
အရှေ့တိုင်းနက္ခတ်ဗေဒင်အရ ကောဇာ စနေဂြိုဟ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိ ကုမ်ရာသီမှာ လေးလကျော်ကြာ အသွားမမှန်ဘဲ နောက်ပြန်သွားလာနေမှာ ဖြစ်ပါတယ်။
ကောဇာစနေ အတည့် မသွားဘဲ နောက်ပြန် ရွေ့လျားနေတဲ့လေးလကျော်ကာလအတွင်း ဆောင်ရန်၊ ရှောင်ရန် အချက်တွေနဲ့ သိမှတ်ဖွယ်ရာ အချက်တွေကို ဗေဒင်သုတအဖြစ် တင်ပြပေးလိုက်ပါတယ်။
စနေဂြိုဟ် မိတ်ဆက်
နက္ခတ်ဗေဒင်ပညာမှာ စနေဂြိုဟ်ဟာ ရာသီခွင်တစ်ခုကို ၂ နှစ်ခွဲကြာ ကောဇာသွားလေ့ရှိပြီး တစ်နှစ်ကို တစ်ခါ အသွားမမှန်ဘဲ နောက်ပြန်လှည့်တတ်ပါတယ်။ တကယ်တော့ ကောင်းကင်ပြင်မှာ ဘယ်ဂြိုဟ်မှ မျက်မြင်အရ နောက်ပြန်လှည့် သွားတာမျိုး မဟုတ်ဘဲ ကမ္ဘာရဲ့ရွေ့လျားမှုနဲ့ တခြားဂြိုဟ်တွေရဲ့အသွားနှုန်းကို နှိုင်းယှဉ်ရာက အတည့်သွားတာ၊ နောက်ပြန်ဆုတ်တာဆိုပြီး ဗေဒင်ပညာအရ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
စနေဂြိုဟ် အသွားမမှန်တဲ့အခါ
အခုလို စနေဂြိုဟ်အသွားမမှန်တဲ့ လေးလကျော်အတွင်းမှာ ဘယ်သူမဆို စိတ်ဖိစီးမှုတွေ များတာ၊ တာဝန်ပိုတွေ ထမ်းဆောင်ရတာ၊ သည်းခံအောင့်အီး မျိုသိပ်ရတာတွေ ကြုံလာတတ်ပါတယ်။ နက္ခတ်ဗေဒင်အရဆို စနေဂြိုဟ် နောက်ပြန်ဆုတ်ချိန်မှာ ငလျင်နဲ့ သဘာဝဘေးတွေ ဖြစ်ပေါ်လာတတ်ပြီး ကမ္ဘာနဲ့အဝန်း စားနပ်ရိက္ခာ ရှားပါးတာ၊ လူအများ ငတ်မွတ်ခေါင်းပါးတာ၊ အမှုသောက ပွေရတာတွေလည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
စနေဂြိုဟ် နောက်ပြန်လှည့်တဲ့ ဖော်ပြပါလေးလကျော်အတွင်း သူပိုင်ဆိုင်တဲ့ ကုမ်ရာသီကနေ အားကောင်းစွာနဲ့ သိဟ်ရာသီကို မြင်ယှဉ် ဆက်သွယ်ထားပါတယ်။ ဒါကြောင့် သိဟ်ရာသီကို တခြားကောဇာဂြိုဟ်တွေ ဖြတ်သန်း စီးနင်းချိန် ဖြစ်တဲ့ (ဇူလိုင်ကနေ အောက်တိုဘာလအထိ) မှာ အစစအရာရာ သတိထားရမှာ ဖြစ်ပါတယ်။
စနေဂြိုဟ် နဲ့ ဆောင်ရန် ၊ ရှောင်ရန်များ
စနေဟာ အဆုံးအမကြမ်းတဲ့ ဆရာသခင်လို ဖြစ်ပြီး လောကီရေးရာထက် လောကုတ္တရာ ဘာသာရေးဘက်ကို အားသန်တဲ့ဂြိုဟ် ဖြစ်လို့ စနေဂြိုဟ် ပုံမှန်မသွားတဲ့ ဒီလေးလကျော်အတွင်းမှာ ဘာသာရေးကို ပိုအားစိုက်တာ၊ တရားဓမ္မ လိုက်စားတာ၊ အဓိဌာန်ဝင်တာ၊ သည်းခံခြိုးခြံတာတွေက ယတြာကောင်းပဲ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်က ဘာသာရေးလည်း မလုပ်ဖြစ် ၊ သည်းခံစိတ်ရှည်မှုလည်း မရှိ၊ အသွားအလာ အနေအထိုင် မဆင်ခြင်ဘဲ ထင်သလို ပြုမူပြီး စိတ်အလိုတွေပဲ လိုက်မိခဲ့ရင်တော့ စနေဂြိုဟ် အတည့်ပြန်သွားမယ့် နိုဝင်ဘာလ နောက်ပိုင်းမှာ စနေရဲ့ ဒဏ်ခတ်မှုကို တန်ပြန် ခံစားရတတ်ပါတယ်။
ဒါကြောင့် စနေဂြိုဟ် နောက်ပြန်လှည့်နေမယ့် ဒီလေးလကျော်အတွင်းမှာ
- ဘယ်အရာမဆို သတိနဲ့ ချဉ်းကပ်၊ ပြုမူ၊ ပြောဆို၊ လုပ်ကိုင်ပါ။
- ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာပဲ ဖြတ်သန်းပါ။ ဒရာမာ သိပ်မဆန်ပါနဲ့။
- လုပ်ငန်းကြီး၊ ကိစ္စကြီးတွေ မစပါနဲ့ဦး။ အနားယူပါ။ ပြန်လှန်သုံးသပ်ပါ။
- အသုံးအဖြုန်းတွေ လျှော့ချပါ။ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားပေးပါ။
- လုပ်တိုင်း မဖြစ်တာတွေ ကြုံရင် အတင်း ဖိမလုပ်ပါနဲ့။ ပိုဆိုးသွားတတ်တယ်။
- မလိုအပ်ဘဲ မစွန့်စားပါနဲ့ ။ ရှိတာလေးနဲ့ စောင့်ကြည့် ထိန်းသိမ်းလုပ်ပါ။
ဒါတွေကတော့ စနေဂြိုဟ်သွား မမှန်တဲ့ လေးလကျော်အတွင်းမှာ ဆောင်ဖို့ ၊ ရှောင်ဖို့ အဓိကအချက်တွေ ဖြစ်ပြီး လူအများ နားလည်သဘောပေါက်လွယ်အောင် တင်ပြပေးထားပါတယ်။
နက္ခတ်ဗေဒင်သုတ တိုးပွားရရှိကြပါစေ
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope