
Photo: valentine Cover
ဒီနှစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၄ (ချစ်သူများနေ့) မှာ ကောဇာ သောကြာဂြိုဟ်ဟာ မိဿရာသီခွင်အစမှာ ရပ်တည်နေပြီး အင်္ဂါဂြိုဟ်ကတော့ ဓနုရာသီအဆုံးနားမှာ တည်ရှိနေပါတယ်။ ချစ်မေတ္တာရေးရာနဲ့ ပတ်သက်တဲ့ ဒီဂြိုဟ်တွေရဲ့ ရပ်တည်ပုံအရ လာမယ့် ချစ်သူများနေ့မှာ ၁၂ ရာသီဖွားတွေရဲ့ နှလုံးသားရေးကံကြမ္မာကို ခုလို အဖြေရှာကြည့်လိုက်ပါတယ်။
မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူ) တွေအတွက် ချစ်သူများနေ့ဟာ တကယ့်အမှတ်တရနဲ့ စိတ်လှုပ်ရှားကြည်နူးစရာတွေ ပေးစွမ်းပါလိမ့်မယ်။ အနောက်တိုင်းဆန်ဆန် ချစ်ခွင့်ပန်တာ၊ ဟိုဟိုဒီဒီ သွားလာ လည်ပတ်တာတွေ လုပ်လို့ ကောင်းပါတယ်။ ရင်ဖွင့်ချစရာ ရှိရင် ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုကြည့်ပါ။
ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူ) တွေက ချစ်သူများနေ့မှာ သိပ်ပြီး ကံမကောင်းနိုင်လို့ နှစ်ဦးသားကြားမှာ ပြဿနာတွေ မဖြစ်ရအောင် သတိသာ ဆောင်ထားပါ။ စကားနာထိုးတာ၊ အရမ်း ရစ်တာမျိုး မလုပ်မိပါစေနဲ့။ အဲဒါလေးတွေကို ရှောင်တတ်တိမ်းတတ်မယ်ဆိုရင်တော့ အများနည်းတူ ဖြတ်သန်းနိုင်မှာပါ။
မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူ) တွေက ချစ်သူများနေ့မှာ သာယာယာယာလေး ဖြစ်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ကိုယ့်လက်တွဲဖော်နဲ့ စိတ်အခန့်မသင့်စရာ၊ ဒေါသ ဖြစ်စရာလေးတွေ ပေါ်လာတတ်လို့ အဲဒီအချက်ကိုတော့ သတိပြုရပါမယ်။ ဖြစ်နိုင်သမျှ စကားနည်း ရန်စဲ နေထိုင်ပြီး ပျော်စရာကိုသာ အာရုံပြုပါ။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူ) တွေက နားလည်မှု လွဲပြီး ခံစားချက်ကို ရှေ့တန်း တင်မိလို့ ချစ်သူများနေ့မှာ စိတ်ညစ်ရတတ်ပါတယ်။ တောင်တွေးမြောက်တွေးတွေနဲ့ နစ်မွန်းပြီး နားလည်မှုချင်း မတိုက်ဆိုင်လို့ သူ ဘာဖြစ်ချင်လဲ၊ ကိုယ် ဘာတွေ ခံစားရလဲ ဆိုတဲ့ကိစ္စတွေကို စိတ်ရှည်သည်းခံပေးရပါမယ်။
Photo: Vday
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူ) တွေအတွက် ချစ်သူများနေ့မှာ ပျော်ရွှင်စရာတွေ ပြည့်နှက်နေပါလိမ့်မယ်။ စုံတွေအတွက် စိတ်လှုပ်ရှား ရင်ခုန်စရာတွေ ဖြစ်ပေါ်လာနိုင်သလို တစ်ကိုယ်ရေသမား အထီးကျန်သူတွေလည်း ချစ်သူ ရနိုင်ခြေ ရှိနေပါတယ်။ ကိုယ်တိုင် ကြိုးစားဖို့တော့ လိုသေးတာပေါ့နော။
ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူ) တွေအနေနဲ့ ချစ်သူများနေ့မှာ စကားနည်း ရန်စဲ နေတတ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြား နားလည်မှု ပေးဖို့ ခက်နေတတ်သလို ထစ်ခနဲရှိ ရန်ဖြစ်ဖို့ ဦးတည်နေတတ်လို့ သည်းခံပေးရပါလိမ့်မယ်။ ဒီနှစ် ချစ်သူများနေ့က သိပ်ကံမကောင်းဘူး ဆိုရမှာပါ။
တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူ) တွေက စိတ်တိုင်းကျ မဟုတ်ပေမဲ့ ပျော်ရွှင်စရာ ချစ်သူများနေ့ကို ပိုင်ဆိုင်ရနိုင်ပါတယ်။ ရင်ခုန်စရာကိစ္စလေးတွေ ပေါ်လာတတ်ပေမယ့် တကယ့် လက်တွေ့ စိတ်ကျေနပ်လောက်အောင် ဖြစ်မလာဘဲ အဖျားရှူးသွားတတ်ပါတယ်။ ဒါနဲ့တင် ကျေနပ်ရပါမယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူ) တွေက ချစ်သူများနေ့မှာ ကုန်ပေါက် များသလောက် ခရီးမပေါက် ဖြစ်တတ်ပါတယ်။ ချစ်သူချင်း အဆင်ပြေပြေ ဖြစ်နေပေမယ့် ကိုယ့်ဘက်က စတိုင် အနေအထား အပြောင်းအလဲလေးတော့ လုပ်ပေးပါ။ ဒါဆို နှစ်ဦးသား ဆွဲဆောင်အားတွေ ပိုကောင်းသွားမှာပါ။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူ) တွေက ချစ်သူများနေ့ရဲ့ ကံထူးရှင်ကြီးတွေပဲ ဖြစ်ပါတယ်။ စုံတွဲတွေအတွက် သိပ်ကို ကျေနပ်ပျော်ရွှင်ရတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ရမှာ ဖြစ်သလို ချစ်သူ မရှိ တစ်ကိုယ်ရည်သမားတွေလည်း ချစ်သူရှာရင်း ဖူးစာဖက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရလာပါလိမ့်မယ်။
Photo: Vday2
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူ) တွေက ချစ်သူများနေ့မှာ အရှုပ်အရှင်းနဲ့ ပြဿနာတွေ ပေါ်တတ်လို့ ကြိုတင် သတိထားဖို့ လိုပါတယ်။ အချင်းချင်း နားလည်မှု လွဲတာ၊ သဘောထား မတိုက်ဆိုင်တာ၊ အသေးအဖွဲကနေ ကြီးကြီးမားမားထိ ဒေါသဖြစ်စရာတွေ ပေါ်လာနိုင်တာမို့ ဂရုစိုက်ကြပါ။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူ) တွေကတော့ ချစ်သူများနေ့မှာ စိတ်ရော ကိုယ်ပါ ကြည်နူးချမ်းမြေ့စရာတွေ ပြည့်နှက်နေပါလိမ့်မယ်။ စုံတွဲတွေဆိုရင် အတူ သွားလာလည်ပတ်နေကျ မဟုတ်တဲ့ ေနေရာတွေဆီ လည်ပတ်သင့်ပါတယ်။ လက်တွဲဖော် ရှာနေသူတွေလည်း ကံကောင်းပါလိမ့်မယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူ) တွေက နေရင်းထိုင်ရင်း စိတ်တိုဒေါသ ဖြစ်ပြီး အလိုမကျမှုတွေ များနေလို့ ချစ်သူများနေ့မှာ အများသူငါလို မပျော်နိုင် ဖြစ်နေတတ်ပါတယ်။ ငွေကြေးလည်း ခက်ခဲနေတတ်ပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုကို ဖန်တီးရာမှာ ငွေကြေးက အဓိက မကျဘူးဆိုတာ သတိရပါ။
၁၂ ရာသီဖွားအားလုံး ချစ်သူများနေ့ကို ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ
ဧက (ဗေဒင်သုတ)
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။