စက္ကူပန်းများ
mmtimes.com
|
2020-02-26



စက္ကူပန်းများ

(၁)

ကျွန်မ နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့ လမ်းတစ်လျှောက်မှာ အင်မတန်လှပသော စက္ကူပန်းများကို မြင်တွေ့ရလေ့ရှိသည်။

ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်၊ ပန်းဆီရောင် အဆုပ်လိုက် အုံလိုက်ပွင့်နေတာဖြစ်ဖြစ် ခပ်ကျဲကျဲ ပင်လုံးကျွတ်ပွင့်နေတာပဲဖြစ်ဖြစ် သူတို့ရဲ့အလှက ကျွန်မ မျက်စိကို ဖမ်းစားလေ့ရှိမြဲ။ စက္ကူပန်းတွေရဲ့ အလှမှာ ယစ်မူးရလွန်းတော့ နေ့စဉ်နဲ့အမျှ သွားရာ လမ်းတစ်လျှောက် စက္ကူပန်းရုံတွေကို လိုက်ရှာငေးနေရတာက ကျွန်မအလုပ်တစ်ခုလိုတောင် ဖြစ်လာခဲ့သည်။ဒါပေမဲ့ ဘယ်လောက်ကြိုက်တဲ့ စက္ကူပန်းပဲဖြစ်ဖြစ်မွှေးကြူစရာရနံ့ မရှိ။ ခူးယူပွေ့ဖက်လိုက်လို့လည်း လက်ထဲမှာဆိုရင် အပင်မှာလို လှပနေဖို့မရှိ။ ပြီးတော့စက္ကူပန်းကို ပန်ဆင်ဖို့လည်းဘယ်သူမှ စိတ်ကူးလေ့မရှိ။ ဘယ်လိုပဲဆိုပါစေ အရောင်စုံလင်းလက်ပြီး လှပလွန်းတဲ့စက္ကူပန်းတွေကို ကျွန်မဘယ်သွားသွား ရှာဖွေ ငေးမျှော်မိနေဆဲ ဖြစ်သည်။

(၂)

လူရဲ့သဘာဝဗီဇစိတ်က ကျွန်မတို့ကိုယ်ကျွန်မအန္တရာယ်တွေနဲ့ ဝေးရာကို ရှောင်ရှားတတ်စေဖို့ အလိုအလျောက်သင်ကြားခဲ့ပေးပြီးဖြစ်သည်။ ကိုက်တတ်တဲ့ ခွေးရှိတယ်လို့သိထားရင် အဲဒီလမ်းကမသွားဘဲ တခြားလမ်းက ကွေ့ပတ်သွားမည်။ နံနံပင်မကြိုက်သူက အစားအသောက်တွေထဲ နံနံပင်မထည့်ဖို့ စားသောက်ဆိုင်ရောက်တိုင်း မှာမည်။ ညစ်ပတ်တာတစ်ခုခုကိုင်မိတယ်ထင်ရင် လက်ဆေးမည်။ အအေးဓာတ် မကြိုက်သူက စိမ့်နေအောင်အေးသော လေအေးပေးစက်တပ်ခန်းထဲ ရောက်နေရင် လေအေးပေးစက် အအေးဓာတ်ကို လျှော့ဖို့ ကြိုးစားမည်။ကျွန်မတို့ နေ့စဉ်အပြုအမူလေးတွေထဲမှာ ကျွန်မတို့မကြိုက်တာတွေကို ရှောင်လွှဲဖို့ ကြိုးစားမှုက နေ့တိုင်းပါဝင်နေခဲ့တာ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ရှောင်လွှဲမှုတွေက မြင်သာပေမဲ့ ကျွန်မတို့စိတ်က ကျွန်မတို့ မကြိုက်တာတွေကနေ ပြေးထွက်ရှောင်လွှဲ နေတာကိုတော့ မြင်သာဖို့ ခက်ပါသည်။ စိတ်ပိုင်းဆိုင်ရာရှောင်လွှဲထွက်ပြေးနေမှုတွေထဲ မသိစိတ်က ထွက်ပြေးနေတာတွေကိုမြင်ဖို့ ကျွန်မတို့က နုနယ်လွန်းသောကြောင့်လည်း ဖြစ်ပါသည်။ဒီလို ရှောင်လွှဲထွက်ပြေးမှုတွေက ကျွန်မတို့ကို လူ့ဘဝထဲရှင်သန်နေအောင် ထောက်ကူထားတဲ့ ယန္တရားတစ်ရပ်လည်း ဖြစ်နေသည်။ မသိစိတ်ရဲ့ အလုပ်လုပ်ပုံက ညင်သာလွန်းတာကြောင့် ကျွန်မတို့ နှစ်သက်လှချည်ရဲ့လို့ သိစိတ်ကခံယူထားတဲ့ အရာတွေက တစ်စုံတစ်ရာကလွတ်အောင် ထွက်ပြေးနေတာမျိုး ဖြစ်နေတတ်သေးသည်။

