ကိုယ်ချစ်ရတဲ့ချစ်သူကောင်မလေးတွေကို သိစေချင်ကြတဲ့ ယောက်ျားလေးတို့ရဲ့ ခံစားချက်များ
lifestylemyanmar.com
|
2020-03-23



ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်ဖို့အတွက်ဆို မိန်းခလေးတွေကိုယ်တိုင်လည်း ဆက်ဆံရေးပြေပြစ်နေဖို့လိုပါတယ်။ ချစ်သူစုံတွဲ သမီးရည်းစားဆက်ဆံရေးတွေမှာ ဖြစ်တတ်တဲ့ ပြသနာတွေပေါ်ပေါက်လာတဲ့အခါ တစ်ဘက်သားကို အပြစ်မြင်တတ်ကြပါတယ်။ ဆက်ဆံရေးအဆင်ပြေအောင်ဘာတွေလုပ်နိုင်မလဲလို့တွေးမယ့်အစား ကိုယ်လိုချင်တာမျိုးမဟုတ်တဲ့အတွက် သူတစ်ဘက်သားကိုအပြစ်တင်ပြီး လမ်းခွဲစကားပြောပစ်တာမျိုးက အရာရာအဆင်ပြေမယ်လို့ထင်တတ်ကြပါတယ်။ အဲဒီလို အပြုအမူတွေဟာ မှန်ကန်ပါရဲ့လားဆိုတာ စဉ်းစားဖို့လိုပါတယ်။

ကိုယ်ဖြစ်ချင်တဲ့အကြောင်းကို သွယ်ဝိုက်မနေဘဲ တိုက်ရိုက်ပြောဆိုပါ




မိန်းခလေးအများစုဟာ သူတို့ဘာဖြစ်ချင်တယ်ဆိုတာကို ဖွင့်မပြောဘဲနဲ့ သိစေချင်ကြပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကတော့ သူတို့ဘာဖြစ်ချင်မှန်းမသိကြတာမို့ ချစ်သူရည်းစားတွေရဲ့ ဆက်ဆံရေးမှာ ပြသနာတွေဖြစ်လာတတ်ပါတယ်။ ဘာဖြစ်ချင်မှန်းမသိတာကို ဘယ်လိုဖြည့်ဆည်းပေးရမယ်ဆိုတာ မတွေးတတ်တာမို့ ယောက်ျားလေးတွေက ဒီအတိုင်းနေမိတဲ့အခါ မိန်းခလေးတွေက စိတ်တိုပြီး ယောက်ျားလေးတွေကို ပြသနာရှာတတ်ကြပါတယ်။ အဲဒီအခါမျိုးမှာတော့ ယောက်ျားလေးတွေက အကြောင်းရင်းဘာမှန်းမသိဘဲ ပြသနာအရှာခံရတာမို့ စိတ်မရှည်နိုင်ကြတဲ့အခါ ပြသနာတွေက ပိုပြီး ကြီးထွားလာတတ်ပါတယ်။ ဒါကြောင့်မို့ မိန်းခလေးတွေအနေနဲ့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြဖို့လိုအပ်ပါတယ်။ ဒါမှ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်မလာအောင် ရှောင်နိုင်မှာဘဲဖြစ်ပါတယ်။ ယောက်ျားလေးတွေရဲ့ လုပ်ရပ်တစ်ခုခုမှားယွင်းတာကြောင့် မိန်းခလေးတွေအတွက် ဒေါသထွက်စရာအကြောင်းရင်းဖြစ်တယ်ဆိုရင်တောင် သူဘာတွေလုပ်လို့ဒေါသထွက်ရတာလဲဆိုတာကို ပြောပြပါ။ ဒါမှသာ ချစ်တဲ့သူဆီကနေ ကောင်းမွန်တဲ့ ဖြေရှင်းချက်ကို ရရှိမှာဖြစ်ပါတယ်။

ကိုယ့်ချစ်သူရဲ့ ဂရုစိုက်မှုကို တန်ဖိုးထားပေးပါ




လူတစ်ယောက်နက်နက်ရှိုင်းရှိုင်းလိုချင်တာက သူရဲ့ဂရုစိုက်မှုကို အသိအမှတ်ပြု တန်ဖိုးထားတာဘဲဖြစ်ပါတယ်။ သူရဲ့ကြိုးစားအားထုတ်မှုတွေကို အောင်မြင်မှုတစ်ခုလို ခံစားချင်တာမျိုးကလည်း လူတိုင်းဖြစ်တတ်ကြပါတယ်။ ယောက်ျားလေးတော်တော်များများက သူတို့ရဲ့ဂရုတစိုက်ကြင်နာမှုတွေကို အသိအမှတ်ပြုတုံ့ပြန်တတ်တာကို သဘောကျကြပါတယ်။ ဒါပေမယ့် မိန်းကလေးအများစုကတော့ ဒါတွေကို နားလည်သဘောပေါက်တာမျိုးမရှိတတ်ကြပါဘူး။ မိန်းခလေးတွေကို ကြင်နာဂရုစိုက်ရမှာ ယောက်ျားလေးတွေရဲ့ အလုပ်လို့ သတ်မှတ်တတ်ကြပြီး ယောက်ျားလေးတွေရဲ့ စိတ်သဘောသဘာဝကို နားလည်အောင်သဘောပေါက်အောင် လေ့လာလိုစိတ်လည်းမရှိကြတဲ့အတွက် တစ်ဘက်သတ်ဆန်တဲ့ချစ်ခရီးလမ်းတွေကိုတည်ဆောက်နေရသလိုမျိုး ယောက်ျားလေးတွေရဲ့စိတ်ထဲမှာ ခံစားသွားရစေပါတယ်။ မိန်းခလေးတစ်ယောက်ဟာ သူမရဲ့ လက်တွဲဖော်ကို အမှန်တကယ်နားလည်သွားရင်တော့ သူဟာ သူမပျော်ရွှင်နိုင်ဖို့အတွက် ဘာမဆိုလုပ်ဆောင်ပေးလိမ့်မှာဘဲဖြစ်ပါတယ်။

