နေ့ဖွားအားလုံးအတွက် ဒီတစ်နှစ်စာ မေတ္တာရေးကံဇာတာ
lotaya.mpt.com.mm
|
2023-07-12

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် (၂၀၂၃  ဧပြီ ၁၇ မှ ၂၀၂၄  ဧပြီ ၁၆ အထိ) တစ်နှစ်တာအတွင်း နေ့နံအလိုက် ချစ်မှုရေးရာ ၊ မေတ္တာရေးကံဇာတာ အဆိုးအကောင်း၊ အပြောင်းအလဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

ဒီတစ်နှစ်မှာ တနင်္ဂနွေနေ့ဖွားတွေ မေတ္တာရေးကံ အားနည်းတတ်ပါတယ်။ ပျိုရွယ်သူတွေ စန်းပွင့်တတ်ပေမယ့် နှလုံးသားရေးမှာ စိတ်ပျက်ဝမ်းနည်းစရာတွေ ဖြစ်တတ်ပါတယ်။ လိုတာမရ ၊ ရတာမလို ဖြစ်နေပြီး အဆင်ပြေလို့ လက်တွဲ ဖြစ်ရင်တောင်မှ မတည်မြဲဘဲ ပြတ်စဲလွယ်တတ်ပါတယ်။ အိမ်ထောင်ရှင်တွေ စိတ်ညစ်စရာ များပါမယ်။

တနင်္လာသားသမီး

တနင်္လာနေ့ဖွားတွေကတော့ ဒီနှစ်ထဲမှာ စိတ်နှစ်ခွ ဖြစ်စရာ အချစ်ရေးကံဇာတာမျိုး ဖြစ်တတ်ပါတယ်။ ရွေးရခက် စဉ်းစားရ ကျပ်တာတွေ များနေပါလိမ့်မယ်။ ကိုယ်တိုင်ကလည်း ချစ်သူအပေါ် စိတ်ရှည်သည်းခံမှု နည်းတတ်ပြီး အမှားတွေ လုပ်မိတတ်ပါတယ်။ စုံတွဲတွေ၊ အိမ်ထောင်ရှင်တွေ အတူနေရတဲ့အချိန်တွေ နည်းပါးတတ်ပါတယ်။

အင်္ဂါသားသမီး

ဒီနှစ်မှာ အင်္ဂါနေ့ဖွား လူပျို၊ အပျိုတွေ စန်းပွင့်ပြီး ချစ်သူရလွယ်တတ်ပါတယ်။ မေတ္တာရေးမှာ ပန်းခင်းလမ်းအပေါ် အတူ လျှောက်လှမ်းရသလို ဖြစ်နေပါမယ်။ အရင်က မပွင့်မလင်းနဲ့ အုံ့ပုံး ခံစားခဲ့ရတာတွေ ဖွင့်ချ ဖွင့်ဟလိုက်ဖို့ အခွင့်အရေး ပေါ်လာပါလိမ့်မယ်။ တူနှစ်ကိုယ်ဘဝလေး ထူထောင်ချင်ရင်လည်း လိုအင်ဆန္ဒ ပြည့်ဝနိုင်ပါတယ်။

ဗုဒ္ဓဟူးသားသမီး

အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံခေမယ့် နေ့ဖွားတွေ ဖြစ်လို့ ဒီတစ်နှစ်မှာ ပျိုရွယ်သူတွေသာမက စုံတွဲတွေရော အိမ်ထောင်ရှင်တွေပါ စိတ်ရှည်သည်းခံမှု၊ သစ္စာရှိမှု၊ နားလည်မှုတွေ အများကြီး လိုပါလိမ့်မယ်။ လူပျိုအပျိုတွေ ရပ်ဝေးမြေခြား ဖူးစာမျိုး ပေါ်လာတတ်ပါတယ်။ လက်ရှိ ချစ်သူနဲ့ လမ်းခွဲပြီး ချစ်သူသစ်လည်း ပေါ်တတ်ပါတယ်။

ကြာသပတေးသားသမီး

ဒီနှစ်ထဲမှာ မေတ္တာရေးနဲ့ပတ်သက်လို့ အနှောင့်အယှက်မျိုးစုံ ပေါ်လာတတ်ပါတယ်။ ပတ်ဝန်းကျင်က မကောင်း ပြောတာ၊ ဘေးကနေ ကဲ့ရဲ့ပြစ်တင်တာ၊ ကြားဝင် မွှေနှောက်တာတွေ ကြုံရတတ်ပါတယ်။ အချင်းချင်း သည်းခံ ခွင့်လွှတ်မှု နည်းနေတတ်လို့ ဒါကို သတိထားရပါလိမ့်မယ်။ ချစ်မေတ္တာရေးမှာ သောကတွေ များရတတ်ပါတယ်။

သောကြာသားသမီး

ဒီတစ်နှစ်တာအတွင်း ချစ်ခြင်းမေတ္တာကဏ္ဍမှာ ကံထူးကံကောင်းမယ့် နေ့ဖွားတွေ ဖြစ်ပါတယ်။ ပျိုရွယ်သူတွေဆို ကိုယ့်ထက် ဘဝအဆင့်အတန်း မြင့်မားသူ (သို့) ငယ်ရွယ်ထက်မြက်သူမျိုးနဲ့ ဖူးစာဆုံတတ်ပါတယ်။ စုံတွဲတွေနဲ့ အိမ်ထောင်ရှင်တွေကတော့ နှစ်ကိုယ်တူ ရည်မှန်းတဲ့ဘဝကို အတူတကွ တည်ဆောက်ခွင့် ရလာတတ်ပါတယ်။

စနေသားသမီး

ဒီနှစ်မှာ ကိုယ်တိုင်က စိတ်ဂဏှာမငြိမ်တာတွေ ဖြစ်လာတတ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာပါ သက်ရောက်မှု  ရှိလာနိုင်ပါတယ်။ ချစ်သူရည်းစား (သို့) အိမ်ထောင်ဖက်နဲ့ သဟဇာတ မဖြစ်ဘဲ မကြာခဏ စိတ်ကောက်လိုက်၊ တော်ကြာနေ ပြန်တည့်လိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ အမြင်မတူတာတွေ များတတ်လို့ ညှိနှိုင်းယူသင့်ပါတယ်။

ဒါကတော့ မြန်မာနှစ် ၁၃၈၅ ခုနှစ်အတွင်း နေ့သားသမီးအလိုက် ကြုံတွေ့ရတတ်တဲ့ မေတ္တာရေးကံဇာတာပိုင်း ဖြစ်ပြီး အသေးစိတ်ကတော့ မိမိတို့ရဲ့မူလဇာတာပေါ် မူတည် ပြောင်းလဲသွားမယ်ဆိုတာ အသိပေးချင်ပါတယ်။

မေတ္တာရေးရာ စိတ်ချမ်းသာမှုတွေ ရရှိကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အချစ်ရေး
#မေတ္တာရေး
#အိမ်ထောင်ရေး
#ကံဇာတာ
#တနင်္ဂနွေ

Some text some message..