ရာထူးတိုးကိစ္စများ အလုပ်အင်တာဗျူးများ အောင်မြင်စေဖို့ ယတြာအစီအရင်
lotaya.mpt.com.mm
|
2024-07-05

မင်္ဂလာပါ … အခုတင်ပြမှာကတော့ ရာထူးတိုးဖို့၊ အလုပ်အကိုင်အရွေးချယ်ခံရဖို့ ၊ အင်တာဗျူးအောင်မြင်ဖို့ စတာတွေအတွက် လက်တွေ့အောင်မြင်ပြီး လွယ်ကူထိရောက်ကာ ပြုလုပ်ရလွယ်တဲ့ ယတြာကို ဖော်ပြပေးချင်ပါတယ်။

ယနေ့ခေတ်ကာလမှာ အလုပ်အကိုင်တွေ ၊ စီးပွားလာဘ်လာဘတွေ လုပ်ကိုင်ရှာဖွေတဲ့အခါမှာ များသောအားဖြင့် ဒီလူငယ်တွေဟာ အလုပ်အကိုင်မှာ ခက်ခဲလာပါတယ်။ ဒါကြောင့်မို့လို့ အများအားဖြင့်တော့ ပြည်ပနိုင်ငံတွေမှာ ထွက်ခွာပြီးတော့ အလုပ်အကိုင်ရှာဖွေတာတွေ ဒါမှမဟုတ် မိမိအလုပ်ရလိုတဲ့အတွက် အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ အင်တာဗျုးဖြေတာတွေဟာ မကြာမကြာ လုပ်ကိုင်ဆောင်ရွက်ရတာတွေ ရှိပါတယ်။ လုပ်ငန်းခွင်၀င်ပြီးသားသူတွေအနေနဲ့လဲ ရာထူးတိုးကိစ္စတွေ၊ လစာတိုးကိစ္စတွေ အဆင်ပြေပြေ အောင်မြင်စေဖို့ တစ်ထောင့်တစ်နေရာကနေပြီးတော့ အထောက်အပံ့ဖြစ်အောင် အထောက်အကူဖြစ်အောင် ဒီနည်းစနစ်လေးကို တင်ပြပေးခြင်း ဖြစ်ပါတယ်။


၀ယ်ယူရန် နှိပ်ပါ ဒီနည်းမှာ ၁။အညွန့်ပန်း နှင့် တံခွန် လှူခြင်း ၊ ၂။အဓိဋ္ဌာန်ဝင်ခြင်း ဆိုပြီး နှစ်မျိုးလုပ်ရပါမယ်။

အဆင့် ၁-အညွန့်ပန်း နှင့် တံခွန် - မိမိမွေးနံကျော်၍ တစ်ခုမြောက်အညွန့်ပန်းအား ဂြိုဟ်သက်အလိုက်လှူရပါမယ်။

တနင်္ဂနွေသားသမီးများ ကံ့ကော် ၁၅ညွန့် နှင့် လိမ္မော်ရောင်တံခွန်တစ်ခု

တနင်္လာသားသမီးများ ဇီး၊ ဇွန် ၈ညွန့် နှင့် အဖြူရောင်တံခွန်တစ်ခု

အင်္ဂါသားသမီးများ ဝါး၊ ရွက်လှ ၁၇ညွန့် နှင့် အစိမ်းရောင်တံခွန်တစ်ခု

ဗုဒ္ဓဟူးသားသမီးများ ပေါက်၊ ပျဉ်းမ၊ မေမြို့ပန်း ၁၉ ညွန့်နှင့် အဝါရောင်တံခွန်တစ်ခု

ကြာသပတေးသားသမီးများ သီး၊ သီဟိုဠ်၊ သပြေ ၂၁ညွန့် နှင့် ပန်းရောင်တံခွန်တစ်ခု

သောကြာသားသမီးများ ထိန်၊ ထန်း၊ ဒေါန ၁၀ညွန့် နှင့် အညိုရောင်တံခွန်တစ်ခု

စနေသားသမီးများ အုန်း၊ အင် ၆ညွန့် နှင့် အနီရောင်တံခွန်တစ်ခု

စတာတွေကို မိမိနေ့နံအလိုက် အညွန့်ပန်းများ၊ တံခွန်များကိုရောပြီး လှူဒါန်းပေးရမယ်။ အခြား ပန်း ရေချမ်း ဆွမ်း ဆီမီး အလင်းတိုင် နံ့သာတိုင် များကတော့ မိမိစေတနာအလျောက်ကပ်လှူပူဇော်နိုင်ပါတယ်။

အဆင့်-၂ အဓိဋ္ဌာန်ဝင်ခြင်း - ပဋ္ဌာန်းဒေသနာတော်ထဲက ```အဓိပတိပစ္စယော´´အကျယ်ကို အစ အဆုံး တစ်ခေါက် ၊ အဓိပတိပစ္စယော (ပုတီးတစ်လုံးချ) ၁၀၈လုံးပုတီး သုံးပတ်၊ လောကဝိဒူ (ပုတီးတစ်လုံးချ) ၁၀၈လုံးပုတီး ကိုးပတ် ရွတ်ဆိုပွားများ ပုတီးစိပ်ပါ။

အထက်လူကြီး ဆိုင်ရာပုဂ္ဂိုလ် တွေကိုလည်း မေတ္တာပို့သပေးပါ။ အဓိဋ္ဌာန်ရက်ကို မိမိအလုပ်ကိစ္စအပေါ်မူတည်ပြီး ၉ရက် ၁၈ရက် ၂၇ရက် စသည်ဖြင့် သတ်မှတ်ပါ။ (လောကမာရ်အောင်၊ လောကချမ်းသာ၊ လောကထိပ်ဦး[ညောင်ဦးအသွားလမ်း၌ရှိ၏] ဤသို့ `လောက´ဘွဲ့တော်ရှိသည့် ဘုရားစေတီပုထိုးများတွင် အဓိဋ္ဌာန်ဝင်က ပို၍အကျိူးများစေပါသည်။ 

မိမိအိမ်၌လုပ်လုပ်၊ ဘုရားစေတီများ၌လုပ်လုပ် အဓိက က မိမိ၏စိတ်ပါ။ သို့သော် ဘုရားကျောင်းကန်များ၌အဓိဋ္ဌာန်ဝင်ခြင်းက ဟိတ်ဓာတ်လည်းရ၊ ဆိတ်ငြိမ်မှုလည်းရှိ၊ ကြည်ညိုမှုအားလည်းပိုကောင်းလာစေပါတယ်။ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စတွေမှာ ဒီလိုအထောက်အကူလေးတွေနဲ့ ပြုလုပ်ပြီးတော့ ကြိုးစားဆောင်ရွက်မယ်ဆိုရင် များစွာအဆင်ပြေပြီးတော့ အောင်မြင်မှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အလုပ်အကိုင်
#အညိုရောင်
#ယတြာ
#တနင်္ဂနွေ
#အလုပ်

Some text some message..