ဇန်နဝါရီလ ၅ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-01-05



လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း ဇန်နဝါရီလ ၅ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ အိမ်ခြံမြေကိစ္စ၊ အမွေကိစ္စအတွက် စကားများရကိန်းရှိပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာလည်း ဆုံးဖြတ်ချက်မှားတာမျိုးကြုံရနိုင်လို့ ဒီနေ့ရက်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ကြံစည်လုပ်ဆောင်ဖို့ မသင့်သေးပါဘူး။ ငွေပေးငွေယူ လက်လွန်တာတွေအတွက် အမှုအခင်းဖြစ်ကိန်းရှိလို့ ဘယ်လို ငွေအပေးအယူမျိုးကိုမှ လုပ်ဆောင်ဖို့ မသင့်တဲ့ ကာလပါပဲ။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးကိန်းရှိပါတယ်။ အိမ်အလှဆင်ပစ္စည်းလုပ်ငန်း၊ ပရိဘောဂလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး ပညာရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လုပ်ငန်းရှင်ဖြစ်ပါက မိမိလုပ်ငန်းမှာ ရှယ်ယာထည့်ဝင်လာသူများ ရုတ်တရက် ရှယ်ယာပြန်ထုတ်ခြင်း၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ ကောလာဟလထွက်ခြင်းများကြောင့် လုပ်ငန်းနာမည်ပျက်ခြင်း၊ လုပ်ငန်းယိုင်နဲ့ခြင်းမျိုး ရှိလာတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ နှစ်ဖက်မိသားစုကြောင့် အိမ်ထောင်ဖက်နဲ့ စကားများရန်ဖြစ်ရတတ်ပြီး အိမ်တွင်းရေး သာယာနိုင်စေဖို့ စကားပြောဆင်ခြင်ရမှာဖြစ်ပါတယ်။ အချစ်ရေးသာယာနေပြီး ချစ်သူဝိုင်းဝိုင်းလည်နေလို့ ရွေးရခက်နေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လမ်းသွားရင်း မတော်တဆ ထိခိုက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် အချိုရည်ဘူး ကပ်လှူ၍ လိုရာဆုတောင်းပါ။

တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများ အောင်မြင်နေပြီး ဆရာဝန်၊ အဆိုတော်များ အကျိုးများမယ့် အချိန်ဖြစ်ပါတယ်။ နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရသူများ အဆင်ပြေနေပြီး မိတ်ဆွေကောင်းများရဲ့ အကူအညီတွေလည်း ရရှိပါလိမ့်မယ်။ နိုင်ငံရပ်ခြား သွားလာရကိန်းလည်း ရှိပြီး အစုရှယ်ယာဝင်ခြင်း၊ အလုပ်သစ်ပြောင်းလဲလုပ်ကိုင်ခြင်းများလည်း အကျိုးများမယ့် အချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ ပညာရေးကို စိတ်မဝင်စားပဲ အချစ်ရေးအတွက် စိတ်လေနေတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေအနေနဲ့ ချစ်သူကြောင့် ဂုဏ်သိက္ခာကျဆင်းတတ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ရဲ့ အထူးချစ်ခင်ခြင်း ခံရတတ်ပြီး စိတ်ချမ်းသာရမှာပါ။ ကျန်းမာရေးအနေနဲ့ ဆေးရုံဆေးခန်းရောက်ကိန်းရှိလို့ သတိပြုသင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ခရမ်းသီးဟင်း ကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဒီနေ့မှာ ဘယ်လိုကိစ္စမျိုး မဆို အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ လုပ်ငန်းရှင်ဖြစ်ပါက လုပ်ငန်းတိုးချဲ့မှုပိုင်း အောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီး ထီ စပ်တူထိုးပေးသင့်ပါတယ်။ သောကြာ၊ ဗုဒ္ဓဟူး သားသမီးတွေရဲ့ ကူညီမှုနဲ့ လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး နေရာလုပ်ငန်းပေါင်းစုံကနေ ထီပေါက်သလို ငွေဝင်ကိန်းရှိနေပါတယ်။ အိမ်အနီးအနားမှာ အလှူရှိတယ်ဆိုရင် ၂အစ ၅အဆုံး ထီထိုးပေးပါ။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများ အထူးကောင်းမွန်နေပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော အောက်လူနဲ့ပါ အဆင်ပြေပြီး လုပ်ငန်းခွင်သာယာနေပါလိမ့်မယ်။ ပညာရေးအတွက် လိုအပ်တဲ့ တက်ချင်နေတဲ့ သင်တန်းမျိုး အခမဲ့ တက်ခွင့် ကြုံလာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ သောကြာ၊ ဗုဒ္ဓဟူး နာမည်ပါသူတွေရဲ့ ချစ်ရေးဆိုခြင်း ခံရတတ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ သားသမီး ချစ်သူနောက်လိုက်ပြေးလို့ ဖြေရှင်းရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းကိုက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီ အတွင်းလုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် ဆီးပန်းသီး ကပ်လှူဆုတောင်းပေးပါ။

ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ လူမျိုးခြားနဲ့လုပ်ကိုင်တဲ့ ကိစ္စတွေမှာ အထူးသတိထား လုပ်ဆောင်သင့်ပါတယ်။ အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ ရှေ့တိုးလုပ်ဆောင်သင့်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ချောက်တွန်းတတ်သူတွေကို သတိပြုသင့်ပါတယ်။ လုပ်ငန်းရှင်ရဲ့ အထင်အမြင်လွဲမှုခံရတတ်ပြီး လုပ်ငန်းစပ်တူလုပ်ကိုင်ထားသူတွေကလည်း ငွေပြန်ထုတ်တာမျိုးကြုံပြီး လုပ်ငန်းခွင် အခက်တွေ့တတ်ပါတယ်။ ရေထွက်ပစ္စည်းလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူများ အထူးကောင်းမွန်နေပြီး ဆေးဆိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူများ အနည်းငယ်ညံ့နေပါတယ်။ ဝန်ထမ်းဖြစ်ပါက အလုပ်မှာ အထက်လူကြီးက မိမိဘာလုပ်လုပ် အကောင်းမမြင်ပဲ ရှိနေတတ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်းတက်ခြင်း၊ စာမေးပွဲဖြေဆိုခြင်းများ ရှိပါက အဆင်မပြေပဲ လွဲချော်နေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူနဲ့ သာယာအဆင်ပြေနေမှာဖြစ်ပြီး ချစ်သူထံမှ သတင်းကောင်းလည်း ကြားလာရတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ အိမ်အသစ်ပြောင်းရွှေ့ရကိန်းရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ရွှေပန်း ကပ်လှူပေးပါ။

ရာဟု - ရာဟုသားသမီးတွေအနေနဲ့ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ ငွေကြေးပိုင်း အင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး လုပ်ငန်းတိုးချဲ့မှုတွေကနေလည်း အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။ လုပ်ငန်းတူသူတွေနဲ့ ပူးပေါင်းလုပ်ကိုင်တာကနေလည်း အောင်မြင်နိုင်ပြီး မိမိကို ငွေကြေးကူညီမယ့်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ လမ်းပြပေးသူတွေလည်း တွေ့ကြုံရပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ရော အောက်လူနဲ့ပါ အဆင်ပြေနေပြီး လုပ်ငန်းခွင်အတွင်းစိတ်ချမ်းသာရမယ့် အချိန်ပါပဲ။ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံ၊ လက်မှုပစ္စည်းလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ကောက်တတ်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိတ်ပူစရာမရှိပါဘူး။ အိမ်တွင်းရေး အဆင်ပြေနေပြီးအိမ်ထောင်သည်တွေအနေနဲ့ စီးပွားအဆင်ပြေတာကြောင့် မိသားစုနဲ့ မိဘ၊ မောင်နှမတွေကို ထောက်ပံ့ကူညီနိုင်ပါလိမ့်မယ်။ ပညာရေးမှာ မိမိတက်ချင်နေတဲ့ သင်တန်းတွေတက်ခွင့်ရလာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အဖုအကြိတ်သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် လမုန့်လှူဒါန်းပေးပါ။

ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။ အလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ငွေလိမ်ခံရကိန်းရှိနေပြီး ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ လုပ်ငန်းစပ်တူ ရှယ်ယာထည့်ဝင်ထားသူတွေအနေနဲ့တော့ အကျိုးအမြတ်ရနိုင်မယ့် အချိန်ဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီး အနုပညာလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အထူးအောင်မြင်နိုင်ပါတယ်။ ပညာရေးမှာ စာမေးပွဲ ဖြေဆိုရန်ရှိသူတွေ၊ စာမေးပွဲဖြေဆိုထားသူတွေအနေနဲ့ ထူးထူးချွန်ချွန်အောင်မြင်ပါလိမ့်မယ်။ အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ အိမ်ထောင်ရေးကိစ္စ အရှုပ်အရှင်းတွေကိုလည်း ဖြေရှင်းရတတ်ပြီး အိမ်ထောင်ဖက်နဲ့ ခွဲနေရတတ်ပါတယ်။ အချစ်ရေးမှာတော့ ကိုယ့်အပေါ်လိမ်ညာမယ့် ချစ်သူရလာတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကလည်း ချစ်သူရဲ့ သစ္စာဖောက်မှု ခံရတတ်လို့ သတိပြုပါ။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့် အချိန်ဖြစ်ပြီး မျက်စိထိခိုက်မိတတ်လို့ သတိပြုရပါမယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - မေတ္တာသုတ်ရွတ်ဖတ်ပေးပါ။

သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့ ကာလအတန်ကြာကြန့်ကြာနေသော လုပ်ငန်းများလည်း ပြန်လည်အကောင်အထည်ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းသဘာ၀ အပြောင်းအလဲ ကြုံရကိန်းရှိပြီး မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊ အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကို တက်လှမ်းနိုင်မယ့် ကာလပါပဲ။ လျှပ်စစ်ပစ္စည်းသစ် ဝင်ကိန်းရှိနေပြီး ဝင်လျှင်ပျက်တတ်ပါတယ်။ အိမ်ထောင်ပရိဘောဂ ပစ္စည်းသစ်လည်း ဝင်ကိန်းရှိနေပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီနဲ့ လုပ်ငန်းတိုးချဲ့မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အထက်အရာရှိ အမျိုးသမီးရဲ့ ကူညီမှုနဲ့ ရာထူးတိုးနိုင်ပါတယ်။ တင်ဒါကိစ္စ၊ ငွေကြေးစပ်တူရှယ်ယာကိစ္စများကောင်းမွန်နေပြီး ဝယ်ထားတဲ့ ရှယ်ယာတွေလည်း ဈေးတက်တာမျိုး ကြုံရတတ်ပါတယ်။ ရွှေစုထားရင်ကောင်းမွန်တဲ့ အချိန်လည်းဖြစ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ အိမ်တွင်းရေးကိစ္စတွေ လိုက်ဖြေရှင်းပေးနေရတတ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ကတော့ အိမ်ထောင်ဖက် လုပ်ငန်းအောင်မြင်မှုအပေါ် မိမိပါ အကျိုးခံစားရပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်အချဉ်ပေါက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် သခွားသီးသုပ်ကပ်လှူပေးပါ။

စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ငွေချေးငှားထားပြီး ဆုံးသလိုဖြစ်နေတာမျိုးတွေ မထင်မှတ်ပဲ ပြန်ရလာပါလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်း အပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။ ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေ အကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက အထက်အရာရှိရဲ့ မျက်နှာသာပေးခံရတတ်ပြီး လက်အောက်ငယ်သားတွေနဲ့ လုပ်ငန်းပြိုင်တွေ၊ ရာထူးတူသူတွေရဲ့ မနာလိုမှုကိုတော့ ခံရကိန်းရှိနေပါတယ်။ ဒီရက်မှာ နိုင်ငံရပ်ခြား ခရီးစဉ်လည်း ပေါ်ပေါက်လာမှာဖြစ်ပြီး ကောင်းသောခရီးဖြစ်နိုင်ပါတယ်။ ထီး၊ ဖိနပ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီး အိမ်ခြံမြေလုပ်ငန်းရှင်တွေကတော့ အနည်းငယ်အထစ်အငေါ့ရှိနေပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့ မိဘ၊ မောင်နှမတွေနဲ့ ကတောက်ကဆဖြစ်ရတတ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လိပ်ခေါင်းရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် နှင်းသီး ကပ်လှူဆုတောင်းပါ။

LEO


#လုပ်ငန်း
#သားသမီး
#ကိန်း
#ယတြာ
#အိမ်ထောင်သည်

Some text some message..