ဒီနိမိတ်တွေ မြင်ရင် သင် ..ကံကောင်းပါတော့မယ်
lotaya.mpt.com.mm
|
2019-12-04

ကိုယ့်ဆီကို ကံကောင်းပျော်ရွှင်မှုတွေ ရောက်လာတော့မယ်ဆိုတာ ကြိုတင် ခန့်မှန်းနိုင်တဲ့ ကမ္ဘာသုံးနိမိတ်ဖတ် နည်းစနစ်တချို့ကို ဗဟုသုတ ရစေဖို့ မျှဝေပေးလိုက်ပါတယ်။ ဒီနိမိတ်တွေ မြင်ရတဲ့အခါ ဒီလို ဖြစ်ကို ဖြစ်ရမယ် လို့ တထစ်ချ ကောက်ယူလို့ မရပေမယ့် စိတ်သာ အဓိက ဆိုတဲ့အတိုင်း အကောင်းဘက်ကို လှည့်ယူ အသုံးပြု ကံကောင်းကြပါစေလို့ ဆန္ဒမွန် ပြုလိုက်ရပါတယ်။




(၁) ငှက်ကလေးတွေ ကိုယ့်အိမ်၊ အလုပ်ခန်း၊ ဆိုင်ခန်းထဲ အသိုက်ဖွဲ့လာတာ၊ ပျံသန်း ဝင်ရောက်လာတာတွေက နိမိတ်ကောင်း ဖြစ်ပါတယ်။ ခေါင်းပေါ် တည့်တည့် ငှက်ချေး ပါချတာကိုလည်း ကံကောင်းစေတဲ့ နိမိတ်တစ်ခုလို့ လူအများက လက်ခံ ယုံကြည်ထားကြပါတယ်။ ဘာပဲဖြစ်ဖြစ် ငှက်တွေနဲ့ ပတ်သက်လာရင် သတင်းကောင်းတွေ ကြားရမယ့်၊ အခွင့်အလမ်းတွေ ရောက်လာမယ့် နိမိတ်ကောင်းကို ရည်ညွှန်းပါတယ်။




(၂) မရည်ရွယ်ပါဘဲနဲ့ အင်္ကျီအဝတ်အစားကို ပြောင်းပြန်လှည့် ဝတ်မိရင် ကံကောင်းတတ်ပါတယ်။ တမင်တကာ ပြောင်းပြန်ဝတ်ရင်တော့ ထူးမှာ မဟုတ်ပါဘူး။ တကယ်လို့သာ အဝတ်အစားကို မထင်မှတ်ဘဲ မရည်ရွယ်ခဲ့ဘဲ ပြောင်းပြန် ဝတ်လာမိရင် အဲဒီနေ့မှာ ထူးခြားတဲ့ ကံကောင်းမှုလေးတွေ ကြုံရတတ်ပါတယ်။ ရှေးတုန်းကတော့ လောကီပညာရှင်တွေက အဝတ်ပြောင်းပြန် ဝတ်လာမိသူကို ကျည်မတိုး၊ တုတ်ဓားပြီးတယ်လို့ ဆိုကြပါတယ်။




(၃) လူသိများတဲ့ စကားတစ်ခု ရှိပါတယ်။ ကြယ်ကြွေရင် ဆုတောင်းပါတဲ့။ တခါတလေ ကိုယ့်စိတ်ထဲ ညစ်နေပြီး အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ ကြယ်ကြွေတာနဲ့ တိုက်ဆိုင်ခဲ့ရင် ကိုယ့်အခက်အခဲလေးတွေ ပြေလည်ပါစေ ဆုတောင်းကြည့်ပါ။ ပြည့်တတ်ပါတယ်။ ဒါပေမယ့် ညကောင်းကင်ကြီးကို သက်သက်မဲ့ ငေးမောနေရင်း ကြယ် ကြွေကျတာကို စောင့်ပြီး ဆုတောင်းရင်တော့ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ တိုက်ဆိုင်မှုကို လိုအပ်ပါတယ်။




(၄) ကြယ်ကြွေတာနဲ့ ဆင်တူတဲ့ ကောင်းကင်နိမိတ် ရှိပါတယ်။ ဒါကတော့ သက်တံကြီးကို မြင်လိုက်ရတာပါပဲ။ လုပ်လက်စတွေ အဆင်မပြေဘဲ ခက်ခဲနေချိန် ၊ စိတ်ထဲ ဖြစ်ချင်စိတ်တစ်ခုခု ရှိနေချိန်မျိုးမှာ သက်တံကို မြင်ရင် လုပ်သမျှ အောင်မြင်တော့မယ့် နိမိတ် ဖြစ်ပါတယ်။ အိမ်ထောင်၊ သားမွေး လုပ်မယ့်သူတွေအတွက် သက်တံကို မြင်ရရင် စိတ်ချမ်းသာ ပျော်ရွှင်ရမယ့် နိမိတ်ပါ။ သက်တံ့ဟာ မျှော်လင့်ချက်နဲ့ မေတ္တာတရားရဲ့ သင်္ကေတပါပဲ။




(၅) ကိုယ်နေထိုင်ရာ အိမ်၊ အခန်းထဲ လှပတဲ့ လိပ်ပြာကြီးတွေ ဝင်လာရင် ဒါ နိမိတ်ကောင်းလို့ ယူဆနိုင်ပါတယ်။ လိပ်ပြာဟာ စိတ်ဝိဉာဉ်ကို ရည်ညွှန်းသလို တရုတ်စာလုံးအဓိပ္ပါယ်အရ ဆိုရင်လည်း အသက်ရှည်ခြင်းလို့ ဖွင့်ဆို ခေါ်ဝေါ်ပါတယ်။ လိပ်ပြာရဲ့ အရောင်ပေါ် မူတည်ပြီး အချစ်ရေး၊ အိမ်ထောင်ရေး ပျော်ရွှင်မှုနဲ့ လုပ်ငန်းစီးပွားပိုင်း အောင်မြင်မှုတွေကို နိမိတ်ပြတတ်ပါတယ်။ လိပ်ပြာ ထွက်ပြေးအောင်တော့ မခြောက်လှန်ဖို့ လိုပါလိမ့်မယ်။




(၆) တစ်ယောက်ယောက်က ခွေးလေးတစ်ကောင်ကို လက်ဆောင်အဖြစ် လာပေးရင် ဖြစ်စေ၊ ကိုယ့်အိမ်ထဲကို လမ်းဘေးခွေးလေးတစ်ကောင် မထင်မှတ်ဘဲ မျက်စိလည် ဝင်လာရင် ဖြစ်စေ ဒါဟာ နိမိတ်ကောင်း ဖြစ်ပါတယ်။ လူသားတွေရဲ့ သစ္စာအရှိဆုံး မိတ်ဆွေ ဖြစ်တဲ့ ခွေးလေးတွေ ရောက်လာရာမှာ ခွေးရဲ့ အရောင်က အနက်ဆိုရင် အကာအကွယ်၊ အဖြူဆို နှလုံးသားရေးနဲ့ အဝါဆို ပျော်ရွှင်ချမ်းသာမှုတွေကို ပေးစွမ်းတယ်လို့ အဆို ရှိပါတယ်။




(၇) တန်ဖိုးမကြီးမားတဲ့ ငွေစက္ကူအတိုအစလေးတွေကို ဟိုချောင်ဒီချောင်ကနေ မမျှော်လင့်ဘဲ ခဏခဏ တွေ့ရ ပြန်ရတာမျိုး ဖြစ်လာရင်၊ နေ့စဉ် လုပ်နေကျ အလုပ်လေးတွေက ထင်ထားတာထက် ပိုပြီး အပေါက်အလမ်းတွေ တည့်နေရင်၊ ဘယ်လိုမှ မျှော်လင့်မထားတဲ့ သူဆီကနေ လက်ဆောင်နဲ့ စားကောင်းသောက်ဖွယ်တွေ ရလာရင်၊ ကိုယ့်မိသားစု၊ သားချင်းတွေနဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရင် ကံကောင်းမယ့် နိမိတ်ပါပဲ။

ကံကောင်း၊ ပျော်ရွှင်ရမယ့် နိမိတ်ကောင်းတွေနဲ့သာ ကြုံကြိုက်ကြပါစေလို့ ဆန္ဒပြုလျက်ပါ

ဧက

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#နိမိတ်
#လိပ်ပြာ
#ခွေးလေး
#လိပ်ပြာကြီး
#ရင်

Some text some message..