ဂမ္ဘီရဆန်သော ငှက်များအကြောင်း
lotaya.mpt.com.mm
|
2019-12-18



လေယာဉ်တွေ မပေါ်ခင်က ရှေးခေတ်သမိုင်းတစ်လျှောက်လုံးမှာ လူသားတွေဟာ မြေကမ္ဘာပေါ်မှာပဲ ရပ်တည် ရှင်သန်ခဲ့ကြတာမို့ လေပေါ် ပျံနိုင်တဲ့ ငှက်တွေကို နတ်ဘုရားတွေရဲ့ တမန်တော်တွေ၊ စီးတော်ယာဉ်တွေအဖြစ် ထင်မြင်ယူဆခဲ့ကြပါတယ်။ ငှက်တွေရဲ့ အပြုအမူ၊ အနေအထိုင်တွေကို လေ့လာပြီးတော့လည်း နိမိတ်ကောက် ယူဆ ဟောပြောခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ဥပမာ - ရွှေကျီးက ဘယ်အရပ်က သာတာ၊ ဆက်ရက် ဘယ်နှစ်ကောင် တွေ့ရင် ကံကောင်းတာ၊ စာကလေးက ဘယ်လို ကျိန်တာ စသည်ဖြင့် နည်းလမ်းပေါင်းစုံ ယူဆခဲ့ကြပါတယ်။ ဒီနေရာမှာတော့ ကျက်သရေမင်္ဂလာရှိတဲ့၊ ကံကောင်း၊ နိမိတ်ကောင်းစေတဲ့ ငှက်တွေအကြောင်းကို ဂမ္ဘီရအဆောင်သုတအဖြစ် တင်ပြပေးလိုက်ပါတယ်။

ဖီးနစ်




တရုတ်မင်္ဂလာဖိတ်စာမှာ နဂါးနဲ့အတူ ယှဉ်တွဲ တွေ့မြင်နေကျ ဖီးနစ် (ခေါ်) မီးလျှံငှက်ဟာ အိမ်ထောင်ရေး သုခကို ပေးစွမ်းတဲ့အပြင် ပြာပုံကနေ ပြန်ထလာပြီး အမြင့်ဆုံးကို ပျံသန်းနိုင်တဲ့ ဒဏ္ဍာရီလည်း ရှိတဲ့အတွက် ခွန်အားသတ္တိတွေကို ပေးစွမ်းနိုင်တယ်လို့ တရုတ်ဖုန်းရွှေဆရာတွေက ယူဆပါတယ်။ ဖီးနစ်ငှက်ကို မြန်မာ့ လောကီပညာ လေ့လာလိုက်စားသူတွေက ဇော်ဂျီဖိုဝင်ငှက်လို့လည်း ခေါ်ဝေါ်တတ်ကြပါတယ်။

ကြိုးကြာ




ဖုန်းရွှေပညာမှာ ကြိုးကြာငှက်တွေကို သက်ရှည်ကျန်းမာခြင်းရဲ့ သင်္ကေတအဖြစ် ယူဆပါတယ်။ ဒါတင်မကဘဲ နေမင်းဆီ ပျံသန်းသွားတဲ့ ကြိုးကြာငှက်နှစ်ကောင်ပုံဟာ ဘဝအဆင့်အတန်း တိုးတက် မြင့်မားမှုကို ပေးစွမ်းပြီး ပညာရေးကဏ္ဍမှာလည်း အောင်မြင်မှု ပေးနိုင်တယ်လို့ ဆိုပါတယ်။

မန်ဒရင်းဘဲ




အချစ်ငှက်တွေလို့ တင်စားကြတဲ့ မန်ဒရင်းဘဲမောင်နှံဟာ အချစ်ရေး၊ အိမ်ထောင်ရေး ကံခေနေသူတွေအတွက် ယတြာတစ်မျိုးပါပဲ။ ရိုးမြေကျ မေတ္တာ၊ ခိုင်မြဲတဲ့ သစ္စာတွေကို ဖော်ညွှန်းတဲ့ ဒီပုံကို အိပ်ခန်းမှာ ချိတ်ဆွဲထားရင် အိမ်ထောင်ရေး တည်မြဲမယ်၊ ဘဝခရီးမှာ သာယာချမ်းမြေ့မယ်လို့ ဖုန်းရွှေပညာက ဆိုရိုးရှိပါတယ်။

ဥဒေါင်း




အရှေ့တိုင်းသားတွေက ဒေါင်းကို ကျက်သရေမင်္ဂလာ ရှိတယ်လို့ သတ်မှတ်ကြပါတယ်။ မြန်မာ့လောကီပညာမှာ နေနဲ့လကို ဒေါင်းနဲ့ ယုန်အဖြစ် တင်စားတတ်ကြသလို တရုတ်တွေရဲ့ ဖုန်းရွှေပညာရပ်မှာလည်း ဒေါင်းတွေကို ဘုန်းတန်ခိုးနဲ့ ကံကောင်းခြင်းရဲ့ သင်္ကေတအဖြစ် ယူဆကြပါတယ်။ ဒါ့အပြင် အချစ်ရေး အဆင်မပြေနိုင်သေးတဲ့ လူပျိုအပျိုတွေအတွက် ဒေါင်းပုံနဲ့ ဒေါင်းမွှေးတွေကို ပီယအဆောင်အဖြစ်လည်း အသုံးပြုတတ်ကြပါတယ်။

လင်းယုန်




အာကာတစ်ခွင်ရဲ့ ရာဇာဘုရင်လို့ တင်စားကြတဲ့ လင်းယုန်ငှက်ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ကျော်ဇောထင်ရှားပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်တံဆိပ်မှာ လင်းယုန်ငှက်ရဲ့ ပုံစံကို ရေးထိုးထားသလို တရုတ်တွေရဲ့ ဖုန်းရွှေပညာမှာလည်း လင်းယုန်က အခက်အခဲတွေကြားထဲကနေ ထိုးဖောက် ပျံသန်းမြင့်တက်မယ့် နိမိတ်ကို ဆောင်ယူပါတယ်။ ရုံးခန်းတွေ၊ ကားထဲတွေမှာ ချိတ်ဆွဲလေ့ ရှိကြပါတယ်။

ကံကောင်း၊ နိမိတ်ကောင်းစေတဲ့ ငှက်တွေအကြောင်း သုတ တိုးပွား ရရှိကြပါစေ

ဧက

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။

#ငှက်
#ဖီးနစ်
#ဒေါင်း
#ကြိုးကြာငှက်
#လင်းယုန်ငှက်

Some text some message..