တရုတ်လူမျိုးတွေရဲ့ ၁၂ ရာသီခွင် လှည့်ပတ်မှုစနစ်အရ ဒီနှစ် ဇန်နဝါရီ ၂၅ ကနေ နောင်နှစ် ၂၀၂၁ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိဟာ သတ္တုဓာတ် ကြီးစိုးတဲ့ ကြွက်နှစ် ဖြစ်ပါတယ်။ ဒီလိုနှစ်ကာလမှာ စနစ်တကျနဲ့ အသေးစိတ် အစီအစဉ် ရေးဆွဲထားတဲ့ နှစ်ရှည်စီမံကိန်းတွေနဲ့ ဖြည်းဖြည်းချင်း အရှိန်ယူ ရတဲ့ လုပ်ငန်းကြီးတွေ စတင် တည်ထောင်လုပ်ကိုင်ရင် အောင်မြင်မယ်လို့ အဆိုရှိပါတယ်။ ရာသီခွင် တစ်ခုချင်းစီအလိုက် ကံအဆိုး အကောင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကြွက်နှစ်ဖွား (၁၉၄၈ ၊ ၁၉၆၀၊ ၁၉၇၂ ၊ ၁၉၈၄ ၊ ၁၉၉၆ ၊ ၂၀၀၈ တွင် မွေးဖွားသူများ)
ကြွက်နှစ်မှာ ကြွက်နှစ်ဖွားတွေ သိပ်ကံမကောင်းတတ်ပါဘူး။ မရေရာမှုတွေ၊ အပြောင်းအလဲတွေနဲ့ပဲ ကြုံရတတ်သလို မိသားစုနဲ့ အချစ်ရေးကိစ္စတွေမှာလည်း ကံအားနည်းတတ်ပါတယ်။ သည်းခံနိုင်ဖို့နဲ့ လျစ်လျူရှုတတ်ဖို့သာ ပြင်ထားပါ။ ယတြာသဘောအဖြစ် မင်္ဂလာပွဲ၊ ပျော်ပွဲရွှင်ပွဲတွေ တက်ပေးပါ။
နွားနှစ်ဖွား (၁၉၄၉ ၊ ၁၉၆၁ ၊ ၁၉၇၃ ၊ ၁၉၈၅ ၊ ၁၉၉၇ ၊ ၂၀၀၉ တွင် မွေးဖွားသူများ)
အလုပ်အကိုင်ရော နှလုံးသားရေးမှာပါ စိတ်ချမ်းသာ ပျော်ရွှင်ရမယ့် နှစ်ပါ။ ပေါင်းစည်းညီညွှတ်ခြင်းကို ဖော်ညွှန်းတဲ့ နှစ် ဖြစ်လို့ လူမှုရေးကဏ္ဍကို ဦးစားပေးပါ။ အဆက်အသွယ်ကောင်းတွေ ရရှိပါလိမ့်မယ်။ ကျန်းမာရေး ချူချာတတ်ပေမယ့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလိုက်ရင် ပြန်ကောင်းသွားမှာပါ။
ကျားနှစ်ဖွား (၁၉၅၀ ၊ ၁၉၆၂ ၊ ၁၉၇၄ ၊ ၁၉၈၆ ၊ ၁၉၉၈ ၊ ၂၀၁၀ တွင် မွေးဖွားသူများ)
တစ်နေရာတည်း အထိုင်မကျဘဲ ခရီးတွေ များမယ့် နှစ် ဖြစ်ပါတယ်။ အလုပ်နေရာ အပြောင်းအလဲနဲ့ အိုးအိမ် ပြောင်းလဲမှုတွေလည်း ဖြစ်တတ်ပါတယ်။ အပြောင်းအလဲတွေကနေ အခွင့်အလမ်းသစ်တွေ ရသလို မတည်ငြိမ်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေး အားနည်းချက် ရှိနေလို့ သတိပြုပါ။
ယုန်နှစ်ဖွား (၁၉၅၁ ၊ ၁၉၆၃ ၊ ၁၉၇၅ ၊ ၁၉၈၇ ၊ ၁၉၉၉၊ ၂၀၁၁ တွင် မွေးဖွားသူများ)
