မေမေတို့ကြောက်တဲ့ ဘေဘီတို့ရဲ့ ခေါင်းလျှော် ချိန်
mizzimaburmese.com
|
2020-02-22

ရေးသားသူ Yun Sandi Nan Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win



ကလေးဝေယျာဝစ္စတွေထဲမှာ အနှီးလေးပတ်ထားရတဲ့အရွယ်တုန်းက လုပ်ပေးရလွယ်ကူသလောက် ကြီးလာလေ ခက်ခဲလာလေ ဖြစ်ရတာက ရေချိုးပေးတဲ့အချိန်ပါပဲ။ ရေချိုးတဲ့အချိန် ရေဆော့ချင်တဲ့ ဘေဘီတို့အတွက် ပျော်စရာဖြစ်ပေမယ့် ခေါင်းလျှော် တဲ့အချိန်တော့ မေမေတို့ပြဿနာတက်ရတဲ့ ကလေးတွေရှိပါတယ်။
ကလေးက ဘာလို့ ကြောက်တာလဲ


ကလေးက ခေါင်းလျှော်ဖို့ကို ဒီလောက်ကြောက်နေရအောင် ဘာအကြောင်းရင်းတွေကြောင့်လဲဆိုတာ အရင်ဆုံးတွေးရပါမယ်။ ဒါမှရေချိုးချိန်၊ ခေါင်းလျှော်ချိန်တွေမှာ သူပျော်လာအောင် ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာ စဉ်းစားလို့ရမှာပေါ့။ ဥပမာ – ကလေးကရေထိမှာ၊ ရေစိုမှာကို ကြောက်တာ သို့မဟုတ် မကြိုက်တာကြောင့်လား၊ ရေဆော့ရတာပျော်ပေမယ့် ခေါင်းကိုရေစိုရင် အေးခနဲခံစားချက်ကိုကြောက်တာလား၊ ခေါင်းကိုရေပိုက်နဲ့ဖြစ်ဖြစ်၊ရေခွက်နဲ့ဖြစ်ဖြစ် ရေလောင်းချမှာကို ကြောက်တာလား (ရေမွန်းမှာကြောက်တဲ့စိတ်ပါ)၊ ခေါင်းလျှော်ရည်ကြောင့် မျက်စိစပ်မှာကြောက်တာလား စသည်ဖြင့် ကိုယ့်ကလေးရဲ့အမူအကျင့်နဲ့အကြိုက်တွေကို အခြေခံပြီးတွေးကြည့်ပါ။

ပြီးမှ သူ့မှာဒီလိုကြောက်စိတ်တွေဖြစ်လာစေအောင် ကိုယ်ရေချိုးပေးတဲ့၊ ခေါင်းလျှော်ပေးတဲ့နည်းလမ်းတွေက ဘာတွေများမှားနေသလဲ၊ ဘာလိုအပ်ချက်တွေရှိနေလဲဆိုတာ ပြန်ဆန်းစစ်သင့်ပါတယ်။

ချိုးပေးတဲ့ရေကအေးနေတာများလား၊ ကလေးရဲ့နှာခေါင်းတွေ၊ နားတွေထဲရေဝင်အောင် လုပ်မိနေသလား၊ ရေလောင်းပေးတဲ့ပုံစံကို ကလေးကမကြိုက်တာများလား (ရေပန်းလေးနဲ့လျှော်တာ သို့မဟုတ်ရေခွက်နဲ့လောင်းတာ/ရေများများလောင်းမိတာ)၊ ရှန်ပူသုံးတာများနေလား ဆိုတာမျိုးတွေပါ။ ပြီးရင်တော့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားကြည့်မလဲဆိုတဲ့ အဆင့်ကို ရောက်ပါပြီ။


ရေချိုးချိန်မှာ ကလေးပျော်အောင်၊ ခေါင်းလျှော် ရလွယ်အောင် ဘယ်လိုလုပ်ပေးမလဲ၊ ဘယ်လိုပြင်ဆင်ပေးမလဲ။ ဘာတွေမလုပ်သင့်၊ ဘာတွေလုပ်သင့်တာလဲ အကြံပြုချက်တချို့ လေ့လာကြည့်ရအောင်။
ခေါင်းလျှော် ရခက်တာကို ဘယ်လိုဖြေရှင်းကြမလဲ

(၁) ကလေးချိုးမယ့်ရေကို အပူအအေးထိန်းညှိပေးရပါမယ်၊ ကြက်သီးနွေးရေလေးနဲ့ချိုးပေးပါ။

အအေးမမိစေဖို့ လေကွယ်အောင်ကာထားတာကောင်းပါတယ်။

(၂) မျက်စိမစပ်စေမယ့် tear-free ကလေးရှန်ပူအမျိုးအစားကိုရွေးဝယ်ပါ။

(၃) ကလေးကို သူနှစ်သက်တဲ့ကစားစရာအရုပ်လေးတွေပေးထားပြီးရေချိုးပါ။

(၄) ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။

ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့် ခေါင်းလျှော် ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။

(၅) ရေချိုးခန်းအပေါ်မျက်နှာကြက်မှာ ရယ်စရာကောင်းတဲ့ရုပ်ပုံ သို့မဟုတ် လှုပ်တုပ်တုပ် အရုပ်တစ်ခုခုချိတ်ဆွဲထားပါ။

ခေါင်းလျှော်နေတဲ့ကိစ္စကနေ သူအာရုံပြောင်းသွားစေမယ့်အရာတစ်ခုခုပေါ့။

(၆) သီချင်းတစ်ခုခုကိုကျယ်ကျယ်ဆိုနေတာမျိုးကလည်း အာရုံပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။

လက်ကလေး၊ခြေထောက်လေးတွေကို ရေချိုးပေးရင်းလည်း တစ်ခုချင်းအသံထွက်ပြီးစကားပြောပေးမယ်ဆိုရင် တစ်ကိုယ်လုံးရေချိုးပြီးတဲ့အခါ သင်သာလက်မြန်ခဲ့ရင်ခေါင်းတခါတည်းလျှော်လိုက်လို့ရပါတယ်။

(၇) ကလေးရဲ့ကြောက်စိတ်တွေကို ကူဖျောက်ပေးပါ။

ဘာမှကြောက်စရာမရှိတဲ့အကြောင်းပြောရင်း ကလေးရဲ့လက်ကိုပါ ရှန်ပူထည့်ပေးပြီး သူကိုယ်တိုင်လည်းဝင်လျှော်ခိုင်းပါ။ သူ့လက်နဲ့သူလုပ်ရတာဖြစ်လို့ ယုံကြည်မှုပိုရှိလာနိုင်ပြီးကြောက် စိတ်လျော့လာမှာပါ။ နောက်အကြိမ် တွေမှာ အခုလောက်မခက်ခဲတော့လောက်ပါဘူး။


#ကလေး
#ရေ
#ကြောက်စိတ်
#လျှော်
#ရေခွက်

Some text some message..