
ပေါက်အားကောင်းသော၊ ပေါက်နိုင်ခြေ ရှိသော ထီဂဏန်းများ ရွေးချယ်ရာတွင် မြန်မာ့ဗေဒင်နည်းသာမကဘဲ အရှေ့တိုင်း၊ အနောက်တိုင်းဗေဒင် တွက်နည်းပေါင်းများစွာ ရှိပါသည်။
ထိုအထဲတွင် သင်္ချာဗေဒ (ခေါ်) ဂဏန်းဗေဒင်ပညာသည် အလွန် ထင်ရှားပြီး ထီဂဏန်းများ ကံစမ်းရွေးချယ်ရာ၌ လူသုံးအများဆုံး ဖြစ်သည်။ ထိုနည်းတူ နက္ခတ်ဗေဒင်၊ ရာသီခွင်များအရလည်း မိမိတို့ဇာတာအလျောက် ကံပွင့်၊ ကံကောင်းစေမည့် ဂဏန်းများကို ရွေးချယ်နည်းများစွာ ရှိနေသည်။
ယခုဖော်ပြမည့် ပေါက်အားကောင်း ထီဂဏန်း ရွေးချယ်နိုင်သော ဗေဒင်ကိန်းခန်းသည် မြန်မာပိုင်ပညာစစ်စစ် ဖြစ်သော အင်္ဂဝိဇ္ဇာပညာကို အခြေခံ၍ ယူဆထားခြင်း ဖြစ်ပြီး ထီဂဏန်းရွေးနည်းကလည်း လွယ်ကူပါသည်။
အောင်ဘာလေထီ ဖွင့်မည့်နေ့ လဆန်း (၁) ရက်သည် မည်သည့်နေ့တွင် ကျရောက်နေသလဲ ကြည့်လိုက်ပါ။
ဥပမာ - ထီဖွင့်မည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်သည် တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ထိုနေ့တွင် ၁ ၊ ၄ ၊ ၇ ၊ ၃ ဂဏန်းများ ပေါက်အားကောင်းနိုင်သည်။
တနင်္ဂနွေနေ့ ထီဖွင့်ပါက - ၁ ၊ ၄ ၊ ၇ ၊ ၃
တနင်္လာနေ့ ထီဖွင့်ပါက - ၂ ၊ ၅ ၊ ၁ ၊ ၄
အင်္ဂါနေ့ ထီဖွင့်ပါက - ၃ ၊ ၆ ၊ ၂ ၊ ၅
ဗုဒ္ဓဟူးနေ့ ထီဖွင့်ပါက - ၄ ၊ ၇ ၊ ၃ ၊ ၆
ကြာသပတေးနေ့ ထီဖွင့်ပါက - ၅ ၊ ၁ ၊ ၄ ၊ ၇
သောကြာနေ့ ထီဖွင့်ပါက - ၆ ၊ ၂ ၊ ၅ ၊ ၁
စနေနေ့ ထီဖွင့်ပါက - ၇ ၊ ၃ ၊ ၆ ၊ ၂
(မှတ်ချက် - ၇ နှင့် ၀ ၊ ၂ နှင့် ၉ ၊ ၄ နှင့် ၈ တို့သည် အပြန်အလှန် ဖလှယ်နိုင်သော ဂဏန်းများ ဖြစ်သည်)
ပြီးခဲ့သော သြဂုတ်လ ၁ ရက်နေ့ ၊ အောင်ဘာလေထီဖွင့်ရက်သည် အင်္ဂါနေ့နှင့် တိုက်ဆိုင်ခဲ့သည်။ အင်္ဂါနေ့တွင် ထီဖွင့်သောကြောင့် အင်္ဂါနေ့တွင် ပေါက်အားကောင်းနိုင်သော ဂဏန်းများကို ကြည့်ပါက ၃ ၊ ၆ ၊ ၂ ၊ ၅ ဂဏန်းများကို တွေ့ရပါမည်။
သြဂုတ် ၁ ရက်နေ့က အမြင့်ဆုံးထီဆုကြီး ဖြစ်သော ကျပ်သိန်းငါးထောင်ဆုကြီး၏ ပေါက်မဲနံပါတ်ဂဏန်းသည် ခ - ၅၁၆၁၅၆ ဖြစ်ရာ ထိုနေ့ ပေါက်အားကောင်းဂဏန်းများဖြစ်သော ၅ နှင့် ၆ သည် နှစ်ကြိမ်စီ ပါဝင်နေသည်ကို တွေ့ရသည်။