ယုန်တွေအတွက်တော့ ကြွက်နှစ်ထဲမှာ ရုန်းကန်ရတတ်ပါတယ်။ အလုပ်အကိုင်နဲ့ ငွေကြေးကိစ္စတွေမှာ ပြဿနာ ရှိလာနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်၊ ပါတနာတွေနဲ့လည်း ပဋိပက္ခ ဖြစ်တတ်ပါတယ်။ ငြင်းခုံ စကားများတာမျိုးကို ရှောင်ပါ။ ကိုယ့်နားပတ်ဝန်းကျင်က လူတွေအပေါ် သတိထားပြီး ဆက်ဆံပါ။
နဂါးနှစ်ဖွား (၁၉၅၂ ၊ ၁၉၆၄ ၊ ၁၉၇၆ ၊ ၁၉၈၈ ၊ ၂၀၀၀ ၊ ၂၀၁၂ တွင် မွေးဖွားသူများ)
အလုပ်အကိုင်နဲ့ ငွေရေးကြေးရေးမှာ ကံကောင်း အောင်မြင်မယ့် နှစ်ပါပဲ။ အခွင့်အလမ်းပေါင်းစုံလည်း ပေါ်လာဖို့ ရှိနေပါတယ်။ တစ်ချက် သတိထားရမှာက ဘယ်အရာမှာမဆို အသေးအဖွဲကိစ္စ ဆိုပြီးတော့ ပစ်မထားဖို့ပါ။ စိတ်မြန်လက်မြန်နဲ့ ဆုံးဖြတ် လုပ်ကိုင်တာမျိုးတွေကိုလည်း ဒီနှစ်မှာ ရှောင်ရပါမယ်။
မြွေနှစ်ဖွား (၁၉၅၃ ၊ ၁၉၆၅ ၊ ၁၉၇၇ ၊ ၁၉၈၉ ၊ ၂၀၀၁၊ ၂၀၁၃ တွင် မွေးဖွားသူများ)
ဘေးပတ်ဝန်းကျင်ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ အထောက်အပံ့ကောင်းတွေကို ရရှိမယ့် နှစ် ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးကိစ္စမှာတော့ ဘယ်သူနဲ့မဆို ပြတ်သားဖို့ လိုပါလိမ့်မယ်။ အစုစပ်လုပ်တာ၊ ငွေကြေး ကစားတာမျိုးတွေ ရှောင်ပါ။ ဒီနှစ်ထဲမှာ ကိုယ့်ပစ္စည်းဥစ္စာတွေ ပျောက်ရှ၊ ပျက်စီး ဆုံးရှုံးတတ်ပါတယ်။
မြင်းနှစ်ဖွား (၁၉၅၄ ၊ ၁၉၆၆ ၊ ၁၉၇၈ ၊ ၁၉၉၀ ၊ ၂၀၀၂ ၊ ၂၀၁၄ တွင် မွေးဖွားသူများ)
ကြိုးစားရုန်းကန်ရမယ့် နှစ် ဖြစ်ပြီး မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ၊ စိန်ခေါ်မှုတွေကိုလည်း ကြုံရ ဆုံရပါလိမ့်မယ်။ အပြောင်းအလဲမှာ ကောင်းတာလည်းပါ၊ မကောင်းတာလည်း ပါဝင်လာနိုင်ပါတယ်။ အသစ်အဆန်းတွေ၊ ပင်ပန်းလှုပ်ရှားမှုတွေ ပြည့်နေတတ်ပြီး ငွေကုန်ကြေးကျလည်း များလာပါမယ်။
ဆိတ်နှစ်ဖွား (၁၉၅၅ ၊ ၁၉၆၇ ၊ ၁၉၇၉ ၊ ၁၉၉၁ ၊ ၂၀၀၃ ၊ ၂၀၁၅ တွင် မွေးဖွားသူများ)
အခက်အခဲတွေကြားက အောင်မြင်မှုကို ရယူနိုင်မယ့် နှစ် ဖြစ်ပါတယ်။ ဘယ်လို ပြဿနာပဲ ဖြစ်ပါစေ ကိုယ် ကိုင်တွယ်လိုက်ရင် ပြေလည်သွားပါလိမ့်မယ်။ သြဇာအာဏာ ရှိသူတွေဆီက အကူအညီတွေကို ရရှိတတ်ပါတယ်။ ဒီနှစ်မှာ ဘာလုပ်လုပ် သေချာ စဉ်းစားပြီးမှ လုပ်ပါ။ အားလုံး အိုကေပါလိမ့်မယ်။
