ဂူအောင်းသူတို့စာနာကူလို
အစ်ကိုခင်ဗျာ...
ကျွန်တော် ဂူအောင်းစဉ်က ကြုံဖူးသမျှနဲ့ယှဉ်ပြီး အစ်ကို့ အတွက် လိုရမည်ရ အိမ်ထဲကုပ်နေနည်း ပြောပြပါဆိုတော့ ကျွန်တော်လည်း စဉ်းစားပါတယ်။ ဒီကန်ကို ဘယ်လိုဖြတ်ပြီး ရေကူးလာလဲမေးရင် ကူးလာသူက ရေးပြ၊ ပြောပြလည်း ရေ မကူးတတ်သူက နားထောင် ဖတ်ပြီး လိုက်ကူးရင် ပလုံစွပ်ဆို မြုပ်မှာကိုး။ ဒီလို ဥပမာတော့ မဖြစ်တန်ရာပါဘူးလို့ တွေးမိ တာရယ်၊ အစ်ကို့လိုပဲ မေးသူတွေရှိတာရယ်ကြောင့် စဉ်းစား ရသမျှ ဖြေကြည့်ပါမယ်။
ကျွန်တော့် ဂူအောင်းဘဝတွေ အကုန်လျှောက်ရေးပြလည်း ဟုန်သွားမှာမို့ လိုမယ်ထင်တာ ရွေးပြောကြည့်ပါရစေ။ ဟိုတုန်း ကဂူအောင်းတာနဲ့ အခုအစ်ကိုတို့ အိမ်အောင်းရမှာ တူသလို နဲ့ မတူ၊ မတူသလိုနဲ့ တူတာတွေ ရှိမှာပေါ့။
ဒီလိုဗျ အဲဒီအထဲမှာက တကယ့်ဆိုးပေ့၊ မိုက်ပေ့၊ သတ်ရဲ၊ သေရဲတွေကို ရိုက်နှက်ထိန်းကျောင်းလို့ တယ်မရချင်ဘူး။ (မကြောက်ဘူးပေါ့)။ သူတို့ကိုနိုင်တဲ့နည်းက "မင်းကို တိုက် ပိတ်လိုက်မယ်"ဆိုရင် ဖြုံသွားကြတာပဲ။ ဆိုတော့ အချုပ် အနှောင်မိနေတယ်ဆိုတဲ့ ဘဝက ဘယ်လောက်ဖိစီးမှုရှိလဲ ဆိုတာ ပေါ်မယ်ထင်ပါတယ်။
အခု ၁၄ ရက်စီ သီးခြားနေရသူတွေကို စောင့်ပေးရသူ တွေတောင် ညနေဆို အထီးကျန်ဖြစ်နေမှာစိုးလို့ မလှမ်းမကမ်း က သွား... သွား... စကားပြော အဖော်လုပ်ပေးနေရ တယ်လို့ လုပ်အားပေးတစ်ယောက်က ပြောပြပါတယ်။ ဆိုလို တာကတော့ စိတ်ဖိစီးမှုဆိုရာမှာ အထီးကျန်ဝေဒနာကလည်း ရှေ့ဆုံးက ပါမယ်ထင်ပါရဲ့။
တစ်ယောက်တည်း အကြာကြီးနေနေရ။ အဆက်အသွယ်တွေလည်း ပြတ်နေတော့ စဉ်းစားတာက ငါနဲ့ အပြင်လောကကြီး ဘာတွေ ကွာသလဲ။ ငါက ပါဝင်ခွင့်မရတော့ဘူးဆိုတော့ ဘောလုံးပွဲစကားနဲ့ပြောရရင် အုပ်စုပွဲစဉ်ကတည်းက၊ ဗေထိ ဆိုကတည်းက ရှုံးလို့ ထွက်ထိုင်နေရသူ၊ အဲဒီတော့ ဒါဆို ပူဆွေးနေရင် ထပ်ရှုံးဦးမယ်။ ငါ ဘာလုပ်နိုင်သေးလဲ
အရေးကြီးတာက ဖြစ်နေတဲ့ ပကတိဘဝကို လက်မခံချင် ပေမယ့် ဘဝင်ကျဖို့ လိုပါတယ်။ မနေချင်ပေမယ့် ဖြစ်အောင် နေရမှာပဲလို့ သဘောပေါက်လက်ခံလိုက်ဖို့ပါ။ ပြီးတော့မှ အချိန်ကို အကျိုးရှိအောင်တို့၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် တို့ ဆက်တွေးကြတာပေါ့။
ဒီမှာ သတိပြုရမှာက ဒီကာလမှာ ဆုံးရှုံးမှုတွေရှိမှာ ရေ တွက်မနေဖို့ပါပဲ။ ပုံမှန်မဟုတ်တဲ့ သေရေရှင်ရေးထက် အရေး ကြီးတဲ့ အခုလိုကာလမျိုးမှာ ပုံမှန်ရနိုင်တဲ့ လာဘ်လာဘ၊ အခွင့် အလမ်း၊ အပျော်အပါး၊ ဥစ္စာ ပညာ အခွင့်အလမ်းတွေ လက် လွတ်သွားတာကို ရေတွက် ဝမ်းနည်းနေရင် အဓိပ္ပာယ်မဲ့ရုံမက ပိုထိခိုက်မှာမို့ပါ။
အဲဒီတော့ ပုံမှန် တွေးရိုးတွေးစဉ်တွေကို ပြောင်းပစ်ရတာ ပါပဲ။ အဓိကနဲ့ သာမညကိုခွဲရတာမျိုးပါ။ ဘဝမှာ အကောင်း၊ အသာ၊ အမြတ်ချည်း လိုချင်လို့မှမရတာ။ တစ်ခုပဲရွေးကြရတဲ့ အခါ ဘယ်ဟာအဓိကလည်း ကိုယ်တိုင်လက်ခံ သိရှိရွေးပြီး ရင် ကြုံသမျှ ရင်ဆိုင်ကြရတာကိုး။
တချို့က အခုလို အကျဉ်းအကျပ်ဘဝမှာ ကျန်းမာရေး ပိုကောင်းအောင် ပထမစဉ်းစားကြပါတယ်။ ဒါကြောင့် ကိုကိုး ကျွန်းပို့ခံရတဲ့ နိုင်ငံရေးသမားတွေ အုန်းပင်စိုက်ကြတာ ကြား ဖူးမှာပေါ့။ တကယ့်အုန်းပင်အပင်ပေါက်တွေ စိုက်တာမဟုတ် ဘူးနော်။ ခေါင်းကို မြေကြီးမှာထား ခြေက မိုးပေါ်ထောင် ထားတာကို ပြောတာပါ။ ဆေးပညာရှင်တွေကို မေးကြည့်တော့ ဒါဟာ ဦးနှောက်အပါအဝင် သွေးလည်ပတ်မှု ပိုကောင်းစေ တယ်လို့ ထောက်ခံချက်ပေးကြပါတယ်။ ခေါင်းနဲ့ မထိန်းနိုင် သူတွေက လက်နှစ်ဖက်ထောက် ကင်းမြီးကောက်ထောင် ကြတာပေါ့။ ဒါတွေဟာ သာမန်နေ့စဉ်ဘဝ ပုံမှန်နေ့တွေမှာဆို မလုပ်ဖြစ်ကြဘူးလေ။ မရောက်ချင်ဘဲ ရောက်လာရတဲ့ ထူးခြား ဖြစ်စဉ်ထဲမှာ အကျိုးရှိရာ ရှာလုပ်ဖြစ်လာကြတာပေါ့။
သေချာတာကတော့ ကျန်းမာရေးကို ပိုဂရုစိုက် ကောင်း ရာ ရှာကြံလုပ်ဖြစ်သူတွေ အကျိုးဖြစ်ခဲ့ကြပါတယ်။ ဆရာကြီး ရွှေဥဒေါင်းတို့ဆို အကျဉ်းသားဘဝမှာ ဝမ်းချူတာ၊ အစာလျှော့ ပြီး ပေါ့ပါးအောင်နေတဲ့ ကျင့်စဉ်တွေ ကျင့်ခဲ့ကြတာကြည့်ပါ။
ဒီလိုပဲ လူဆိုးလူမိုက်ဆိုသူတွေနဲ့အတူ ထားခံရတဲ့ စာရေး ဆရာတွေကြည့်ပါ။ အလကား စိတ်ပျက်မနေခဲ့ကြပါဘူး။ အဲဒီ ဆိုးပေ့၊ သွမ်းပေ့တွေရဲ့ ဘဝတွေ၊ စိတ်တွေ၊ လုပ်ပုံလုပ်နည်း တွေ လေ့လာခွင့်ရတယ်လို့ သဘောပိုက်ပြီး မှတ်သားစပ်စု ကောက်ချက်တွေ ဆွဲကြ၊ အချိန်တန်လွတ်လာတော့ စာတွေ ရေးကြလို့ စာအုပ်ကောင်းတွေ ထွက်လာကြတာပေါ့။ လူထု ဦးလှရဲ့ ထောင်အတွေ့အကြုံတွေကြည့်ပါ။ မင်းလူရဲ့ "နေပူ မိုးရွာ"စာအုပ်ကိုကြည့်ပါ။ ပြောရင် ဘယ်ဆုံးပါ့မလဲ။ အဆိုးထဲ အကောင်းရှာကြတာပေါ့။
အခုလည်း ဒီလိုစဉ်းစားကြမလား?
ဒါဟာ ထူးခြားဖြစ်စဉ်။ ဒီလိုတွေးရင် ပုံမှန်မဟုတ်တဲ့ အတွက် ပုံမှန်ဘဝမှာ မရနိုင်တဲ့ အတွေ့အကြုံ အတွေးအမြင် တွေ ရနိုင်တယ်ပေါ့။ ဒါကို ယုံဖို့တော့ လိုပါမယ်။
ဥပမာ- ကျွန်တော်တွေးဖူးတာ ပြောပါရစေ။ တစ်ယောက် တည်း အကြာကြီးနေနေရ။ အဆက်အသွယ်တွေလည်း ပြတ် နေတော့ စဉ်းစားတာက ငါနဲ့ အပြင်လောကကြီး ဘာတွေ ကွာသလဲ။ ငါက ပါဝင်ခွင့်မရတော့ဘူးဆိုတော့ ဘောလုံးပွဲ စကားနဲ့ ပြောရရင် အုပ်စုပွဲစဉ်ကတည်းက၊ ဗေထိဆိုကတည်း က ရှုံးလို့ ထွက်ထိုင်နေရသူ၊ အဲဒီတော့ ဒါဆို ပူဆွေးနေရင် ထပ်ရှုံးဦးမယ်။ ငါ ဘာလုပ်နိုင်သေးလဲ။ ပြိုင်ပွဲမှာတော့ ပါဝင် ခွင့်မရှိတော့ဘူး။ ဒါပေမဲ့ အချည်းနှီးမဖြစ်အောင် ငါဘာလုပ် နိုင်လဲ။
ငါ့မှာ သုံးသပ်ခွင့်ရှိတယ်။ ဆက်ကန်နေတဲ့ အသင်းတွေ ကန်နေကြတော့ ငါ့လောက်တောင် သုံးသပ်ဖို့ အချိန်မရကြ ရှာဘူး။ ငါကမှ အခွင့်အရေး ပိုရသေး။ အဲဒီလိုတွေးပါတယ်။ တွေးတဲ့အတိုင်းလည်း ကျင့်ဖို့လိုတာပေါ့ အစ်ကိုရာ။
အဲဒီမှာ ပိုင်းခြားစိတ်ဖြာ သုံးသပ်တဲ့အကျင့်ကို ကျင့်ယူ ဖြစ်ခဲ့တယ်ပေါ့။ သာမန်ဘဝနဲ့ အချိန်လု အလုပ်လုပ်နေရတဲ့ ဘဝ ပြန်ရောက်သွားတော့လည်း ဒီအခွင့်၊ ဒီအကျင့်တွေ မရ၊ မလုပ်ဖြစ်တော့ဘူး ထင်ပါရဲ့။ အဲဒီတုန်းကတော့ အား ကလည်း အားနေ၊ ဘာအဆက်အသွယ်မှလည်း လုပ်ခွင့်မရ၊ ရေးစရာ၊ ဖတ်စရာလည်းမရှိ၊ မေးစရာ မြန်းစရာလည်း နတ္ထိ ဘဝဆိုတော့ တွေးတာတစ်ခုပဲ သဲသဲမဲမဲ လုပ်ရင်း ကိုယ့်ကိစ္စမှ မဟုတ်ဘူး၊ တခြားအရာတွေကိုပါ ဆန်းစစ်မိလာပါတယ်။
ဥပမာ- သိပ်အောင်မြင်တဲ့ အနုပညာ လက်ရာတစ်ခု၊ စာတစ်အုပ်၊ ကဗျာတစ်ပုဒ်၊ ရုပ်ရှင်တစ်ကား၊ သီချင်းတစ်ပုဒ် စသဖြင့်ပေါ့။ ဘာကြောင့် ဒီလောက်ကောင်းရတာလဲ။ သိချင် လာတယ်။ တစ်စစီဖြုတ်ပြီး အသေးစိတ် လေ့လာကြည့်မိ တယ်။ သူ့မှာရှိတဲ့ ဖွဲ့စည်းမှု၊ အပြင်အဆင်ရွေးချယ်မှု စသဖြင့် ခွဲခြမ်းကြည့်မိတာပေါ့။ အဲဒီလိုအခြေအနေမျိုးမှာ လူဟာ သာမန်အလုပ်တွေ ရှုပ်နေတဲ့အချိန်ထက် သမာဓိ ပိုကောင်း နိုင်တယ် အစ်ကိုရ။ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်ယုံ၊ သဘော ကောင်းစွာ ပေါက်ဖို့တော့ လိုမှာပေါ့။
