ဇာတာကြီးလေးပါး (သို့မဟုတ်) အောင်မြင်ကြီးပွားကံ ပါ၊ မပါ တွက်နည်း
lotaya.mpt.com.mm
|
2023-06-14

မြန်မာ့ရိုးရာဗေဒင်ပညာရပ်တွင် လူတစ်ယောက် အောင်မြင်ကျော်ကြားမည့်၊ ကြီးပွားချမ်းသာမည့် ကံဇာတာ ပါ၊ မပါ ယေဘုယျ တွက်ချက်ကြည့်နိုင်သော ကိန်းခန်းများ ရှိသည်။

ထိုဗေဒင်ကိန်းခန်းများထဲတွင် လေးအင်ဇာတာကြီး (ခေါ်) ဇာတာကြီးလေးပါးတွက်နည်းသည် လက်တွေ့ကျကျ သုသေတန ပြုကြည့်သလောက် ထိရောက်မှန်ကန်မှု ရှိသော ကိန်း တစ်ခု ဖြစ်သည်။

ရှေးပညာရှိတို့က ထိုကိန်းကို “သက္ကရာဇ်မူလ၊ ဒွါဒချင်းချေ၊ သတ္တစားပြန်၊ ဂဠုန်နံနှင့် တဖန်သီဟ ဘောဂဝတီ၊ သုဇိသခင်၊ ငါးခုပင်တည့်၊ လေးအင်ဇာတာ၊ တဖြာဖြာကို၊ ရသည်တသူ၊ တံခွန်ထူသည်၊ ကြည်ဖြူ များအံ့ အကြောင်းသော်” ဟူ၍ လင်္ကာဖွဲ့ မှတ်တမ်းတင်ခဲ့ကြသည်။

လင်္ကာကို အဖြေရှာသော် တွက်ချက်လိုသူ၏ မြန်မာမွေးသက္ကရာဇ်ကို တည်၍ ၁၂ နှင့် စားပါ။ အကြွင်းကို ၇ ဖြင့် ထပ်စားပါ။

(၁) ကြွင်းလျှင် ဂဠုန်မင်းဇာတာ

(၃) ကြွင်းလျှင် ခြင်္သေ့မင်းဇာတာ

(၅) ကြွင်းလျှင် သိကြားမင်းဇာတာ

(ဝ) ကြွင်းလျှင် နဂါးမင်းဇာတာ  ရသည်ဟု အဟော ရှိသည်။ ဇာတာကြီးလေးပါးထဲတွင် အပါအဝင် ဖြစ်နေပါက ဘဝတွင် ထင်ရှားကျော်ဇော်မည့် ၊ စည်းစိမ်ချမ်းသာ ရနိုင်သည့် ဇာတာရှင် ဖြစ်သည်။ (မှတ်ချက် - ကျန်သော အကြွင်းများ မပါပါ။)

ဥပမာအနေဖြင့် လက်ရှိ ကမ္ဘာပေါ်တွင် သန်းထောင်ချီ ကြွယ်ဝသည့် ထိပ်တန်းဘီလျံနာစာရင်းဝင်လည်း ဖြစ်၍ စွန့်ဦးတီထွင်လုပ်ငန်းရှင်အဖြစ်လည်း ကျော်ကြားသော အီလွန်မတ်စ်သည် မြန်မာသက္ကရာဇ်အရ ၁၃၃၃ ခုနှစ် တွင် မွေးဖွားခဲ့သည်။

၁၃၃၃ ကို ၁၂ ဖြင့် စားပါက (၁) ကြွင်းသည်။ (၁) ကြွင်းကို ၇ ဖြင့် ထပ်စား၍ မရသောကြောင့် (၁) ကြွင်းလျှင် ဂဠုန်မင်းဇာတာ ဆိုသည့်အတိုင်း ဇာတာကြီးလေးပါးထဲတွင် အပါအဝင် ဖြစ်လာပါသည်။

ဥပမာတစ်ခု ထပ်ပြပါမည်။ အမေဇုန်လုပ်ငန်းကို တည်ထောင်သူ၊ ကမ္ဘာကျော်ဘီလီယံနာ ဂျက်ဖ်ဘီဇော့သည် မြန်မာနှစ် ၁၃၂၅ တွင် မွေးဖွားခဲ့သည်။ ယင်းကို ၁၂ ဖြင့် စားပါက ၅ ကြွင်းသည်။ ၅ ကြွင်းကို ၇ ဖြင့် ထပ်စား၍ မရသောကြောင့် (၅) ကြွင်းလျှင် သိကြားမင်းဇာတာ ဟူ၍ ဖြစ်လာသည်။

အီလွန်မတ်စ်နှင့် ဂျက်ဖ်ဘီဇော့တို့လို တစ်နှစ်တည်းတွင် အတူ မွေးဖွားခဲ့သူတိုင်း ထိုသူများနှင့် ဇာတာအတူတူ ဖြစ်ကာ ကံကြမ္မာ မတူနိုင်ဘူးလားဟု မေးခွန်း ရှိနိုင်ပါသည်။ မှန်ပါသည်။ ဇာတာ တူညီတိုင်း ကံချင်း မတူနိုင်ဘဲ ဘဝအခြေအနေ၊ နောက်ခံအကြောင်းတရားတို့ကလည်း ကွဲပြားနေမည် ဖြစ်ပါသည်။

သိုသော် မိမိသည် လေးအင်ဇာတာကြီးတွင် အပါအဝင် ဖြစ်ပြီး ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်နေမည် ဆိုပါက သူတပါးထက် ကံအခွင့်အလမ်း ပိုမို အားသာနိုင်ကြောင်း အသိပေးလိုရင်း ဖြစ်ပါသည်။

မြန်မာ့ရိုးရာဗေဒင် အစဉ် ထွန်းကားတောက်ပစေလိုသော ဆန္ဒဖြင့်…

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#ကံဇာတာ
#ဗေဒင်ပညာ
#ကံကြမ္မာ
#မွေးသက္ကရာဇ်

Some text some message..