မျောက်နှစ်ဖွား (၁၉၅၆ ၊ ၁၉၆၈ ၊ ၁၉၈၀ ၊ ၁၉၉၂ ၊ ၂၀၀၄ တွင် မွေးဖွားသူများ)
ကြွက်နှစ်ဟာ မျောက်နှစ်ဖွားတွေအတွက် ပျော်စရာအဖြစ်အပျက်တွေကို သယ်ဆောင်လာနိုင်ပါတယ်။ အလုပ်အကိုင်ရော နှလုံးသားရေးမှာပါ ကံကောင်းနေပါလိမ့်မယ်။ နေရာကောင်း၊ အခွင့်အလမ်းသစ်နဲ့ ကြုံရတတ်ပေမယ့် တစ်ဖက်မှာ သည်းညည်းခံရမှာတွေ ရှိပါတယ်။ အသုံးအစွဲလည်း ဆင်ခြင်ရပါမယ်။
ကြက်နှစ်ဖွား (၁၉၅၇ ၊ ၁၉၆၉ ၊ ၁၉၈၁ ၊ ၁၉၉၃ ၊ ၂၀၀၅ တွင် မွေးဖွားသူများ)
စိတ်ရှုပ်၊ အာရုံနောက်စရာတွေ များလာနိုင်တဲ့ နှစ်ဖြစ်လို့ စိတ်အေးလက်အေး ထားဖို့နဲ့ ခံနိုင်ရှည် ရှိဖို့ ပြင်ဆင်ထားပါ။ အလုပ်ကိစ္စနဲ့ လူမှုကိစ္စတွေမှာ ပြဿနာ ဖြစ်လွယ်နေတတ်ပါတယ်။ အငြင်းပွားရတာ၊ ဖြေရှင်းရတာတွေ ရှိလာနိုင်ပါတယ်။ အများနဲ့ ဆက်ဆံရာမှာ သတိထားဖို့၊ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။
ခွေးနှစ်ဖွား (၁၉၄၆ ၊ ၁၉၅၈ ၊ ၁၉၇၀ ၊ ၁၉၈၂ ၊ ၁၉၉၄ ၊ ၂၀၀၆ တွင် မွေးဖွားသူများ)
အလုပ်၊ နေရာ အပြောင်းအလဲတွေ၊ လှုပ်ရှား သွားလာရတဲ့ ခရီးကောင်းတွေနဲ့ ပြည့်နှက်နေမယ့် နှစ်ပါ။ အထိုင်ချ အလုပ်ထက် လျှောက်သွား လုပ်ကိုင်ရတာမျိုးက ပိုအကျိုးပေးပါလိမ့်မယ်။ အခွင့်အလမ်းကို မျက်စိဖွင့် နားစွင့် အရယူဖို့ လိုတယ်။ များသောအားဖြင့် အလုပ်တွေ ကံကောင်းနေမယ့် ကာလပါပဲ။
ဝက်နှစ်ဖွား (၁၉၄၇ ၊ ၁၉၅၉ ၊ ၁၉၇၁ ၊ ၁၉၈၃ ၊ ၁၉၉၅ ၊ ၂၀၀၇ တွင် မွေးဖွားသူများ)
အရင်နှစ်ထက် အလုပ်တွေ ပိုအဆင်ပြေလာဖို့ ရှိပါတယ်။ စိတ်ရှုပ်စရာတွေလည်း ဆက်ရှိနေပါဦးမယ်။ လုပ်စရာကိုင်စရာတွေကို အစီအစဉ်တကျနဲ့ လုပ်နိုင်မှသာ အောင်မြင်မှု ရယူနိုင်မှာပါ။ ဒီနှစ်မှာ အလုပ် ပိုကောင်းလာနိုင်ပေမယ့် ကျန်းမာရေးနဲ့ မေတ္တာရေးရာကိစ္စတွေမှာတော့ အားနည်းသွားတတ်ပါတယ်။
တရုတ်ရာသီခွင် (၁၂) ခုစလုံးအတွက် မင်္ဂလာရှိတဲ့ နှစ်သစ် ဖြစ်ပါစေ
ဧက (ဗေဒင်သုတ)
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။