ကျွန်တော် ပြောပြနေတာက အခု အစ်ကိုကြုံရမယ့် အိမ် တွင်းကုပ်ဘဝနဲ့ ထပ်တူကျချင်မှ ကျမှာနော်။ ဒါပေမဲ့ နမူနာ အနေနဲ့ အစ်ကို စဉ်းစားစရာများရမလားလို့ မေးကြည့်တာ။ အစ်ကိုက အနည်းဆုံး အင်တာနက်ထဲ၊ စာအုပ်ပုံထဲ ခေါင်းစိုက် မွှေနေလို့ရသေးတယ်။ ပိုသာတယ်လို့ မထင်ရဘူးလား။
အဲ... အဲဒါ ရာနှုန်းပြည့် မှန်မှာမဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ အဆိုးအကောင်းက အမြဲ နေရာတကာ တွဲနေတာ လေ။ လူတွေနဲ့ အဆက်အသွယ်ရနေတော့ အစ်ကိုတို့ အာလ္လာပ သလ္လာပတွေ စကားစမြည်Chatting တွေနဲ့ အချိန်ကုန်သွား ရင် ဘယ့်နှယ်လုပ်မလဲ။ ဒါတော့ အစ်ကိုဘာသာဆင်ခြင်။
ကျွန်တော်ကတော့ အဲဒီလူမှုရေးအရ နှုတ်ဆက်နေတာ ဝတ်ကျေတန်းကျေတွေ ပဋိသန္ဓာရတွေနဲ့ အချိန်ကုန်မှာကို အားမပေး ချင်ဘူး။ အစ်ကို သမာဓိကောင်းရင် ကောင်း သလောက် အကျိုးထူးရမယ်လို့တော့ အာမခံ ဝံ့တယ်။
အင်တာနက်ထဲ အစ်ကိုလေ့လာချင်တာ၊ သင်ယူချင်တာတွေကို တခြားဘာသောက အပူမှ အဝင်မခံဘဲ အာရုံစုစည်းမှု ကောင်း ကောင်းနဲ့ လုပ်လို့ရတယ်လို့ ပြောချင်တာပါ။အစ်ကိုထပ်ချင့်ချိန်ရမှာက စိတ်ကို ပူ လောင်စေမယ့် သတင်းတွေရေးသားချက်တွေ ကို ဘယ်လောက်ဖတ်မလဲ၊ ငြင်းဆန်မလဲဆို တာပဲ။ ကိုယ်ဘာမှ မတတ်နိုင်တဲ့ ကိစ္စတွေမှာ သက်ပြင်းကြီး တချချနဲ့ ကျွန်တော်အများကြီး အချိန်ဖြုန်းခဲ့ဖူးတယ်။ ဘာမှမတတ်နိုင်ပါဘူး ဆိုမှ ရှင်းနေပြီလေ။ အစ်ကို ဘာလုပ်ချင် ဘယ်လိုပတ်သက်ချင်သေးလဲ။ ဒါလည်းအစ်ကို သဘောပဲ။
ကဲ... စာလည်းရှည်ပြီ အစ်ကိုမေးတဲ့ အထဲမှာပါတဲ့ မေးခွန်းကို ဖြေရဦးမယ်။ ရက် တွေကြာလာရင် တစ်အိမ်တည်း ပိတ်မိနေတဲ့ မိန်းမနဲ့လင်ယောကျာ်း ဘာတွေရင်ဆိုင်ထိပ် တိုက်တွေ့နိုင်သလဲ။ အဲဒီအခါ ဘယ်လိုနေရမှာ လဲဆိုတာ ဖြေကြည့်မလို့၊ အစ်ကို မူရင်းစကား အတိုင်းဆို ရန်ဖြစ်ကြရင်ပေါ့။ ကျွန်တော်လည်း ဒီဂရီပြင်းမှာစိုးလို့ လျှော့ပေါ့ ဝေါဟာရ ရှောင် သုံးလိုက်တာ။
အဲဒီအတွက် နမူနာတကယ့်ဖြစ်စဉ်တော့ ရှိတယ်ဗျ။ တစ်ခါမှာတော့ လူနှစ်ယောက်ကို အခန်းကျဉ်းထဲ အဲဒီလို ပိတ်ထားတာ အတော် ကြာသွားတယ်ဗျ။ ရက်ပိုင်း လပိုင်းမကဘူး။ အတော်ကြာတယ်ဆိုရင် အစ်ကို သဘော ပေါက်ဗျာ။ ချစ်လို့ယူထားတဲ့ လင်မယားတောင် ကတောက်ကဆဖြစ်ကြသေးတာပဲ။ အခုဟာ က သွေးသားမတော်စပ်တဲ့ ယောကျာ်းနှစ် ယောက်၊ အမိန့်အာဏာနဲ့ ချုပ်နှောင်ထားတာ။ အခန်းကျဉ်းထဲ အဲသလိုအနေကြာ မခေါ်နိုင်၊ မပြောနိုင် ဖြစ်လာတဲ့အခါ နှစ်ယောက်စလုံး အနေကျပ် အနေခက်လာတာ မှန်းဆကြည့်ပေါ့။
ဘာစကားမှ မပြောကြဘဲ။ ကြာသထက် ကြာလာတဲ့တစ်နေ့ မွန်းကျပ်နေကြတုန်း၊ တစ် ယောက်ကထ၊ ကဲ ရပ်ပြီး နံရံမှာ မီးသွေးခဲနဲ့ ရေးလိုက်တယ်။ ကျန်တစ်ယောက်က လိုက် ဖတ်ကြည့်တာပေါ့။
"သူမကြိုက်တာ။ ကိုယ်မလုပ်" တဲ့။
ဖတ်နေသူစိတ်ထဲ လူချင်းအဆင်မပြေနိုင် ပေမယ့် စာသားကိုတော့ အသံတိတ်ထောက်ခံ လိုက်တယ်။ ဟုတ်တာပေါ့။ ငါ မကြိုက်တာသူ မလုပ်ဘူးဆိုပဲပေါ့။ ဟိုလူက ဒုတိယစာကြောင်း ကို ထပ်ရေးတယ်။
"ကိုယ်မကြိုက်တာ သူမလုပ်"တဲ့။
ဒါလည်း မျှတတာပေါ့လို့ စိတ်ထဲထောက် ခံလိုက်ပါသတဲ့။ ဒါပေမဲ့ မပြီးဘူး။ အစ်ကိုရေ၊ ဟိုလူက တတိယနဲ့ နောက်ဆုံးစာကြောင်းကို အခုလို ရေးချလိုက်ပါတော့တယ်။
"ကိုယ်ကြိုက်တာ ကိုယ်လုပ်"တဲ့။
ဒါပါပဲ အစ်ကိုရာ၊ ဂူအောင်းဘဝ အတွေ့ အကြုံမျှ ဆိုလို မျှလိုက်တာပါ။ အစ်ကို အဆင် သင့်ရင်သုံး၊ မသင့်ရင် ပစ်ပယ်ပေါ့။ အစ်ကိုစာ ပြန်ဦး။ အစ်ကိုစာပေါ်မူတည်ပြီး လိုအပ်တယ် ထင်ရင် ကျွန်တော် ထပ်ရေးပါဦးမယ်။
မေတ္တာဖြင့်-