော့ မိမိအတွက် ထိခိုက်မှုတွေ အနုတ်လက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။

အဲဒီတော့ မိမိရဲ့ အကျိုးပြုမယ့်အရပ်ကိုလည်း နေမယ်။ ကိုယ်ကလည်း အတိတ်ကံကောင်းနေမယ်ဆိုရင်တော့ ပိုပြီးတော့ အေးချမ်းပြီး ပြေပြေလည်လည်နဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေရှိမှာပါ။ ပိုပြီးတော့ တိုးတက်မှုတွေရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နေ့သားအလိုက် မစိုက်သင့်တဲ့အပင်တွေ ၊ မသုံးသင့်တဲ့သစ်သားတွေ ၊ မနေအပ်တဲ့မြို့ရွာတွေ အကြောင်းကို တင်ပြခြင်းသာဖြစ်ပါတယ်။ ဒါတွေကို ရှောင်ကြဉ်ခြင်းအားဖြင့်လည်း မိမိဘဝအတွက် တဖက်တလှမ်းကနေပြီးတော့ အနှောင့်အယှက်တွေ ကင်းပြီးတော့ အေးချမ်းစွာ ဘဝကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#တနင်္ဂနွေ
#ကြာသပတေး
#ဂမုန်းပင်
#တောင်ကြီး
#သစ်သား

Some text some message..