ဇွဲကပင်တောင်ထွဋ်သို့ ခြေလှမ်း ၃၇၀ဝ
mmtimes.com
|
2020-03-04



ဇွဲကပင်တောင်ထိပ် မှန်တံတားပေါ်တွင် တွေ့ရသော ဘုရားဖူးဧည့်သည်များ။ ဓာတ်ပုံများ • ဖိုးဝ

ဇွဲကပင်တောင်ထွဋ်သို့ ခြေလှမ်း ၃၇၀ဝ


ကရင်တို့၏အသဲနှလုံး ]ဇွဲကပင်} ကို မြန်မာ့အသံမှ ထုတ်လွှင့်လေ့ရှိသည့် ပြည်ထောင်စုသီချင်းများထဲကမှတစ်ဆင့် စတင် ရင်းနှီးခဲ့သည်။

သထုံဘက်ခြမ်းမှ ဝင်ဝင်၊ မော်လမြိုင်ဘက်မှ ဝင်ဝင် ဘားအံမြို့ပိုင်နက် အစပြုလိုက်သည်နှင့် တစ်ပြိုင်နက် ဇွဲကပင်တောင်ကြီးက ရောက်လာသူတိုင်းအား ဝပ်စင်းလျက်ကြိုဆိုနေတတ်သည်။ ဇွဲကပင် တောင်ကြီးကိုမျက်ဝါးထင်ထင်မြင်ဖူးတော့မှာပဲ တီဗီထဲမြင်ခဲ့သလို တစ်တောင်တည်းထီးထီးရှိနေသည့် တောင်ကြီးမဟုတ်ပဲ မိုင် ၂၀ လောက် တောင်နှင့် မြောက် ရှည်လျားတဲ့တောင်တန်းကြီးတစ်ခုဆိုတာ သိခဲ့ရတော့သည်။

ဇွဲကပင်တောင်ဘေးနားသို့ ဖြတ်သွားဖြတ်လာ မကြာခဏလုပ်ဖြစ်ခဲ့သော်လည်း မြေပြင်ပေါ်တွင်ထီးထီးကြီးရှိနေသော ဇွဲကပင်တောင်ပေါ်တက်ဖို့ အာသီသပြင်းစွာမဖြစ်ခဲ့။ ကားပေါ်မှ၊ တစ်ခါတလေဆိုင်ကယ်ပေါ်မှနေ၍ ငေးရုံလေးသာ ငေးကြည့်ဖြစ်ခဲ့သည်။

ရန်ပုံငွေ စားသောက်ဆိုင်တွင် အားပေးနေသူများ။

သည်လိုနှင့် တောင်တက်ဝါသနာပါသော သူငယ်ချင်းတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီးတောင်တက်ခြင်းအကြောင်း မကြာခဏ စကားစပ်မိရင်းကနေ ဇွဲကပင်တောင်ပေါ်သို့တက်ရန် ဆုံးဖြတ်ဖြစ်ခဲ့သည်။ ဆုံးဖြတ်ပြီး ရက်အနည်းငယ်အကြာတွင်ပင် ကျွန်တော်တို့နှစ်ဦး ဇွဲကပင်တောင်ခြေရင်းသို့ ရောက်နေကြပြီဖြစ်သည်။ မိမိတို့တည်းခိုသည့်နေရာက ဇွဲကပင်တောင်မကြီး၏ အရှေ့ဘက်ခြမ်း တက်လမ်းနားတွင်ရှိသည့်Hpa-an Hide-out တွင်ဖြစ်သည်။တည်းခိုသည်ဟုဆိုသည်ထက် ဇွဲကပင်တောင်ခြေရင်းတွင် အိပ်စက်သည်ဟု ဆိုလျှင် မှန်ပါလိမ့်မည်။ ထိုနေရာလေးက တည်းခိုခန်း၊ ဟိုတယ်များကဲ့သို့ မဟုတ်ပဲ ရွက်ဖျင်တဲနှင့်စားသောက်ဆိုင် တွဲဖွင့်ထားသောနေရာလေးဖြစ်သည်။ ဝါးများဖြင့် တန်ဆာဆင်ထားသော စားသောက်ဆိုင်လေးက ခရီးသွားရသည့်အရသာကို ပို ပံ့ပိုးပေးနေတော့သည်။

ထိုနေရာက လူနေအိမ်ခြေနှင့် အနည်းငယ်လှမ်းသည်။ ဇွဲကပင်တောင်နှင့်တော့ ကပ်လျက်ပဲဖြစ်သည်။ ကျွန်တော်တို့၏ နောက်တွင် ဇွဲကပင်တောင်ကြီးက မိုးထားပြီး အရှေ့တွင်တော့ ကွင်းပြင်ကြီးနှင့်ထန်းပင်များသာ ရှိသည်။ အမျိုးအမည်မသိသော မြေပေါက်တောပန်းလေးများကလည်း ဟိုတစ်စု သည်တစ်စုဖြင့် ပတ်ဝန်းကျင်ကို ဝန်းရံထားသည်။ ဆောင်းအကုန် နွေအကူးဖြစ်သော်လည်း တောင်နှင့် ကွင်းပြင်အတိပြီးသောနေရာ ဖြစ်ခြင်းကြောင့် ဇွဲကပင်တစ်ဝိုက်က ရာသီဥတုက အေးသည်။အနွေးထည်၊ ဦးထုပ်ကိုယ်စီ ဝတ်ဆင်ရမြဲဖြစ်သည်။

ည ၈ နာရီထိုးတော့ ဆိုင်၌ ညစာစားကြသည်။ တိုင်းရင်းသားလက်ရာများကို အထူးဟင်းလျာများအဖြစ် အဓိက သုံးဆောင်နိုင်ပြီး ကချင် အမဲသားထောင်း၊ မွန်ဝက်စင်းကောနှင့် ကရင်တာလပေါ့ဟင်းချိုကို ရွေးချယ်စားသောက်ဖြစ်ခဲ့သည်။

ကျွန်တော်တို့၏ ရှေ့တွင် တောင်မကြီး၏ ထူထဲသောနံရံများသာရှိပြီး တောင်၏ အထက်ကောင်းကင်ပြင်တွင် အလင်းနှစ် သန်းပေါင်းများစွာကနေ (ကြယ်)လေးများ ထွန်းလင်းနေကြသည်။

တောင်ထိပ်ရှိ အမှတ်တရ ဈေးဆိုင်တန်း။

နောက်နေ့မနက် ၅ နာရီတွင် အိပ်ရာမှထကြသည်။ ကျွန်တော်တို့သည် ကိုယ်လက် သုတ်သင်ပြီး ဇွဲကပင်တောင်ခြေအရှေ့ လှေကားရှိရာသို့ ထွက်လာခဲ့ကြသည်။ တည်းခိုသည့်နေရာနှင့် လှေကားမှာ ခြောက်မိနစ်နီးပါးမျှသာ လျှောက်ရသည်။

အရှေ့ဘက်လှေကားက ကွန်ကရစ်လှေကားများဖြစ်ကြသည်။ လှေကားတစ်လျှောက်လုံး တစ်ခေါ်လောက်အကွာတိုင်းတွင် မီးချောင်းများ ထွန်းထားသည်။ ကျွန်တော်တို့နှစ်ဦးသည် မြူနှင်းများ ပိတ်ခဲနေသောဇွဲကပင်တောင်ပေါ်သို့ မတုံ့မဆိုင်းပင် တက်လာခဲ့ကြ၏။ ငှက်များက အိပ်တန်းမှထကာကျူးရင့်နေကြပြီ ဖြစ်သည်။

တောင်တက်ခရီးတွင် အရင်ဆုံးစတွေ့ရသည်က ပြုံးပြုံးရွှင်ရွှင် စခန်းဖြစ်သည်။ ခရီးရှည်ကြီး မစသေးခင် ပြုံးနိုင်သေးသောကြောင့် ပြုံးပြုံးရွှင်ရွှင်စခန်းဟု မှည့်ထားခြင်းဖြစ်မှန်း တောင်ပေါ်တက်ရင်းဟောဟဲလိုက်မှ သဘောပေါက်လာရသည်။ ထိုစခန်းမှ လွန်လျှင် မပြုံးနိုင်တော့ပေ။

ကျွန်တော်တို့ တောင်တက်သည့်နေ့က စနေနေ့ဖြစ်သောကြောင့် တောင်တက်သူများ၊ ကလေးငယ်များကို ဟိုတစ်စု ဒီတစ်စုတွေ့ရသည်။ ကလေးငယ်များသည် လူကြီးများကို စောင့်နေရင်း အသစ် အသစ်သော ကျောက်တုံးပုံများကို စီတင်ကြသည်။

တောင်တက်လမ်းတွင် တွေ့ရသော ကလေးငယ်များ

သည်လိုနှင့် လှေကားပေါင်း ၃၀ဝ ကျော်ခန့် ရောက်သောအခါတွင် အရှေ့တစ်ခွင်၌ ရောင်နီများလည်း ပျိုးလာသည်။ ကျွန်တော်တို့သည် တောင်လှေကားများကို ငုံ့ရင်းတက်လိုက် ညောင်းလာလျှင် ရောင်နီပျိုးနေသော အရှေ့ဘက်ခြမ်းသို့ ငေးကြည့်ကာ အမောဖြေလိုက်ဖြင့် တောင်တက်ခြင်းအရသာကို ခံစားနေမိကြသည်။




လှေကားအရေအတွက် ၂၀ဝ မှ ၃၀ဝပြည့်တိုင်း ဆေးနီဖြင့် ရေးထားပေးသဖြင့် မိမိဘယ်နှဆင့် တက်ခဲ့ပြီးသည်ကို အလွယ်တစ်ကူ သိနိုင် ...

လှေကား ၆၀ဝ နီးပါး တက်လာပြီးသောအချိန်တွင် မိုးလည်းစင်စင် လင်းသွားခဲ့ပြီ။ ထိုအချိန်တွင် ဇွဲကပင်သည် အိပ်ရာမှနိုးလာသော မိန်းမပျို တစ်ဦးကဲ့သို့ ဝိုးတစ်ဝါးအလှမှ ပြတ်သားသောအလှသို့ တဖြည်းဖြည်း လူးလွန့်လှုပ်ရှား ပြောင်းလဲလာသည်။

ဇွဲကပင်တောင်၏ အာရုံဦးနေရောင်ခြည်အောက်တွင် ကျီးအာသီးနီနီများသည် ရဲလာကြသည်။ ဝါးပင်လေးများက စိမ်းလာကြသည်။ ပိန္နဲပင်များကိုလည်း အဓိကတွေ့ရပြီး အကင်းသီးများက အညှာတွင် တွဲလွဲခိုစီးနေကြသည်။ ကျွန်း၊ ပျဉ်းကတိုးနှင့် အခြားအမျိုးအမည်မသိသော သစ်ပင်ကြီးငယ် အသွယ်သွယ်တို့သည် ဇွဲကပင်တောင်ကြီး၏ မနက်ခင်း ကျက်သရေကို ဆောင်နေကြသည်။ တစ်လောက တောမီးလောင်ထားသေးသောကြောင့် လေတိုက်လိုက်တိုင်း ညှော်နံ့တစ်ချက်တစ်ချက်ရသည်။

ထိုအချိန်တွင် ကရင်ရွာသားများသည် ကျောတွင် ကြိမ်ခြင်းတောင်းများ ကိုယ်စီ လွယ်ပိုးလျက် တောင်ပေါ်မှဆင်းလာကြသည်။သူတို့သည် မနက် အာရုံမတက်ခင်ကပင် တောင်ပေါ်တွင် ထမင်းဟင်းချက်ပြုတ်ရန် လိုအပ်သည့် ဟင်းသီးဟင်းရွက်များကို ပို့ပြီး ဆင်းလာကြခြင်းဖြစ်သည်။ တောင်ပေါ်သို့ ပစ္စည်းများသယ်ပိုးလျက် နေ့တိုင်း တက်လိုက် ဆင်းလိုက် လုပ်နေသဖြင့် ၎င်းတို့ခန္ဓာကိုယ်များက ကျစ်လျစ်တောင့်တင်းကြသည်။ အချို့ဆိုလျှင် အပေါ်ဝတ်မဝတ်ထားသောကြောင့် ခုံးထနေသောဝမ်းဗိုကြွ်ကက်သားများကို အတိုင်းသားမြင်နေရသည်။

ကျွန်တော်တို့သည် သူတို့ကို အားကျလျက် တောင်ပေါ်သို့ဆက်ပြီး တက်လာခဲ့ကြသည်။ အုတ်စီလမ်းဖြစ်သဖြင့် ခက်ခက်ခဲခဲတွယ်တက်ရသည့်နေရာမျိုးတော့ မရှိပါ။ အချို့နေရာတွင် မတ်သည်၊အချို့နေရာတွင်စိပ်သည်။ လှေကားအရေအတွက် ၂၀ဝ မှ ၃၀ဝ ပြည့်တိုင်း ဆေးနီဖြင့် ရေးထားပေးသဖြင့် မိမိဘယ်နှဆင့် တက်ခဲ့ပြီးသည်ကို အလွယ်တကူသိနိုင်သည်။ လှေကားများဘေးတွင် စတီးလက်ရန်းများလည်း တပ်ထားပေးရာ မောပန်းလွယ်သူများအတွက် အဆင်ပြေသည်။ လမ်းတွင် စခန်းငါးခုမှ ခုနစ်ခုခန့်} တွေ့ရသည်။ ထိုအထဲတွင် ကျွန်တာ်တို့ သဘောအကျဆုံးမှာရွှေရင်အေးစခန်းဖြစ်သည်။ တောင်ခြေမှ သုံးပုံ နှစ်ပုံခန့်သည် တောင်နံရံတစ်လျှောက်ကပ်၍ ဖောက်ထားသောလမ်းများဖြစ်ပြီး ရွှေရင်အေးစခန်းသည် တောင်နံရံမှ ရင်ကွဲကြောင်းထဲသို့ ချိုးဖြတ်ဝင်ရသော နေရာ၏ အစလည်းဖြစ်သည်။

ရွှေရင်အေးစခန်းကို ကျော်လျှင် ကရမက်စခန်းသို့ ရောက်သည်။ထိုစခန်းကို ကျော်လွန်ပြီးနောက် လှေကားထစ် ၃ç၁၀ဝ ပတ်ဝန်းကျင် ရောက်တော့ ဇွဲကပင်တောင်ကြော အရှေ့ဘက်ခြမ်းရှိ တောင်ကြီးတစ်ခု၏အစွန်းတွင် တည်ထားသော ထုံးဖြူစေတီလေးတစ်ဆူကို စတင်လှမ်းမြင်ရသည်။

တောင်တက်လမ်းတစ်လျှောက် နောက်ထပ်တစ်ခု သတိထားမိသည်ကအမှိုက်များဖြစ်သည်။ စည်းကမ်းမဲ့သူများ၏ အမှိုက်များသည် ဇွဲကပင်တောင်ကို အတော်လေး အကျည်းတန်နေစေကြပြီ။ ထို့ကြောင့်ဇွဲကပင်တောင်ဆရာတော်က အမှိုက်နှင့် ပတ်သက်သည့်သတိပေးဆိုင်းဘုတ်လေးများကိုလည်း လမ်းတွင် ချိတ်ဆွဲထားသည်ကိုတွေ့ရသည်။

ဆက်လက်တက်လာလိုက်ရင်း လှေကားထစ်ပေါင်း ၃ç၇၀ဝ ကျော်လာသောအခါ ကျွန်တော်တို့၏ အဓိက ရည်မှန်းချက်ဖြစ်သော ဇွဲကပင်တောင်ထွတ်ထိပ်ဆီသို့ ရောက်သွားလေတော့သည်။ ထိုအပေါ်ရောက်တော့ ၈ နာရီထိုးတော့မည်။ ဇွဲကပင်တောင်ထွတ်သည် အရမ်းမကျယ်ပါ။ တောင်ပေါ်တွင် ဓမ္မာရုံရှိသည်။ ညအိပ်သူများထိုဓမ္မာရုံတွင် တည်းခိုနိုင်သည်။ ရန်ပုံငွေစားသောက်ဆိုင်လေး ရှိသည်။ ဘုရားနှစ်ဆူရှိသည်။ တောင်ပေါ်တွင် သီတင်းသုံးနေသော ဘုန်းကြီးလေးပါးရှိပြီး တစ်ပါးကတော့ အလ·ခံမဏ္ဍပ်တွင် ထိုင်၍ မိုက်တစ်လုံးဖြင့် အလ·ခံနေသည်။ အမှတ်တရအရောင်းဆိုင်များလည်း ရှိသည်။

ကျွန်တော်တို့သည် တောင်ထွတ်ပေါ်က ဘုရားများကိုလှည့်ပတ်မဖူးသေးပဲ တောင်အောက်သို့ ပြန်ငုံ့ကြည့်နိုင်မည့် နေရာကို ဦးစွာရှာဖွေကြသည်။

ဇွဲကပင် တောင်တစ်နေရာ

ဇွဲကပင်တောင်ပေါ်တွင် တောင်အောက်သို့ ကောင်းကောင်းလှမ်းကြည့်နိုင်သည့် ရှုခင်းကြည့်ရန်နေရာ နှစ်နေရာရှိသည်။ တစ်နေရာက သံလွင်မြစ်ကို လှမ်းမြင်နိုင်သည့် ဇွဲကပင်တောင်၏ အနောက်ခြမ်းဖြစ်ပြီးနောက်တစ်နေရာက ဇွဲကပင်တောင်၏ တောင်ဘက်ခြမ်းသို့ လှမ်းမြင်ရသော ဖန်သားရင်ပြင်နေရာ ဖြစ်သည်။

ကျွန်တော်တို့သည့် တောင် အနောက်ဘက် ရှုခင်းကြည့်နေရာမှ နေ၍ဖားစည်မြေသို့ လှမ်းကြည့်ကြသည်။ ထိုနေရာမှ လှမ်းကြည့်တော့ အနောက်တွင် ရှိနေသော တောင်များကို အရင်မြင်ရသည်။ ထိုတောင်၏အနောက်တွင် လယ်ကွက်များရှိပြီး ကွေ့ကောက်စီးဆင်းနေသော သံလွင်မြစ်ကို နှင်းပါးပါးကြားတွင် ခပ်ရေးရေးမြင်ရသည်။

အနောက်ဘက်တောင်ကြောမှ မြေများသည် မီးလောင်ထားသဖြင့် မည်းနက်နေသည်။ ထိုမီးလောင်ပြင်တောင်စွန်းတစ်နေရာတွင်အပင်ငယ်လေး တစ်ပင်ကပ်၍ အစွန်းသို့ ထိုးထွက်နေသည်။ ထိုနေရာလေးတွင် ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီးနောက် နာမည်ကျော်ဖန်သားရင်ပြင်ရှိရာသို့ တက်လာခဲ့ကြသည်။ ဖန်သားရင်ပြင်ပေါ်သို့ မရောက်ခင် ဖန်သားရင်ပြင်နှင့် ဘုရားရင်ပြင်စပ်ကြားတွင် သံပြားများခင်းထားသောနေရာရှိပြီး ထိုပေါ်သို့ ခြေနင်းလိုက်သည်နှင့် သံပြားကြားမှ လေတစ်ဖြူးဖြူးတိုက်သည်ကို ခံစားလိုက်ရသည်။ ထိုလေသည် အမြင့်ကြောက်တတ်သူများကို ဒူးတုန်စေသည်။

နှင်းမြူများ စိုရွှဲထားသောကြောင့် ဖန်သားရင်ပြင်ပေါ်တွင် အနည်းငယ်ညစ်ထေးနေသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သံတိုင်များကိုမြင်ရသည်။

ကျွန်တော်တို့သည် မှန်ရင်ပြင်အစွန်းရှိလက်တန်းများကို လှမ်းကိုင်ပြီး တောင်အောက်ဆီသို့ငေးကြည့်မိကြပြန်သည်။ ထိုနေရာမှနေ၍ စက်ဝိုင်းသဏ္ဌာန် ရေကန်ကြားတွင်ထိုးထွက်နေသော ကျောက်ကလပ်ကိုလှမ်းမြင်ရသည်။ ကန်သာယာကိုလှမ်းမြင်ရသည်။ အဆောက်အအုံတချို့နှင့် လမ်းများကိုလည်းမြင်ရသည်။ သို့သော်အရာရာသည် မှုန်ပျပျမျှသာ ဖြစ်သည်။

ကျွန်တော်တို့သည် ရှုခင်းများကို ဝအောင်ကြည့်ပြီးနောက်ရန်ပုံငွေစားသောက်ဆိုင်သို့ လာခဲ့လိုက်သည်။ ဟင်းများကတော့ သက်သတ်လွတ်ဟင်းများ ဖြစ်သည်။ ပဲပြားနှင့် အသားတု ငပိချက်၊ သီးစုံချဉ်ရည်ဟင်း၊ ထောပတ်ပဲကြော်၊ ခရမ်းချဉ်သီးငါးပိချက်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်းနှင့် အတို့ အမြှုပ်များ ဖြစ်သည်။ကျွန်တော်တို့ တောင်တက်စဉ်က မြင်တွေ့ခဲ့သည့် အထမ်းသမားများနံနက်စောစော လာပို့သည့် ဟင်းသီး ဟင်းရွက်များကိုချက်ပြုတ်ထားခြင်းဖြစ်သည်။ သက်သတ်လွတ်ဟင်းဖြစ်သော်လည်း တောင်အောက်က လက်ရာများထက် လက်ရာမညံ့လှပေ။ ကျွန်တော်တို့သည် မောမောပမ်းပမ်းဖြင့် ထမင်းလိုက်ပွဲများပင်မှာယူပြီး မြိန်ယှက်စွာ စားသောက်လိုက်ကြသည်။ ထမင်းဖိုးကတော့တစ်ယောက်ကို ကျပ် ၃၅၀ဝ ကျသင့်သည်။ ပေပေါင်း (၂၄ဝဝဝ) ကျော်က ထမင်းတစ်ပွဲ ၃ç၅၀ဝ ဆိုသည်မှာ အညာလေသံအတိုင်းဆိုလျှင်]လွှတ်တန်သည်}။

ရေနွေးကြမ်းပူပူကို ခေတ္တထိုင်သောက်ပြီးနောက် ၉ နာရီကျော်ကျော်လောက်တွင် တောင်ပေါ်မှ ပြန်ဆင်းလာကြသည်။

အတက်က စုစုပေါင်း နှစ်နာရီကျော်ကျော် ကြာမြင့်ပြီး အဆင်းက တစ်နာရီခွဲခန့်ကြာသည်။ အဆင်းလမ်းတွင် စတီးလက်ရန်းများပင်ပူနေပြီ။ နေမမြင့်ခင် ဆင်းလာသောကြောင့်ပင် တော်ရော့သည်။ဒါတောင် မိမိတို့ဆင်းသည့်အချိန်မှ တက်လာသည့်သူများရှိသေးသည်။ ကျွန်တော်တို့သည် လှေကားများကို တစ်ထစ်ပြီး တစ်ထစ်ဆင်းလိုက်တိုင်း ဒူးများ ကွေးညွတ်ရသဖြင့် ကြာလာတော့ ဒူးများတုန်ရီလာသည်။ တုန်ရီနေသော ဒူးများဖြင့်ပင်ဖြည်းဖြည်းချင်းဆင်းလာရင်း ၁၀ နာရီခွဲခါနီး တောင်ခြေသို့ပြန်ရောက်သွားတော့သည်။

ကျွန်တော်တို့သည့် တောင်ဘက်ဆီသို့ ခေတ္တမျှ ငေးကြည့်ပြီးနောက်ကရင်တိုင်းရင်းသားတို့၏ အသဲနှလုံးကို ကျောခိုင်းထွက်လာခဲ့ကြလေသည်။ အပြန်လမ်းတွင် ကျွန်တော်တို့ ခန္ဓာကိုယ်များကမောပမောပန်းနွမ်းနယ်နေသော်လည်း စိတ်များကတော့ သန့်ရှင်းလတ်ဆတ်လျက်။


#ဇွဲကပင်တောင်
#လှေကား
#ရင်ပြင်
#တောင်ပေါ်
#တောင်အောက်

Some text some message..