
မှဲ့စလွယ်သည် ထင်ရှား၍ လူသိများသည် မြန်မာတို့သည် "မှဲ့စလွယ်ကို အလေးအနက်ထားသည် မှဲ့စလွယ်တွင် (၁) ဘယ်မှဲ့စလွယ် (၂) ညာမှဲ့စလွယ် (၃) ဘယ်ညာမှဲ့စလွယ်ဟူ၍ သုံးမျိုးသုံးစားရှိသည်။ အမျိုးသား ၊ အမျိုးသမီးတို့၏ "မှဲ့စလွယ်" နိမိတ်အဟောတို့မှာ .....
(၁) ဘယ်မှဲ့စလွယ်
ဘယ်ရင်ဘတ်အုံတွင် မှဲ့တစ်လုံး ၊ ရင်တည့်တည့်တွင် မှဲ့တစ်လုံး ၊ ခါးနားတွင် မှဲ့တစ်လုံး စလွယ်သိုင်း သကဲ့သို့ ဖြစ်နေခြင်းကို "ဘယ်မှဲ့စလွယ်"ဟူ၍ခေါ်သည်။ ထိုသို့မှဲ့များပါရှိခဲ့လျှင် ...
(က) ငယ်ရွယ်စဉ်က ဆင်းရဲစေကာမူ ကြီးလျှင် ချမ်းသာကြွယ်ဝတတ်၏။
(ခ) လူအများ ကြည်ညိုလေးစားခြင်း ၊ အပူဇော်ခံရခြင်းကို ခံရတတ်၏။
(ဂ) ဇနီးမယားနှင့် ဆွေမျိုးများအပေါ်တွင် သြဇာညောင်းတတ်၏။
(ဃ) အပြောအဟော ကောင်း၍ ထင်ရှားကျော်ကြားတတ်၏။
(င) ဝါသနာပါ၍ သိဒ္ဓိလိုင်းကို လိုက်စားခဲ့လျှင် ပေါက်မြောက် အောင်မြင်နိုင်၏။
(စ) အမျိုးသမီးဖြစ်လျှင် ကတော်မယား ဖြစ်တတ်၏။
(ဆ) ငတ်ပြတ်ခြင်း မရှိ ၊ ပစ္စည်းဥစ္စာဓန ကြွယ်ဝချမ်းသာတတ်၏။
.
(၂) ညာမှဲ့စလွယ်
ညာဘက်ရင်အုံတွင် မှဲ့တစ်လုံး၊ ရင်တည့်တည့်တွင် မှဲ့တစ်လုံး ၊ ခါးနားတွင် မှဲ့တစ်လုံး ၊ စလွယ်သိုင်းသကဲ့သို့ ဖြစ်နေခြင်းကို " ညာမှဲ့စလွယ်" ဟူ၍ ခေါ်သည်။ ထိုသို့ မှဲ့များပါရှိခဲ့လျှင် ...
(က) မူရာမာယာ များတတ်၏။
(ခ) ပရိယာယ်ကြွယ်ဝပြီး ဉာဏ်နီဉာဏ်နက်များ တတ်၏။
(ဂ) လူအများအပေါ်၌ သြဇာ ညောင်းတတ်၏။
(ဃ) အမျိုးသားဖြစ်လျှင် သူဌေး ၊ အမျိုးသမီးဖြစ်လျှင် ကတော်မယား ဖြစ်တတ်၏။
(င) ထင်ရှားကျော်ကြားတတ်၏။
(စ) ငွေကြေး ချမ်းသာကြွယ်ဝတတ်၏။
(ဆ) အသက်အရွယ်ကြီးရင့်ချိန်တွင် ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ အမျိုးသမီးကို မဆိုလို ၊ အမျိုးသားများ ဖြစ်နေလျှင် လေငန်းရောဂါ ရရှိတတ်၏။
.
(၃) ဘယ်ညာမှဲ့စလွယ်
ဘယ်ညာရင်အုံတွင် မှဲ့တစ်လုံးစီ ၊ ရင်တည့်တည့်တွင် မှဲ့တစ်လုံး ၊ ဘယ်ညာခါးနာတွင် မှဲ့တစ်လုံးစီ ပါရှိကာ ၊ စလွယ်နှစ်ထပ် သိုင်းထားသကဲ့သို့ ဖြစ်နေခြင်းကို "ဘယ်ညာမှဲ့စလွယ်" ဟူ၍ ခေါ်၏။ ထိုသို့ ဘယ်ညာမှဲ့စလွယ်ပါရှိသူမှာ အလွန်ရှားသည်။ ယင်းသို့သော မှဲ့များပါရှိခဲ့လျှင် ...
(က) လောကီချမ်းသာအ၀၀ ပြီးပြည့်စုံတတ်၏။
(ခ) အလိုလိုက် အကြိုက်ဆောင်တတ်သော ဇနီး မယား (သို့မဟုတ်) လင်ယောကျ်ားကို ရရှိတတ်၏။
(ဂ) ဂမ္ဘီရ သိပ္ပ ဝိဇ္ဇာဓရ လောကီပညာရပ်များကို ဝါသနာထုံ၍ လေ့လာလိုက်စားခဲ့လျှင် ဤမျက်မှောက်ဘဝ၌ပင် သိဒ္ဓိစခန်း ပြီးမြောက် အောင်မြင်နိုင်၏။
(ဃ) ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သည်ဟု ရှေးဆရာကြီးများက အဆိုအမိန့်ရှိ၏။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope