
ဒီနေ့ ခေတ်ကာလမှာ လူသိနည်းသွားနိုင်တဲ့ ဝေါဟာရမျိုး ဖြစ်လို့ နို့ညှပ်အိမ် ဆိုတာလေးကို အရင်ဆုံး ရှင်းပြလိုပါတယ်။ နို့ညှပ်အိမ် ဆိုတာ ကိုယ့်အိမ်ရဲ့ ခေါင်းရင်းနဲ့ ခြေရင်းတွေမှာ မိဘနဲ့ သားသမီး (သို့) ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ နေထိုင်တယ်ဆိုရင် ကိုယ့်အိမ်ကို နို့ညှပ်ခံရတဲ့အိမ်လို့ ဆိုလိုတာပါ။ တစ်ချို့ကလည်း ဒါကို ကြားညပ်အိမ်လို့ သတ်မှတ်ကြပါတယ်။
ဥပမာ - ကိုယ့်အိမ်ရဲ့ခေါင်းရင်းမှာ အစ်မဖြစ်သူက နေတယ်၊ ကိုယ့်အိမ်ခြေရင်းမှာ သူ့မောင်ဖြစ်သူက နေထိုင်တယ်ဆိုရင် အလယ်က ကိုယ့်အိမ်ဟာ နို့ညှပ်အိမ် (သို့) ကြားညပ်အိမ် ဖြစ်သွားပါပြီ။ အဲဒီလို ဖြစ်ပြီဆိုရင် ကိုယ့်အိမ်က စီးပွားမဖြစ်တော့ဘူး၊ စီးပွားဖြစ်ရင်လည်း မိသားစုမှာ အပူသောက များပြီး ကျန်းမာရေး မကောင်းတာ၊ အတိုက်အခိုက် များတာ ဖြစ်တတ်တယ်လို့ အစွဲ ရှိပါတယ်။
တကယ်တမ်းမှာလည်း အဲဒီလို နို့ညှပ်အိမ်တွေကြားထဲ နေထိုင်ရပြီဆိုရင် အဆင်မပြေမှုတွေ အမျိုးမျိုး ဖြစ်ပေါ်လာတတ်တာ တွေ့ရပါတယ်။
အစတုန်းက ကိုယ့်အိမ်က နို့ညှပ်အိမ် မဟုတ်ပေမယ့် ခေါင်းရင်း အိမ်က လူက သူ့ညီအစ်ကိုမောင်နှမ၊ မိဘ၊ ဆွေမျိုးသားချင်းတွေကို ခေါ်လာပြီး ကိုယ့်ခြေရင်းဘက်က အိမ်ကို ဝယ်ယူ နေထိုင်စေပြီဆိုရင် အလိုလိုနေရင်း ကိုယ့်အိမ်က နို့ညှပ်အိမ် ဖြစ်သွားတာပါပဲ။
ဒါကြောင့် ဒီလို အခြေအနေတွေ ကြုံလာပြီး နို့ညှပ်အိမ် ဖြစ်လာပြီဆိုရင် ဘယ်လို ကာကွယ်သင့်သလဲ၊ ဘာတွေ လုပ်သင့်သလဲ ဆိုတာ ဖော်ပြပေးပါမယ်။
(၁) ရှေးဘိုးဘေးတွေ ကျင်သုံးတဲ့ စတိနည်းလမ်းတွေအရ ခေါင်းရင်း၊ ခြေရင်း ခြံစည်းရိုးနှစ်ဖက်ကြား ရေနုတ်မြောင်းလေးတစ်ခု (သို့) လူသွားလမ်းကြောင်းလေးတစ်ခု ဖော်ရပါမယ်။
(၂) ငါးတွေ ကင်ရာမှာ သုံးတတ်တဲ့ ဝါးညှပ် နှစ်ခုကို အိမ်ခေါင်းရင်းနဲ့ ခြေရင်း တစ်ဖက်တစ်ချက်စီမှာ ထားရပါမယ်။ ဒါမှမဟုတ် မွေးညှပ်လေးနှစ်ခုကို ခေါင်းရင်း၊ ခြေရင်းမှာ ထိုးထားရင်လည်း ရပါတယ်။
(၃) မိမိအိမ် ခေါင်းရင်း (သို့) အဆင်မပြေလွန်းပါက အိမ်ရှေ့ဘက်မှာ စွယ်တော်ပင်ပေါက်တစ်ပင် ၊ အိမ်ခြေရင်း (သို့) အိမ်နောက်ဘက်မှာ စွယ်တော်ပင်ပေါက်တစ်ပင် .. နှစ်ပင်လုံးကို ရှင်သန်အောင် စိုက်ပေးရပါမယ်။
ဖော်ပြပါ အစီအရင် နည်းလမ်း သုံးခုစလုံးကို ဖြစ်စေ၊ မိမိနဲ့ အဆင်ပြေရာ နည်းလမ်းတစ်ခုကို ဖြစ်စေ သေသေချာချာလေး လုပ်နိုင်မယ်ဆိုရင် နို့ညှပ်အိမ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အခိုက်အညံ့ဆိုးတွေကို လျော့ပါး ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာလောကီပညာများ မတိမ်ကောစေလိုသော ဆန္ဒဖြင့်
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope