လက်ဖဝါးပြင်မှ ကံကောင်းခြင်းဗွေအမှတ်အသားများ
lotaya.mpt.com.mm
|
2024-05-07

လက္ခဏာကို စစ်ဆေးသည့်အခါ လက်ဖဝါးမှာရှိတဲ့ ဗွေတွေမှာ ကံကောင်းခြင်းကို ပေးတဲ့ဗွေတွေရှိသလို၊ ကံဆိုးခြင်းကိုပေးသော ဗွေများလည်းရှိရာ ယခုတင်ပြမှာကတော့ ကံကောင်းခြင်းကို ပေးသော ဗွေများအကြောင်းကို တင်ပြလိုပါတယ်။ ကံကောင်းစေတဲ့ ဗွေအမှတ်အသားများစွာရှိတဲ့အထဲက ထင်ရှားတဲ့ဗွေအမှတ်အသား အချို့ကို တင်ပြလိုပါတယ်။

လက်မနဲ့ လက်ညိုးကြားမှာတည်ရှိတဲ့ အင်္ဂါဂြိုဟ်ခုံအတွင်းမှာတွေ့ရတတ်တဲ့ ဗွေကတော့ ရဲစွမ်းသတ္တိနှင့်ဆိုင်သောဗွေဖြစ်ပါတယ် ။ ဒီဗွေကိုတွေ့ရင်တော့ လက္ခဏာရှင်ဟာ အလွန်သတ္တိရှိတဲ့သူတစ်ယောက်ဖြစ်မယ်လို့ ပြောလို့ရပါတယ်။ ကောင်းသောသတ္တိရှိခြင်းလား၊ အကျိုးပြုမယ့်သတ္တိရှိခြင်းလည်း၊ မိုက်ရူးရဲလုပ်တတ်တာလားဆိုတာတွေကိုတော့ သေချာလေ့လာရပါလိမ့်မယ်။ ထိုနေရာမှာဗွေအမှတ်အသားပါရှိခဲ့မယ်ဆိုရင်တော့ ရဲစွမ်းသတ္တိရှိသူတွေဖြစ်လာပါတယ်။ အထူးသဖြင့် ခရုပါတ်ဗွေပါရှိသူတွေဟာ သူရဘွဲ့၊သူရဲကောင်းဘွဲ့တွေရရှိတတ်သလို သူကောင်းပြုခံရတဲ့ သမာသမတ်ရှိတဲ့ စစ်သည်တော်ကောင်းတွေနဲ့ တိုက်ခိုက်ရေးစွမ်းရည်ပြည့် တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။

(ပုံ-က)

လက်မရဲ့အောက်ဘက် အသက်လမ်းကြောင်းအတွင်းဘက်မှာရှိတဲ့ သောကြာဂြိုဟ်ခုံမှာတွေ့ ရတဲ့ ဗွေကတော့ ဂီတ အနုပညာနှင့် ဆိုင်သောဗွေဖြစ်ပါတယ်။ ဒီဗွေပါရှိတဲ့သူကတော့ အနုပညာဂီတနှင့်ဆိုင်သော ကိုယ်တိုင်တီးခတ်တာ၊ဖန်တီးတာတွေနဲ့ ကျော်ကြားတတ်ပါတယ်။ ဂီတတစ်မျိုးတည်းနဲ့ဆိုင်တဲ့အမှတ်အသားမဟုတ်ပါဘူး၊ အဆို၊အက၊အတီး၊တွေနဲ့လည်းဆိုင်သလို သရုပ်ဆောင်ခြင်း၊သီချင်းရေးသာခြင်း၊ကဗျာစပ်ဆိုခြင်းတွေနဲ့လည်း ဆိုင်ပါတယ်။ အနုပညာကို အခြေခံတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ၊ အနုပညာနဲ့ဆိုင်တဲ့ တူရိယာပစ္စည်းတွေပြုလုပ်တာ၊ ဖန်တီးတာတွေမှာလည်း ထူးချွန်မယ်ဆိုတဲ့ အမှတ်အသားဖြစ်ပါတယ်။ (ပုံ-ခ)


၀ယ်ယူရန် နှိပ်ပါ တနင်္လာဂြိုဟ်ခုံမှ ‘ S ’ ပုံစံဗွေကိုတော့ တနင်္လာဂြိုဟ်ခုံရဲ့ အောက်ဘက်ပိုင်းနားမှာတွေ့ရတတ်ပါတယ်။ ဗွေခေါင်းနှစ်ခု ချိတ်ဆက်နေလို့ အင်္ဂလိပ်အက္ခရာ “ S” ပုံစံဖြစ်ပေါ်နေတတ်ပါတယ်။ ဒီဗွေအမှတ်အသားပါရှိတဲ့သူကတော့ အဏာ နှင့် ချမ်းသာခြင်းကို အလွန်မြတ်နိုးလိုလားသူဖြစ်တယ်လို့ ပြောလို့ရသလို ရလည်းရတတ်ပါတယ်။ ရေနဲ့ပါတ်သက်တဲ့လုပ်ငန်းတွေ၊ စိတ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ အောင်မြင်ထူးချွန်မယ်သူတွေလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။(ပုံ-ဂ)

တနင်္လာဂြိုဟ်ခုံမှာပါရှိတဲ့ ခရုပါတ်ဗွေကလဲ အလွန်ကောင်းတဲ့ဗွေဖြစ်ပြီး သူဌေးကြီးဖြစ်မယ့် ပတ္တမြားဗွေ ဟုလည်း လူသိများပါတယ်။ ဒီဗွေပါရှိတဲ့သူတွေဟာ မြင်မားတဲ့ရည်မှန်းချက်၊ရည်ရွယ်ချက်တွေရှိကြတယ်၊ ရရှိအောင်လည်း အထူးကြိုးစားကြလို့ ချမ်းသာခြင်းတွေရရှိတတ်ပါတယ်။ ဒီဗွေပါရှိလို့ ချမ်းသာခြင်းတွေရရှိပေမယ့် သူဟာ စိတ်ဖိစီးမှု့တွေအများကြီးဖြစ်ရပြီး မိမိမိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ ဝေးကွာနေတတ်ပါတယ်။ (ပုံ-ဃ)

ဗုဒ္ဓဟူးဂြိုဟ်ခုံနှင့် တနင်္ဂနွေဂြိုဟ်ခုံကြားမှာတွေ့ရတတ်တဲ့ ဗွေကိုတော့ ကုန်သွယ်ရေးနှင့် စကားပြောကောင်းသူအဖြစ် တွေ့ရတတ်ပါတယ်။ မဟာရာဂျာအမှတ်အသား၊ မင်္ဂလာ ချန်ရံအမှတ် အသားများအဖြစ်လည်း ဖော်ပြတတ်ကြပါတယ်။ ဟာသညဏ်ကြီးသူ၊ စကားပြောကောင်းသူဖြစ်ပြီး ၊ အကျိုးဆောင်လုပ်ငန်း၊ ရှေ့နေလုပ်ငန်း  တွေမှာလည်း တွေ့ရတတ်ပါတယ်။ ကုန်သွယ်ရေးမှာထူးချွန်တဲ့သူတွေဖြစ်တယ်လို့ကောက်ချက်ချနိုင်ပါတယ်။ ဦးဆောင်သူဖြစ်ပါတယ်။ဒီအမှတ်အသားပါရှိတဲ့သူတွေဟာ အတွက်အချက်ကောင်းပြီး ဇွဲရှိသူတွေဖြစ်လို့ ဘဝမှာ အထူးအောင်မြင်ကြတာဖြစ်ပါတယ်။ (ပုံ-င)

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#လက္ခဏာ
#လက်ဖဝါး
#ဗုဒ္ဓဟူး
#သောကြာ
#တနင်္လာဂြိုဟ်ခုံ

Some text some message..