
တစ်ချို့က အသက်ရှည်ပြီး အိုဇာတာကောင်းမွန်ကာ အစစအရာရာပြည့်စုံကြသူတွေ ရှိကြပါတယ်။ တစ်ချို့ကတော့ အသက်ရှည်သော်လည်း အိုဇာတာ မကောင်းကြပါဘူး။ အိုဇာတာကောင်းခြင်းဆိုတာက အိမ်ထောင်ရှိခြင်း၊ သားသမီးရှိခြင်း၊ စီးပွားရာထူးကောင်းမွန်ခြင်းတို့နဲ့ မဆိုင်ပါဘူး။ သားသမီးများပြီး စီးပွားရေးကောင်းသော်လည်း အသက်ကြီးတဲ့အခါ ဘယ်သူကမှ မစောင့်ရှောက်တဲ့ သက်ကြီးဘိုးဘွားတွေကို အများကြီးတွေ့နိုင်သလို တစ်ကောင်းကြွက်ဖြစ်သော်လည်း အသက်ကြီးတဲ့အခါ အလွန်အဆင်ပြေပြီး ကံကောင်းလှတဲ့သူတွေလဲ ရှိကြပါတယ်။ ဒါကြောင့် အသက်ရှည်ခြင်း၊ အိုဇာတာကောင်းခြင်းဆိုတာ ကံပေါ်မှာ မူတည်လျက်ရှိပါတယ်။
လက္ခဏာကို ကြည့်တဲ့အခါ အသက်ရှည်ခြင်းအတွက် အသက်လမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်း၊ နှလုံးလမ်းကြောင်း စတဲ့ လမ်းကြောင်းကြီးတွေကို ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ အိုဇာတာကောင်းမွန်ခြင်းအတွက် လက္ခဏာမှာ အောင်မြင်ရေးလမ်းကြောင်းသည် အလွန်အရေးပါပါတယ်။
အောင်မြင်ရေးလမ်းကြောင်း ကောင်းမွန်ပြီး အဖျက်မှတ်များကင်းသော လက္ခဏာရှင်အနေနဲ့ အသက်ရှည့်သည့်အခါ အိုဇာတာလည်းကောင်းမွန်ပါမယ်။ သားသမီး မြေးများဖြင့် ကျန်းမာချမ်းသာစွာ နေထိုင်သူဖြစ်သော်လည်း အောင်မြင်ရေးလမ်းကြောင်း ညံ့သူအနေဖြင့် အိုဇာတာထိခိုက်တတ်ပါတယ်။
ယခုဖော်ပြလိုတာက အောင်မြင်ရေးလမ်းကြောင်း၏အဆုံးတွင် ကျွန်းပါရှိသူလက္ခဏာရှင်ဖြစ်ခဲ့ပါက ဖြစ်ပေါ်လာမည့် အခြေအနေကို တင်ပြလိုပါတယ်။ အောင်မြင်ရေးလမ်းကြောင်းရဲ့အဆုံးမှာ ကျွန်းပါရှိခဲ့ရင် အိုဇာတာလုံး၀ မကောင်းပါဘူး။ သားသမီး မြေးများ ရှိစေကာမူ ချမ်းသာစေကာမှု အသက်ကြီးလာလေ ဒုက္ခတွေ့ရလေ ဖြစ်တတ်ပါတယ်။ ငွေကြေးအလိမ်ခံရခြင်း၊ ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း၊ အနာရောဂါတို့ နှိပ်စက်ခြင်းစတဲ့ အခြေအနေများကြောင့် စိတ်ပူပင်ရတတ်ပါတယ်။ မိမိအနေနဲ့ အိုဇာတာညံ့သည်ကို သိသောအခါ ထိုအခြေအနေကို ကယ်တင်ရန်အတွက် ကုသိုလ်ပြုခြင်း၊ မေတ္တာပွားခြင်း၊ နွမ်းပါးသူများကို ပေးလှူခြင်းတို့ကို ပြုလုပ်ပါက အညံ့များ သက်သာစေမည် ဖြစ်ပါတယ်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope