
ဒီနေ့ မျက်မှောက်ကာလ နည်းပညာခေတ်ထဲမှာ ခုမြင်၊ ခုကြိုက်၊ တော်ကြာနေ ပြန်လမ်းခွဲတဲ့ ဇာတ်လမ်းတွေက သိပ်မထူးဆန်းဘူးဆိုပေမယ့် ကိုယ့်လက်တွဲဖော် ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်နဲ့ သေတပန်သက်တဆုံး မခွဲမခွာ သစ္စာရှိရှိ လက်ဆက် ပေါင်းဖက်လိုတွေအတွက်တော့ ခေတ်ရဲ့ ဆွဲဆောင်မှုပေါင်းစုံတွေအောက်မှာ လက်တွဲတွေ ခိုင်မြဲဖို့က ခက်ခဲလာမှာ အသေချာပါပဲ။ ဒါကြောင့်လည်း ချစ်သူရည်းစားတွေ၊ ဇနီးမောင်နှံတွေရဲ့ တွဲလက်တွေ မြဲမြံစေမယ့် မြန်မာ့ရိုးရာအစီအရင်တွေကို ဗေဒင်သုတအဖြစ် တင်ပြပေးပါမယ်။
စုံတွဲအလိုက် အညွန့်နံပန်းကို ဘုရားလှူပါ
ချစ်သူစုံတွဲမှာ တစ်ဦးချင်းရဲ့ အညွှန့်နံပန်းတွေကို နှစ်မျိုးစလုံး ပေါင်းပြီး သက်ဆိုင်ရာ မွေးနံထောင့် နှစ်ခုမှာ ကပ်လှူပူဇော် ဆုတောင်းရပါမယ်။ မွေးနံအလိုက် အညွှန့်နံပန်းအမည်တွေကို အောက်ပါဇယားမှာ ကြည့်ပါ။
ဥပမာ - ကိုယ်က အင်္ဂါသမီး ဖြစ်ပြီး ချစ်သူ (သို့) အိမ်ထောင်ဖက်က စနေသားဆိုရင် အင်္ဂါသမီးရဲ့ အညွှန့်က (ဗုဒ္ဓဟူး) ဖြစ်တော့ ရွက်လှ (၈) ညွှန့်ကို ယူ၊ စနေသားရဲ့ အညွှန့်က (တနင်္ဂနွေ) ဖြစ်လို့ အုန်းညွှန့် (၆) ညွှန့် ယူပြီး နှစ်ဦးစလုံးရဲ့ မွေးနံထောင့်တွေ ဖြစ်တဲ့ စနေနဲ့ အင်္ဂါထောင့်တွေမှာ အတူတကွ လှူဒါန်းပေးရပါမယ်။
ဂြိုဟ်ခွင်နှစ်ထောင့်စလုံးမှာ နှစ်ဦးစာ လှူရမှာ ဖြစ်လို့ အညွှန့်အခက်ပန်းတွေကို အတိအကျ မယူဘဲ များများနဲ့ ဝေဆာလှပအောင်လည်း လှူဒါန်းနိုင်ပါတယ်။ လုပ်ရမယ့်နေ့က နှစ်ဦးစလုံး အားမယ့် ရက်မျိုးမှာ လုပ်နိုင်ပြီး တစ်လတစ်ကြိမ် ဖြစ်ဖြစ်၊ သုံးလ တစ်ကြိမ်ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ နှစ်ဦးစလုံးရဲ့ အညွှန့်အခက်တွေကို ဘုရားမှာ လှူဒါန်းရတဲ့ ကုသိုလ်ကြောင့် ချစ်ခရီးလမ်းမှာ စိတ်အေးချမ်းသာစေမှာ ဖြစ်ပါတယ်။ (မှတ်ချက်- နံတူချင်းဆိုရင် ထပ်တူ လှူဒါန်းနိုင်ပါတယ်)
အာဟာရနဲ့ ဇီဝိတဒါန ကုသိုလ်ယူပါ
မြန်မာ့ရိုးရာဗေဒင်ပညာမှာ အချစ်ရေးကို တနင်္လာဂြိုဟ်က စိုးမိုးပါတယ်။ ဒါကြောင့်လည်း အချစ်ရေးကိစ္စတွေ အဆင်မပြေ ဖြစ်ရ၊ အသည်းကွဲရပြီဆို တနင်္လာဂြိုဟ်ကို ယတြာချေလေ့ ရှိပါတယ်။ ဒါ့အပြင် အာလပ္ပနဂြိုဟ်၊ မိတ်ဂြိုဟ်တွေကို စီရင်ကုစားတဲ့ ယတြာနည်းတွေလည်း ရှိပါတယ်။ အခု ဒီမှာတော့ အများ နားလည်လွယ်ပြီး အသုံးတည့်မယ့် နည်းကိုပဲ ပြချင်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ လုပ်ပါ။ အားလုံး အဆင်ပြေသွားမှာပါ။
အချစ်ရေးမှာ စိတ်ညစ်စရာတွေ ၊ နားလည်မှု လွဲတာတွေ၊ ကြားလူ ဝင်နှောင့်ယှက်တာတွေ ဖြစ်လာပြီဆိုရင် တနင်္လာနံ ဖြစ်တဲ့ ငှက်ကလေးတွေ အစာကျွေးတာ၊ လှောင်အိမ်ထဲက ငှက်လေးတွေကို ပြန်လွှတ်ပေးတာ၊ အစာရှာရ ခက်နေတဲ့ လမ်းဘေးခွေးလေးတွေ၊ ကြောင်လေးတွေကို အစာကျွေးတာတွေ လုပ်ပေးရပါမယ်။ ဘယ်နှစ်ကြိမ် လုပ်ရမလဲဆို မကြာခဏ လုပ်ပေးသင့်တယ်လို့ပဲ ပြောချင်ပါတယ်။
တကယ်လို့များ နှစ်ယောက်သားကြားမှာ အဖုအထစ်တွေ သိပ်များပြီး ခဏတာ ခွဲခွာရပြီဆိုရင် နည်းတစ်ခု ရှိပါတယ်။ ချစ်သူ (သို့) အိမ်ထောင်ဖက်ရဲ့ ပြုံးရွှင်နေတဲ့ ဓာတ်ပုံလေးကို ခေါင်းအုံးအောက်မှာ ထားအိပ်ဖို့ပါပဲ။ အိပ်ခါနီး ဓာတ်ပုံလေးကို ကြည့်ပြီး မေတ္တာပို့ရင်တော့ ပိုပြီး ထိရောက်ပါလိမ့်မယ်။
(၇) ရက်သားသမီးအားလုံး မေတ္တာရေးရာ စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ
ဧက