စိတ်ထွက်ပေါက်ရှာခွင့်ပေးပါ




ယောက်ျားလေးနဲ့ မိန်းခလေးတွေရဲ့ကြား နောက်ထပ်ခြားနားချက်တစ်ခုကတော့ စိတ်ဖိစီးမှုတွေနဲ့ အခက်အခဲတွေကို ကိုင်တွယ်ပုံဘဲဖြစ်ပါတယ်။ မိန်းခလေးများဟာ များသောအားဖြင့် သူတို့ရဲ့ သူငယ်ချင်းများကို ရင်ဖွင့်ပြောဆိုအကြံဉာဏ်တွေတောင်းခံတတ်ကြပေမယ့်လည်း ယောက်ျားလေးတွေကတော့ အဲဒီလိုမျိုးမဟုတ်ဘဲ တစ်ယောက်ထဲတိတ်တဆိတ်တွေးတောပြီး သူတို့ဘာသာသူတို့ ကိုင်တွယ်ဖြေရှင်းလိုကြပါတယ်။ ဒီလိုမျိုးတွေကြုံတွေ့လာခဲ့တဲ့အခါမှာတော့ မိန်းခလေးအများစုဟာ သူတို့ကို ပစ်ပယ်ထားတယ်လို့ ထင်တတ်ကြပေမယ့် တကယ်တော့ ပစ်ပယ်ထားတာမျိုးမဟုတ်ဘူးဆိုတာ နားလည်ပေးနိုင်ဖို့လိုပါတယ်။ တကယ်လို့ သင့်ရဲ့ချစ်သူက စိတ်ဖိစီးမှုတွေကြောင့် တစ်ယောက်ထဲတိတ်ဆိတ်စွာ နေလိုလျှင် ခွင့်ပြုပေးဖို့လိုပါတယ်။

ကိုယ့်ကိုကိုယ် ဂရုစိုက်မှုကိုလျော့မချလိုက်ပါနဲ့




ကိုယ့်ကိုကိုယ် စိတ်ဓါတ်အင်အား၊ ခန္ဓာကိုယ်အင်အား လျော့ကျစေတဲ့ အပြုအမူမျိုးမလုပ်ပါနဲ့။ အလှမပြင်တော့တာမျိုး၊ အလုပ်မလုပ်ဘဲနေတာမျိုး၊ ခန္ဓာကိုယ်ကို အလေးမထားတော့ဘဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာမျိုးတွေကို စားတာကြောင့် ကိုယ်အလေးချိန်တိုးလာမျိုး စတာတွေက နှစ်ယောက်သားဆက်ဆံရေးရဲ့ စိတ်အားထက်သန်မှုနဲ့ တပ်မက်မှုအရှိန်ကို လျော့ကျစေပါတယ်။ မိန်းခလေးတစ်ယောက် ယုံကြည်ချက်ရှိရှိနဲ့ ကြည့်လို့ကောင်းနေတာမျိုးကို ယောက်ျားလေးတွေက နှစ်သက်တတ်ကြပါတယ်။

ပြုံးဖို့ရာ မမေ့ပါနဲ့




ယောက်ျားလေးတွေဟာ မိန်းခလေးတစ်ယောက်ရဲ့ အပြုံးကို မလွန်ဆန်နိုင်တတ်ကြပါဘူး။ မောမောပန်းပန်းနဲ့ အလုပ်ကနေပြန်လာတဲ့ ယောက်ျားတွေအတွက် ကိုယ်ချစ်တဲ့သူရဲ့အပြုံးတစ်ပွင့်ဟာ အမောပြေစေနိုင်ပါတယ်။ ဒါ့အပြင် ပြုံးလိုက်တာက မိန်းခလေးတွေကို ဆွဲဆောင်မှုပိုရှိစေနိုင်ပြီး ပြသနာတော်တော်များများကို ဖြေရှင်းနိုင်စွမ်းလည်းရှိပါတယ်။ ယောက်ျားလေးတော်တော်များများရဲ့ စိတ်ထဲစွဲနေတာမျိုးက ကိုယ့်ချစ်တဲ့သူရဲ့ အပြုံးတွေဘဲဖြစ်ပြီး ကိုယ်ချစ်တဲ့သူပြုံးပျော်နိုင်ဖို့အတွက်ဆို ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေရှိတတ်ကြတာမျိုးမို့ ပြုံးဖို့ရာမမေ့ပစ်လိုက်ပါနဲ့လို့ အကြံပေးလိုက်ပါတယ်။

#Lifestyle_myanmar

#Dmo_aung

#Ref-thoughtcatalog


#ယောက်ျားလေး
#ပြသနာ
#ချစ်သူ
#စိတ်ဖိစီးမှု
#အပြုအမူ

Some text some message..