ထို့အပြင် ဒုတိယအမြင့်ဆုံးဆုဖြစ်သော ကျပ်သိန်းနှစ်ထောင်ဆုကြီး၏ ပေါက်မဲနံပါတ်ဂဏန်းသည် ဂ - ၂၆၄၈၈၂ ဖြစ်သောကြောင့် ပေါက်အားဂဏန်း ဖြစ်သော ၂ ဂဏန်း နှစ်ကြိမ်နှင့် ၆ ဂဏန်း တစ်ကြိမ် ပါဝင်နေပြန်သည်။
ထို့ကြောင့် အင်္ဂါနေ့နှင့် တိုက်ဆိုင်နေသော သြဂုတ် ၁ ရက်နေ့ ထီဖွင့်ပွဲ၏ အမြင့်ဆုံးထီပေါက်မဲဂဏန်းများသည် အင်္ဂါနေ့ ပေါက်အားကောင်းဂဏန်း အများစုနှင့် တိုက်ဆိုင်နေကြောင်း တွေ့ရမည် ဖြစ်သည်။
ဆက်လက်၍ ဇူလိုင်လထီပေါက်စဉ်ကို ပြန်ကြည့်ပါ။ ဇူလိုင် ၁ ရက်နေ့ ၊ အောင်ဘာလေထီ ဖွင့်ပွဲရက်သည် စနေနေ့နှင့် တိုက်ဆိုင်နေ၍ ထိုနေ့၏ ပေါက်အားကောင်းဂဏန်းများမှာ ၇ ၊ ၃ ၊ ၆ ၊ ၂ ဖြစ်သည်။
ဇူလိုင် ၁ ရက်နေ့က ထွက်ပေါ်ခဲ့သော ကျပ်သိန်းငါးထောင်ဆုကြီး၏ ပေါက်မဲနံပါတ်သည် င - ၄၅၄၈၁၇ ဖြစ်ရာ ထိုနေ့၏ ပေါက်အားကောင်းဂဏန်းမှ ၇ တစ်လုံးသာ ပါဝင်သည်။ သို့သော် ဒုတိယကျပ်သိန်းနှစ်ထောင်ဆု၏ ပေါက်မဲနံပါတ်သည် စ - ၈၀၃၆၃၄ ဖြစ်ရာ စနေနေ့ ပေါက်အားကောင်းဂဏန်း ၃ ၊ ၆ ၊ ၀ တို့ ပါဝင်ထားသည်။
မြန်မာ့အင်္ဂဝိဇ္ဇာပညာအရ နေ့အလိုက် ပေါက်အားကောင်းသော ထီဂဏန်းများကို ပြီးခဲ့သော ထီပေါက်စဉ် နှစ်ခု နှင့် လက်တွေ့ တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ အတော်အတန် မှန်ကန်မှု ရှိသည်ကို တွေ့ရသည်။
ယခု ဖော်ပြသော အင်္ဂဝိဇ္ဇာပညာဖြင့် နေ့အလိုက် ပေါက်ဂဏန်း ရွေးချယ်နည်းကို အောင်ဘာလေထီသာမကဘဲ အခြားကံစမ်းနည်းများတွင်လည်း မိမိတို့ ဉာဏ်စွမ်းရှိသလို စမ်းသပ် အသုံးပြုကြည့်နိုင်ပါသည်။
သို့သော်လည်း လောကသစ္စံ နသစ္စံ - လောကီသစ္စာတို့သည် မှန်သည်လည်း ရှိ၊ မှားသည်လည်း ရှိ၏ ဆိုသည့် အတိုင်း ဗေဒင်ကိန်းခန်းတို့သည်လည်း အမြဲ မှန်ကန်မည် မဟုတ် ဟူသော အချက်ကို သတိပြုအပ်ပါသည်။
မြန်မာ့ရိုးရာဗေဒင်ပညာ အစဉ် တည်တံ့စေလိုသော ဆန္ဒဖြင့်…
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope