အိမ်၊ ခြံမြေ အမြန်ရောင်းထွက်စေမယ့် ယတြာ
lotaya.mpt.com.mm
|
2023-07-28

မိမိ အိမ်၊ ခြံ၊ မြေ (သို့) တိုက်ခန်းအား အရောင်းအဝယ်မတည့်ဘဲဖြစ်နေခြင်း၊ အကြောင်းမျိုးမျိုးကြောင့် အမြန်ဆုံး ရောင်းမှ အဆင်ပြေမဲ့အခြေအနေမျိုးဖြစ်ပေါ်ခြင်း၊ အကြောင်း ရင်းခံတစ်ခုခုပေါ် အခြေပြု၍ မိမိရဲ့အိမ်ခြံမြေကို အမြန်ဆုံးမိမိကြိုက်တဲ့ဈေးဖြင့် ရောင်းချင်လိုပါက ပြုလုပ်ရမယ့် ယတြာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် … မြေကွက်က အရမ်းကြီးကျယ်နေမယ်။ အဲဒီမြေပေါ်မှာဆောက်ထားတဲ့အိမ်က ခပ်သေးသေးရယ်ဆိုရင် မြေကို အဓိက ထားပြီး ဓာတ်ရိုက်ကြည့်ပါ။ ပိုပြီး လွယ်ကူအောင်မြင်တတ်တာ တွေ့ရပါမယ်။ မြေကွက်ကြီး မကြီးတော့ မသိဘူး … အဲဒီမြေမှာဆောက်ထားတဲ့အိမ်အကျယ်အဝန်းက မြေနေရာပြည့်လုခမန်းဆိုရင်တော့ အိမ်အဓိကပါ။ အိမ်ကို ဓာတ်ရိုက်ကြည့်ပါ။ ပိုပြီး လွယ်ကူအောင်မြင် တတ်တာတွေ့ရပါမယ်။

နောက်တစ်မျိုးက လူ … လူဆိုတာ ဓာတ်ရိုက်ရမယ့်လူကို ဆိုလိုတာပါ။ တခါတလေ … အိမ်ပိုင်ရှင်ရိုက်မှ ထွက်တာလည်း ရှိတယ်။ တခါတလေ အိမ်ပိုင်ရှင်က ဓာတ်ရိုက်ချင်ပါတယ်ဆိုရင်တောင်မှ သူကိုယ်တိုင် ရိုက်ရင် ဓာတ်လေးမယ့်နှစ်ဖြစ်နေလို့၊ သူကိုယ်တိုင်ကံနိမ့်နေလို့ လူစားထိုးရိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။

အသေးစိပ်ကတော့ မိမိကံကြမ္မာအရလည်း သေသေချာချာတွက်ကြည့်ထားပါ … အခုတော့ ဓာတ်ရိုက်နည်းကိုသာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

မြေအိုးတစ်လုံးဝယ်ပါ။ ခြံလေးထောင့်က မြေကို နည်းနည်းဆီတူးယူပါ။ အဲဒီအိုးထဲ တူးလို့ ရသမျှ မြေတွေထည့်ပါ။ ထောင့်လေးထောင့်က မြေတွေဟာ အိုးရဲ့ တဝက်လောက်ရရင် ရပါပြီ။

မိတ်ဆွေရဲ့ အိမ်နံပါတ် ( သို့ ) ခြံနံပါတ်ကို ၇ နဲ့စားကြည့်ပါ။ အကြွင်းအရ အောက်ပါအညွန့်အခက်တွေကို ယူပါ။

၁ကြွင်း … သီဟိုဠ် ရွက် ၆ ရွက်

၂ကြွင်း … ဒန်း ၇ ညွန့်

၃ကြွင်း … အုန်း ၁ ညွန့်

၄ကြွင်း … ကြံ ၂ ညွန့်

၅ကြွင်း … ဇော်စိမ်း ၃ ညွှန့်

၆ကြွင်း … ရွက်လှ အရွက်ကြီးမျိုး အရွက် ၄ ရွက်

ဝကြွင်း … မေမြို့ ၅ ပွင့်

အဲဒီအညွှန့် အခက်တွေကိုလည်း အိုးထဲရောက်အောင်ထည့်လိုက်ပါ။ ဒီအထိရပြီဆိုရင် အိုးအဝကို ပိတ်အနီစနဲ့ ပိတ်ပြီး ပြန်မပြေအောင် ကြိုးတွေဘာတွေနဲ့ တုပ်လိုက်ပါ။ အဲဒီအိုးလေးကို ရောင်းချင်တဲ့အိမ်ရဲ့ဘုရားစင်အောက်မှာ ခုံလေးတစ်လုံးနဲ့တင်ထားပါ။

အကယ်၍ ရောင်းချင်တဲ့အိမ်က အဝေးမှာမို့ ခဏခဏ သွားလုပ်ဖို့ ခက်တယ်ဆိုရင်လည်း မိမိလက်ရှိနေအိမ်ဘုရားစင်အောက်မှာပဲ ခုံလေးနဲ့ထားပေးပါ။ … ပြီးရင် အဲဒီ အိုးလေးဘေးပတ်ပတ်လည်ကနေ ဖယောင်းတိုင်သုံးတိုင်ကို ဖိုခနောက်ဆိုင်ထွန်းပြီး အိမ်အမြန်ရောင်းထွက်ဖို့နဲ့ ဈေးကောင်းကောင်းနဲ့ရောင်းထွက်စေဖို့ ဆုတောင်းလိုက်ပါနေ့စဉ်လုပ်ပေးပါ။ 21 ရက်လုပ်ပါ။ 21 ရက်အတွင်း မိမိရောင်းချင်တဲ့ အိမ်၊ မြေ ရောင်းထွက်ပါလိမ့်မယ်။ ဒီနည်းကတော့ ၁နွေ၊ ၅တေး မခွဲခြားပဲ … အိမ်ရောင်းရောင်း၊ မြေရောင်းရောင်း အမြန်ဆုံးရောင်းထွက်အောင် စီစဉ်တဲ့နည်း

အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ယတြာ
#ဖယောင်းတိုင်
#တိုက်ခန်း
#ကံကြမ္မာ
#အိုးအိမ်

Some text some message..