လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း အောက်တိုဘာလ ၈ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ အစစအရာရာ ကောင်းမွန်ခြင်းများ ရောက်ရှိလာမည့်အချိန် ဖြစ်ပြီး ကိုယ်ကျင့်တရားကို အလေးထားသူများအနေဖြင့် ကံကောင်းမှုတွေ ပိုရလာမယ့်ကာလလည်း ဖြစ်ပါတယ်။ ဘာသာရေးပွဲများ ပြုလုပ်ရ၊ သွားရောက်ရတတ်ပါတယ်။ ရေကြောင်းခရီးသွားခြင်း ရှောင်ပါ။ မိတ်ဆွေသူငယ်ချင်းများအကြား ချီးကျူးခြင်းခံရမည်။ မိဘများအနေနဲ့ သားသမီးကြောင့် ဂုဏ်တက်တတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အောက်လူတွေရဲ့ ကူညီမှုကြောင့် နာမည်ရတတ်ပါတယ်။ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ဆေးဝါးကျွမ်းကျင်လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေနေမှာဖြစ်ပြီး အိမ်တွင်းစီးပွားလုပ်ငန်းငယ်များ အနည်းငယ်ညံ့နေပါတယ်။ ငယ်ရွယ်သူများ သင်တန်း၊ အတတ်ပညာ အသစ်တစ်ခု တက်ရောက် သင်ကြားရမည်ဖြစ်ပြီး နိုင်ငံရပ်ခြား ပညာတော်သင်ခရီးများလည်း သွားခွင့်ကြုံရတတ်ပါတယ်။ ချစ်သူရှိပြီးသူများ အိမ်ထောင်ပြုရတတ်တဲ့ အချိန်ဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ သားသမီးအကြီးရဲ့ ကျန်းမာရေးချူခြာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ တုတ်ကွေးရောဂါ သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - အိမ်ရှိဘုရားတွင် အုန်းထမင်း ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ ဒီရက်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းမွန် အဆင်ပြေနေမှာဖြစ်ပြီး လုပ်ငန်း တိုးချဲ့ဖို့ စီစဉ်ထားရင် အောင်မြင်နိုင်မှာမို့ လုပ်ဖြစ်အောင်လုပ်လိုက်ပါ။ မိသားစုအတွင်း စီးပွားရေးလုပ်ငန်းတစ်ခု တိုးချဲ့လုပ်ကိုင်ရမည်။ မိမိရဲ့လုပ်ငန်းအတွက် ဆွေမျိုးတွေက ကူညီပေးပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်း တိုးပွားမယ့်နေ့ရက်ဖြစ်ပြီး ခရီးတွေလည်း သွားရပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ အဆင်မပြေဖြစ်ပြီး အလုပ်နေရာ ပြောင်းရတတ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းရှင်များ ၊ စတိုးဆိုင်လုပ်ငန်းရှင်များ အဆင်ပြေနေပြီး အလှကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။ သူတပါးရဲ့ လုပ်ငန်းမှာ ရှယ်ယာပါဝင်ခြင်း မိမိငွေကြေးအား သူတပါးထံ ပေးထားခြင်းမျိုးများ သတိပြုပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူများအနေဖြင့် မင်္ဂလာကိစ္စ ဆင်နွှဲရတတ်ပါတယ်။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဖက်နဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ ကျန်းမာရေးအနေဖြင့် အဖုအကျိတ်သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ဂန္ဓမာပန်း ကပ်လှူပေးပါ။
အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဖခင်၊ အကြီးအကဲများမှ ကူညီ၍ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေ နေတဲ့ကာလလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်များ ခရီးမထွက်သင့်သေးပါ။ လုပ်ငန်းနှင့်ပတ်သက်သော ခရီးဖြစ်ပါက အစစ အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။ ထီဝါသနာပါရင်တော့ ၆၉ အတွဲလိုက်ပါတဲ့ ထီကို ထိုးဖြစ်အောင် ထိုးလိုက်ပါ။ ရေထွက်ပစ္စည်းလုပ်ငန်း၊ ရေသန့်လုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အိမ်ထောင်ပရိဘောဂပစ္စည်း ရောင်းဝယ်သူများ၊ ကလေးပစ္စည်း ရောင်းဝယ်သူများ ထင်သလောက် ရောင်းအားမရှိပဲ ဖြစ်နေပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက နယ်ပြောင်းရကိန်းရှိပြီး နယ်မှာပိုပြီး အဆင်ပြေပါလိမ့်မယ်။ မိသားစုနဲ့ ခွဲနေရတတ်တဲ့ အချိန်ဖြစ်ပြီး ခွဲနေလိုက်ရင် ငွေကြေးပိုမိုအဆင်ပြေနိုင်ပါတယ်။ လက်ထဲမှာ ငွေမမြဲတဲ့အချိန်ဖြစ်နေလို့ ငွေဝင်လာတာနဲ့ ရွှေလုပ်ထားသင့်ပါတယ်။ အချစ်ရေးအနေနဲ့ ချစ်သူက စိတ်ကောက်နေတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ ဒီရက်ပိုင်း မကြာခဏ သွေးတိုးတတ်လို့ သတိပြုသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ညောင်ထောက်ပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက် ဒီရက်မှာ အချစ်ရေး သာယာနေပြီး အိမ်ထောင်ရေးလည်း စိုပြည်ပါလိမ့်မယ်။ လုပ်ငန်းထဲမှာ အတိုက်အခံပေါ်သော်လည်း မေတ္တာစွမ်းအားကြောင့် အောင်နိုင်မည်ဖြစ်ပြီး ရရန်ရှိသောငွေများ ကြန့်ကြာနေပါမယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီး ငြိုငြင်မှုကို ခံရနိုင်ပြီး တက်မည့်ရာထူး မတက်ဘဲ ဖြစ်နေတတ်ပါတယ်။ နိုင်ငံရပ်ခြား ခရီးသွားရန် ကြိုးပမ်းမှုများ အဆင်ပြေလာနိုင်ပြီး ယာယီလုပ်ငန်း၊ အပြိုင်အဆိုင်နှင့် စွန့်စားလုပ်ဆောင်ရသော လုပ်ငန်းများ အောင်မြင်ပါလိမ့်မယ်။ ကွန်ပျူတာ၊ စက်ပစ္စည်းရောင်းဝယ်သူများ၊ ဖုန်းဆိုင်များ ရောင်းအားတက်နေချိန်ဖြစ်ပြီး ပင်လယ်စာရောင်းဝယ်ရေးလုပ်ငန်း၊ ငါး၊ငါးပိ၊ ပုစွန်ခြောက် ဒိုင်များ အနည်းငယ် ညံ့နေချိန်ဖြစ်ပါတယ်။ အလုပ်မရှိသေးသူများဖြစ်စေ၊ လက်ရှိအလုပ်တစ်ခုမှာ ဝင်နေသူဖြစ်စေ နောက်ထပ် မိမိမျှော်မှန်းထားသော လုပ်ငန်းမျိုး၌ အလုပ်ရတတ်ချိန်ဖြစ်ပြီး ပညာရေး ရည်မှန်းချက်များလည်း ထမြောက် အောင်မြင်မယ့် နေ့ရက်ပါပဲ။ အချစ်ရေးတွင် စနေသားသမီးတစ်ဦးရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေကတော့ ပတ်ဝန်းကျင်ကြောင့် လင်မယားမကြာခဏ စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အရေပြားယားယံတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ယပ်ရွှေရောင်ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ရွှေအရောင်းအဝယ် ပြုလုပ်နေသူများ အရောင်းအဝယ် အကောင်းဆုံး ကာလဖြစ်သည်။ လုပ်ငန်းတိုးတက်အောင်မြင်ပြီး အဘက်ဘက်က ဝင်ငွေတွေ ကောင်းနေသောကာလ ဖြစ်ပါသည်။ ယာဉ်၊ အိမ်နေရာထိုင်ခင်း၊ အလုပ်ရာထူးသစ် ရှိလာတတ်ပြီး မိသားစုထဲမှ အငယ်ဆုံး ကျန်းမာရေးညံ့တတ်ပါတယ်။ အမျိုးထဲမှာ မင်္ဂလာကိစ္စ ပေါ်လာတတ်ပြီး အိမ်အနီးအနားမှာလည်း မင်္ဂလာကိစ္စမြင်တွေ့ရတတ်ပါတယ်။ ဒီနေ့မှာ အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ နေထိုင်မကောင်း ဖြစ်တတ်ပြီး အသက်အန္တရာယ် စိုးရိမ်ရလို့ သတိပြုပါ။ အထည်အလိပ်လုပ်ငန်း၊ ထီးဖိနပ်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပြီး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ ငွေဝင်နေမယ့် ကာလဖြစ်ပါတယ်။ ချစ်သူရှိပြီး မင်္ဂလာပွဲဆင်နွှဲရန် ကြံရွယ်ထားသူများ အကြောင်းကြောင်းကြောင့် နောက်ဆုတ်သွားရတတ်ပါသည်။ အိမ်ထောင်သည်အမျိုးသမီးများ အနေဖြင့် မိမိ၏ခင်ပွန်းထံမှ အကူအညီကောင်းများစွာ ရရှိနေမယ့်အချိန်ဖြစ်ပါတယ်။ မိမိကျန်းမာရေးအနေနဲ့ မျက်စိနှင့်ပတ်သက်ပြီး ဂရုစိုက်ပေးပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ယတြာ - ရေသန့်ဘူးလှူဒါန်းပေးပါ။
