အဝတ်အစားကောင်းကောင်းဘဲဝတ်ဝတ်၊ နွမ်းကြေစွန်းပေနေတဲ့ အဝတ်အစားတွေဘဲဝတ်ဝတ် အရည်အချင်းရှိသူဆိုရင် ဒီအရာတွေက ဘာမှမထိခိုက်စေဘူးလို့ ထင်မြင်တတ်ကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်တာက ပရော်ဖက်ရှင်နယ်ဘဝအပေါ် အကျိုးသက်ရောက်မှုတွေရှိပါတယ်။ လုပ်ငန်းခွင် ဝတ်စားဆင်ယင်မှုဟာ
သင့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် ပိုကောင်းအောင် ဒါမှမဟုတ် ပိုဆိုးရွားသွားအောင် ဘာအတွက်ကြောင့်လုပ်နိုင်တာလဲဆိုတဲ့ အချက်အလက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
သင့်တင့်လျောက်ပတ်တဲ့ ဝတ်စားဆင်ယင်မှုဟာ သင့်ကို တစ်ဆင့်မြင့်သွားစေနိုင်ပါတယ်
လုပ်ငန်းခွင်မှာ သင့်အထက်က ရာထူးတစ်နေရာလစ်လပ်နေပြီး သင်က ရာထူးတိုးဖို့မျှော်လင့်နေတယ်ဆိုရင် အဝတ်အစားကိုကောင်းမွန်စွာ ဝတ်ဆင်ခြင်းက သင့်ကိုမဲပိုရရန်အထောက်အကူဖြစ်စေပါတယ်။ Office Team ရဲ့ စစ်တမ်းတစ်ခုအရ အမှုဆောင်အရာရှိ ၈၀ ရာခိုင်နှုန်းသည် ကောင်းမွန်စွာ ဝတ်ဆင်ထားတဲ့ ဝန်ထမ်းတစ်ယောက်ဟာ ကုမ္ပဏီရဲ့ ပုံရိပ်ကို တိုးတက်စေသလို သူရဲ့လုပ်ငန်းခွင်ဆောင်ရွက်မှုတွေကလည်း ကောင်းမွန်နိုင်တယ်လို့မှတ်ယူကြလေ့ရှိကြပါတယ်။
အများနဲ့မတူတဲ့ ဝတ်စားပုံတွေက သင့်ကိုရလဒ်ကောင်းတွေ ရရှိစေနိုင်ပါတယ်
အလုပ်ခွင်မှာ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းနဲ့အညီဝတ်စားဆင်ယင်ဖို့ စည်းကမ်းချက်တွေသတ်မှတ်ထားတာမျိုးရှိကြပါတယ်။ ဒါပေမယ့် ဟားဗတ်စီးပွားရေးတက္ကသိုလ်က သုတေသီများရဲ့ လေ့လာမှုအရ တချို့သောကိစ္စများမှာတော့ ဝတ်စားဆင်ယင်မှုစည်းမျဉ်းက သွေဖယ်သွားတာက သင့်ကိုယုံကြည်မှုပိုရရှိစေပြီး ရလဒ်ကောင်းတွေရရှိစေနိုင်တယ်လို့ဆိုပါတယ်။ ဒါဟာ သင်ကိုယ်သင် ယုံကြည်မှုရှိကြောင်းပြသတာမျိုးကိုဆိုလိုတာဖြစ်ပြီး သင်ဟာလုပ်ပိုင်ခွင့်ရှိသူတစ်ယောက်ဖြစ်ကြောင်းနဲ့ ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုလည်းပြသတာမျိုးလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်းအလုပ်ကို ချွေးခံအင်္ကျီဘဲဝတ်ပြီး နေ့စဉ်လိုရုံးတက်ဖို့လာတာမျိုးကတော့ သင့်ကိုရလဒ်ကောင်းတွေရရှိစေမှာမဟုတ်ပါဘူး။
အဝတ်အစားများဟာ သင်ရဲ့စွမ်းရည်ကို မြှင့်တင်ပေးပါတယ်
ကျနော်တို့ရဲ့ ဝတ်စားဆင်ယင်ပုံကို မူတည်ပြီး တခြားသူများက ကျနော်တို့ကို မည်သို့ရှုမြင်နိုင်လဲ၊ အာရုံစူးစိုက်မှုဘယ်လိုရနိုင်မလဲလို့သာ သုံးသပ်ကြပေမယ့်လည်း Kellogg စီမံခန့်ခွဲမှုကျောင်းက သုတေသီများသည် အဝတ်အစားဝတ်စားပုံက ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဥပမာပြောရရင် သင်သာ စီးပွားရေးလုပ်ငန်းနဲ့ပတ်သတ်တဲ့ ဝတ်စုံကိုဝတ်ပြီး စီးပွားရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်ပါက သင့်ကိုသင် ယုံကြည်မှုတွေပိုလို့တိုးတက်စေပါတယ်။ ရလဒ်အနေနဲ့ကတော့ သင့်ရဲ့စွမ်းဆောင်ရည်လည်း တိုးတက်လာတာကို တွေ့မြင်ရမှာဘဲဖြစ်ပါတယ်။
သင်ရွေးချယ်ဝတ်ဆင်တဲ့ အဝတ်အစားပုံစံတွေက သင်ရဲ့စိတ်နေစိတ်ထားကို ဖော်ပြနေပါတယ်
သင်ဝတ်ဆင်ဖို့ရွေးချယ်ထားတဲ့ အဝတ်အစားတွေက အခြားသူများရဲ့ သဘောထားအမြင်ကို လွှမ်းမိုးနိုင်ရုံသာမကဘဲ သင့်ကိုသင် ရှုမြင်ပုံမှာလည်းအကျိုးသက်ရောက်ပါတယ်။ ဘယ်လိုအဝတ်အစားမျိုးကို သင်ဝတ်ထားလဲဆိုတာကို မူတည်ပြီးတော့ ကွဲပြားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ဥပမာ- ပေါ့ပေါ့ပါးပါးအဝတ်အစားမျိုးကို ဝတ်စားတာက သင့်ကိုလွတ်လပ်ပေါ့ပါးမှုနဲ့ အေးဆေးတည်ငြိမ်မှုကို ရရှိစေရန် ကူညီပေးပါတယ်။
ဒီအချက်အလက်တွေကိုကြည့်ရှုခြင်းအားဖြင့် ကျနော်တို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ ဝတ်စားဆင်ယင်မှုဟာ အရေးကြီးတဲ့ တစ်ဒေါင့်တစ်နေရာကပါဝင်ပတ်သတ်မှုရှိကြောင်းကို သိရှိနိုင်ပြီး သင့်တော်တဲ့ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။