ကျွန်မတို့ မနှစ်သက်တဲ့ အခြေအနေ၊ ကျွန်မတို့ မနှစ်သက်တဲ့ခံစားမှုတွေက ထွက်ပြေးလွတ်မြောက်ရာ လမ်းမတွေ့နိုင်တော့ရင်တော့ ကိုယ့်ရဲ့ အရှိတရားကနေ ခွဲထွက်ပစ်လိုက်တဲ့ နည်းကိုလည်း မတတ်သာသည့် အဆုံးမှာ သုံးကြရပါသည်။ ကိုယ်မလိုချင်တဲ့ ခံစားမှုတွေနဲ့ ဝေးကွာရာ အခြေအနေအမျိုးမျိုးမှာ အဆင်ပြေသလို လိုက်လျောညီထွေ နေထိုင်ရင်း ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ဆန္ဒတွေကို မေ့လျော့ပစ်တာကတော့ အဆုံးစွန်သော ထွက်ပြေးနည်းဖြစ်သည်။ ဒီလိုနဲ့ပဲ ကျွန်မတို့ဟာ ထွက်ပြေးခြင်းအတတ်ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်လာကြတော့တာဖြစ်သည်။ ဒီလိုနဲ့ပဲ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခဲ့ရတာဖြစ်ပါသည်။

(၃)

ထွက်ပြေးနေတာကရော တကယ်အဆင်ပြေတဲ့ လမ်းပဲလားလို့ တစ်ယောက်ယောက်က မေးလာရင်တော့ ဖြေစရာစကား ကျွန်မမှာမရှိပါ။ တချို့တွေက အခိုက်အတန့်သာ ထွက်ပြေးလွတ်မြောက်နိုင်ပြီး သူတို့လက်မခံနိုင်တဲ့ အရှိတရားဆီ အကြိမ်ကြိမ်ပြန်ရောက်လာကာနာကျင်ကြရတာလည်း ရှိတတ်လို့ ဖြစ်ပါသည်။ တချို့ကတော့သူတို့ကိုယ်သူတို့ ထွက်ပြေးနေမှန်းတောင် မသိအောင် ထွက်ပြေးသွား ကြပြီး ကိုယ်တိုင်ဖြစ်တည်မှု ပျောက်ဆုံးသွားကာ ပြေးခြင်းမှာပဲ အားပြုနေထိုင်လိုက်ကြတာလည်း ရှိပါသည်။ တချို့ကတော့ ထွက်ပြေးဖို့ကြိုးစားရင်း အရှိတရားနဲ့ ထွက်ပြေးခြင်းကြား ပျောက်ဆုံးသွားတတ်ကြတာ လည်း ရှိပါသေးသည်။ ဘာပဲဖြစ်ဖြစ် ထွက်ပြေးခြင်းမှာပဲ ပျော်ရွှင်ရာကို ရနိုင်တယ်ဆိုတာကကို အလွဲကြီး လွဲနေတဲ့ပြဿနာဖြစ်သည်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာက တန်ဖိုးကြီးလှပါသည်။

စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ တစ်နည်းအားဖြင့် အစစ်အမှန်မှာပဲ နေထိုင်ပျော်ရွှင်နိုင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ရမည်ထင်သည်။အစစ်အမှန်မှာပဲ နေထိုင်ပျော်ရွှင်နိုင်ခြင်းဆိုတဲ့ ပန်းတိုင်အတွက် ကိုယ့်ရဲ့ အစစ်အမှန်က ဘာလဲဆိုတာ အရင်နားလည်ဖို့က ပထမတစ်ဆင့်ဖြစ်ပါလိမ့်မည်။ မလိုချင်ပေမဲ့ ကျွန်မတို့ လက်တွေ့မှာ ရနေတာက ကျွန်မတို့ရဲ့ အစစ်အမှန်ဖြစ်သည်။ မဖြစ်ချင်ပေမဲ့ ကြုံနေရတာက ကျွန်မတို့ရဲ့ အရှိတရားဖြစ်သည်။ ကျွန်မတို့ စိတ်ကူးထားတဲ့ စံနှုန်းတွေကို မမီနေပေမဲ့ ကျွန်မတို့လက်ထဲမှာ တကယ်ရှိနေတဲ့ အရာတွေက ကျွန်မတို့ရဲ့ ဘဝဖြစ်သည်။လက်ခံမလား၊ ထွက်ပြေးမလား။ ဒါက နောက်တစ်ဆင့်ဖြစ်မည်။အရှိတရားကို လက်ခံပေးလိုက်ပြီဆိုရင်တော့ အစစ်အမှန်နဲ့ စိတ်ကူးကိုယ်ထည်နှစ်ကိုယ်ကွဲနေတဲ့ ကျွန်မတို့ကနေ အရှိတရားအစစ်အမှန် တစ်ကိုယ်တည်းသာကျန်လိမ့်မည်။ အဲဒီအရှိတရား တစ်ကိုယ်တည်းသာ ကျန်ခဲ့ပြီဆိုရင် ကျွန်မတို့ကို ထိုးနှက်နေတဲ့ နာကျင်စရာတွေနဲ့ ကျွန်မတို့ကြုံလာရတဲ့ ပျော်ရွှင်စရာတွေကို ပိုပြီးထင်းထင်းလင်းလင်းမြင်လာရပါလိမ့်မည်။ စက္ကန့်ပိုင်းလေးပဲဖြစ်ပါစေ ဒီအချိန်မှာ ခံစားရတဲ့ပျော်ရွှင်မှုကတော့ ပျော်ရွှင်မှုအစစ်အမှန်ဖြစ်ပါလိမ့်မည်။ လက်ထဲမှာသေသေချာချာ ဖမ်းဆုပ်ထားနိုင်တဲ့ပျော်ရွှင်မှု ဖြစ်လာပါလိမ့်မည်။ ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပျော်ရွှင်မှုထက်တော့ သာမှာ အသေအချာဖြစ်ပါသည်။ ဒါပေမဲ့လည်း ဆိုခဲ့သလိုပင်။ စစ်မှန်တဲ့ ပျော်ရွှင်မှုကိုပိုင်ဆိုင်ဖို့ ဆိုတာက တန်ဖိုးကြီးလွန်းလှတာမို့ အလှအပလေးတွေပဲ ရွေးသီထားတဲ့ စိတ်ကူးကိုယ်ထည်ကို ငြင်းပယ်ပြီး အစစ်အမှန်ကို နားလည်လက်ခံနိုင်တဲ့ သတ္တိအရင် အားတင်း မွေးမြူရပါလိမ့်မည်။

(၄)

ကျွန်မနေ့စဉ် ဖြတ်သန်းသွားလာနေတဲ့ လမ်းတစ်လျှောက်မှာ အင်မတန်လှပသော စက္ကူပန်းများကို မြင်တွေ့ရလေ့ရှိသည်။ ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်၊ အဖြူရောင်၊ ပန်းဆီရောင် အဆုပ်လိုက် အုံလိုက် ပွင့်နေတာဖြစ်ဖြစ် ခပ်ကျဲကျဲ ပင်လုံးကျွတ်ပွင့်နေတာပဲဖြစ်ဖြစ် သူတို့ရဲ့အလှက ကျွန်မမျက်စိကို ဖမ်းစားလေ့ရှိမြဲ။ စက္ကူပန်းတွေရဲ့ အလှမှာ ယစ်မူးရလွန်းတော့ နေ့စဉ်နဲ့အမျှ သွားရာလမ်းတစ်လျှောက် စက္ကူပန်းရုံတွေကို လိုက်ရှာငေးနေရတာက ကျွန်မအလုပ်တစ်ခုလိုတောင်ဖြစ်လာခဲ့သည်။ ဒါပေမဲ့ ဘယ်လောက်ကြိုက်တဲ့ စက္ကူပန်းပဲဖြစ်ဖြစ်မွှေးကြူစရာ ရနံ့မရှိ။ ခူးယူပွေ့ဖက်လိုက်လို့လည်း လက်ထဲမှာဆိုရင်အပင်မှာလို လှပနေဖို့မရှိ။ ပြီးတော့ စက္ကူပန်းကို ပန်ဆင်ဖို့လည်း ဘယ်သူမှ စိတ်ကူးလေ့မရှိ။ ဘယ်လိုပဲဆိုပါစေ အရောင်စုံလင်းလက်ပြီး လှပလွန်းတဲ့ စက္ကူပန်းတွေကို ကျွန်မဘယ်သွားသွား ရှာဖွေငေးမျှော်မိနေဆဲဖြစ်သည်။ ထိတွေ့ဖို့ အဆင်မပြေဘဲ ငေးမျှော်ရုံ သက်သက်နေရခြင်းကပဲ ကျွန်မစိတ်မှာ စက္ကူပန်းတွေကို ပိုမိုလှပသယောင် ထင်နေရ

ရခြင်း အကြောင်းရင်း ဖြစ်နေနိုင်ပါသည်။


#စက္ကူပန်း
#ပျော်ရွှင်မှု
#ထွက်ပြေးခြင်း
#စိတ်ကူး
#တရား

Some text some message..