ကြာသပတေး - လုပ်ငန်းသစ်တစ်ခု စတင်ရန် အခွင့်အရေးကောင်းများ ပေါ်လာတတ်ပါတယ်။ လူအများနှင့် ပတ်သက်ဆက်စပ်နေရသူများ အထူးသတိထားသင့်သော ကာလမျိုးပါ။ ငွေကြေးအာမခံခြင်းမျိုး မပြုလုပ်ပါနှင့်။ ငွေကြေးဆုံးရှုံးမှု ဖြစ်တတ်သော ကာလမျိုးဖြစ်လို့ ငွေချေးငှားခြင်း၊ အတိုးပေးခြင်း မလုပ်သင့်ပါဘူး။ ဒီနေ့မှာ လုပ်ငန်းတွင်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတိုးအတွက် စာမေးပွဲတစ်ခု ဝင်ရောက်ဖြေဆိုရခြင်း၊ သင်တန်းတစ်ခု တက်ရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ဆရာသမားများ ကူညီမှုများကြောင့် လွယ်လွယ်ကူကူ ထွက်ခွာရတတ်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိတတ်ပြီး ရှိလျှင် ရှောင်ရှားလိုက်ပါ။ အချစ်ရေးမှာ ချစ်သူနဲ့ စိတ်ကောက်နေရတတ်ပြီး ချစ်ခင်စွာနေရချိန် နည်းနေပါလိမ့်မယ်။ အိမ်ထောင်သည်များအနေဖြင့် အိမ်တွင်းရေး ဆူပူနေမယ့်အချိန်ဖြစ်ပြီး ဘေးပယောဂများ သတိပြုပါ။ ကျန်းမာရေးအနေဖြင့် ခေါင်းတစ်ခြမ်း ကိုက်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်ပေါက်ပေါက်ဆုပ် ကပ်လှူပေးပါ။
သောကြာ - သောကြာသားသမီးတွေအနေနဲ့ လုပ်ငန်းဆိုင်ရာအတွင်းမှာ ငွေကြေးဆုံးရှုံးမှု အနည်းငယ်ကြုံတွေ့ရတတ်ပါတယ်။ ရွှေနှင့်ပတ်သက်၍လည်း ရောင်းမှား၊ ဝယ်မှား ဖြစ်တတ်ပါတယ်။ ဆိုင်တစ်ဆိုင် ဖွင့်ရန်အတွက် နေရာကောင်းတစ်ခု ရခြင်းမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များမှာလည်း အမှားအယွင်း အတိမ်းအစောင်းများ အနည်းငယ်ရှိနေတတ်ချိန်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း ဌာနဆိုင်ရာအတွင်း အကြီးအကဲများ၏ အမြင်မကြည်လင်မှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။ အိမ်ခြံမြေ အိုးသစ်အိမ်သစ် ဝင်လာကိန်းရှိနေပြီး အမွေသော်လည်းကောင်းလည်း ရလာတတ်ပါတယ်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်တွင်းရေးသာယာ၍ နှစ်ဘက်မိဘများနှင့် ပျော်ရွှင်စွာ ခရီးထွက်ရတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ချိန်ပါ။ ပညာရေး ကောင်းမွန်နေပြီး ပညာရေးနဲ့ ပတ်သက်လို့ ရည်ရွယ်ထားသမျှ အကောင်အထည် ပေါ်လာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်အူလမ်းကြောင်းဝေဒနာ ခံစားရတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - အိမ်ရှိဘုရားတွင် သစ်တော်သီး ကပ်လှူပေးပါ။
စနေ - ဒီနေ့မှာ လုပ်ငန်းတစ်ခု ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခံရတတ်ပါတယ်။ အပြောအဆို၊ အနေအထိုင်ကတော့ ဆင်ခြင်လွန်းပါမှ တော်ရုံကျမယ့် ကာလမျိုးပါ။ ကိုယ့်အပေါ်မကောင်းကြံစည်သူတွေကို သတိထားသင့်ပါတယ်။ ဆွေမျိုးများထံမှ အကူအညီကောင်းများ၊ သတင်းကောင်းများ ကြားသိရတတ်ပါတယ်။ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်း၊ ငွေကြေးလွှဲပြောင်းပေးအပ်ခြင်းများ အထူး သတိထား ဆောင်ရွက်သင့်သော ကာလမျိုးဖြစ်ပြီး ဝန်ထမ်းများအနေနဲ့ ရာထူးတိုးအတွက် စာမေးပွဲ တစ်ခု ဝင်ရောက်ဖြေဆိုခြင်း၊ သင်တန်းတစ်ခု တက်ခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။ ပညာရေးတွင် ထူးချွန်အောင်မြင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူများ မိသားစုရှိရာ နေရပ်ပြန်ရကိန်းရှိပါတယ်။ အချစ်ရေးမှာ မိမိအပေါ် ဒုက္ခပေးမည့်သူကိုမှ ချစ်မိတတ်ပြီး အိမ်ထောင်ရှင်များအနေဖြင့် မိဘပိုင်အမွေပစ္စည်းနဲ့ ပတ်သက်ပြီး စကားများရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် ခြေထောက်အောက်ပိုင်း မတော်တဆထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ထီးအနီ ၇လက် ကပ်လှူဆုတောင်းပါ။
LEO
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။