“So What!?” ဆိုရှယ်မီဒီယာကမ်ပိန်းက အမျိုးသမီးများ ဓမ္မတာလာခြင်းဟာရှက်ရွံ့စရာကောင်းတယ်ဆိုတဲ့ အတွေးအမြင်များကို ပြောင်းလဲနိုင်ရန်ရည်ရွယ်ကာ အသိပညာပေးအချက်အလက်များ၊ အတွေ့အကြုံဇာတ်လမ်းများ၊ အပြုသဘောဆောင်သည့် ခွန်အားဖြစ်စေမည့်စာစုများအား မျှဝေပေးတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ် ။ Hashtag #မရှက်ပါဘူး (“I’m not ashamed of it”) ကို အသုံးပြုပြီး မိန်းကလေးငယ်များနှင့် အမျိုးသမီးများကို ဓမ္မတာလာစဉ်ရှက်ရွံ့မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေစေခဲ့ပြီး အခြားသော အမျိုးသမီးများလည်း ဓမ္မတာသွေးနှင့် ပတ်သက်၍ ရှက်ကြောက်မနေဘဲ ဂုဏ်ယူသင့်ကြောင်းကို တိုက်တွန်းနှိုးဆော်ပေး ခဲ့သည်။ အမျိုးသားများအနေနှင့်လည်း မြန်မာ့လူမှုအဖွဲ့အစည်းတွင် တွေ့မြင်ရလေ့ရှိသည့် ဓမ္မတာလာစဉ်ရှက်ရွံ့နေမှုများနှင့် အမျိုးသမီးများရင်ဆိုင်ရသည့်အခက်အခဲများကို ပြောင်းလဲနိုင်ရန် ၎င်းတို့အမြင်များအား Hashtag ကိုအသုံးပြုကာ မျှဝေခြင်းအားဖြင့် အားပေးထောက်ခံခဲ့ကြသည်။ ဤလှုပ်ရှားမှုတွင် ဆိုရှယ်မီဒီယာ Influencer များ ဖြစ်ကြသည့် ဒေါက်တာဖြိုးသီဟ၊ ဖြိုးပပအောင်၊ ရာဇာဝိဇယ၊ ဒေါက်တာယဉ်ယဉ်နှောင်း၊ Wild YangonThu နှင့် Dr.Nutrition တို့ ကလည်း ၎င်းတို့၏ အတွေ့အကြုံများ၊ ဇာတ်လမ်းများ၊ အားပေးထောက်ခံသည့်စာစုများနှင့်အတူ ကမ်ပိန်းတွင် စိတ်ဝင်တစား ပါဝင်အားဖြည့် ကူညီခဲ့ကြသည်။ So What!? သည် ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်သည့် “ပန်းကလေး” (Pan Ka Lay) လူမှုရေး လှုပ်ရှားမှုအဖွဲ့၏ အမျိုးသမီးများ ရာသီကျန်းမာရေးအတွက် အသိပညာပေးလှုပ်ရှားမှု တစ်ခုဖြစ်ပြီး မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ဓမ္မတာလာခြင်းနှင့် ပတ်သက်သည့် မှန်ကန်သည့်ကျန်းမာရေး အသိပညာများရရှိစေရန်၊ မိမိတို့ ကိုယ်ခန္ဓာဖွဲ့စည်း တည်ဆောက်ပုံနှင့် အမျိုးသမီးအဖြစ် မွေးဖွားရှင်သန်ရခြင်းအပေါ် အကောင်းမြင်စိတ်များ ပိုမိုတိုးပွားလာစေရန် ကြိုးပမ်းလျက်ရှိသော ဆိုရှယ်မီဒီယာ ကမ်ပိန်းတစ်ခုဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုအပြင် “ပန်းကလေး” (Pan Ka Lay) အနေဖြင့် ဆက်ကျော်သက် ယောကျာ်းလေးများနှင့် မိန်းကလေးများအတွက် အရွယ်ရောက်ခြင်း ခေါင်းစဉ်နှင့် ပတ်သက်၍ ကျောင်းတွင်းဟောပြောပွဲများနှင့်TEDx ကဲ့သို့ ကွန်ဖရင့်များ ကျင်းပခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ ဆယ်ကျော်သက် အရွယ်များအတွက် ပညာပေး ရုပ်ပြစာအုပ်များလည်း ဇူလိုင်လတွင် ထုတ်ဝေသွားမည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် စတင်ခဲ့သော So What!? ကမ်ပိန်းသည် လူမှုအသိုင်းအဝန်းကြား ဓမ္မတာလာခြင်းနှင့် ပတ်သက်သည့် မှန်ကန်သည့်အသိပညာများနှင့် ၎င်းအပေါ်အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုပေးစေရန် အတွက်ရည်ရွယ်ကာ အနုပညာရှင်များ၊ ဆရာဝန်များနှင့်အတူ အပတ်စဉ် အကြောင်းအရာများနှင့် အသိပညာပေးခဲ့သည်။ So What!? သည် လူမှုပတ်ဝန်းကျင်တွင် ဓမ္မတာသွေးနှင့်ပက်သက်သည့် အယူအဆအလွဲများကို ပြောင်းလဲရန် ကြိုးစားနေပြီး အမျိုးသားငယ်နှင့် အမျိုးသမီးငယ်များကြားတွင် ရာသီသွေးအကြောင်းကိုနားလည်စေရန်နှင့် သာမန်ကိစ္စ အနေနှင့် ရှုမြင်တတ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့အပြင် ဓမ္မတာသွေးသည် စွမ်းရည်၊ ယုံကြည်မှုရှိခြင်းကို ဖော်ပြသည့် စကားလုံးတစ်ခုဖြစ်ပြီး ရာသီလာခြင်းသည် ကမ္ဘာ့ လူဦးရေ၏ တစ်ဝက်ခန့် အမျိုးသမီးထု လစဉ်ရင်ဆိုင်ဖြတ်သန်းရသော အရေးပါအရာရောက်သည့် ခန္ဓာဗေဒဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း အသိပညာပေးနိုင်ရန် ရည်ရွယ်သည်။
ယခုနှစ်တွင် So What!? က #မရှက်ပါဘူး (I am not ashamed of it) Hashtag ဖြင့် မြန်မာအမျိုးသမီးအများစု ပုံစံမျိုးစုံနှင့် နေ့စဉ်ကြုံတွေ့နေရပြီး နောက်ဆက်တွဲဆိုးကြိုးများ ဖြစ်ပေါ်စေသော “ဓမ္မတာလာခြင်းကို ရှက်ရွံ့မှုအဖြစ် ယူဆခြင်းများ” ကို ရပ်တန့်နိုင်စေရန် ဆိုရှယ်မီဒီယာတွင် ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့သည်။"မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ ရာသီလာတာနဲ့ပတ်သတ်ပြီး စနောက် ခံနေရတာတွေကို အမြဲလိုလို တွေ့နေရပါတယ်' ဟု ပန်းကလေး လူမှုအဖွဲ့အစည်း၏ တည်ထောင်သူ Henriette Ceyrac က ပြောကြားခဲ့သည်။ 'လူတွေကတော့ ဘာမှ သိပ်မစဉ်းစားဘဲ ဒီအတိုင်း ပြောလိုက်ကြတာများတယ် ။ ဒါကြောင့် ကျွန်မတို့က လူတွေရဲ့ ဒီလိုအမူအကျင့်တွေကိုရပ်တန့်စေပြီး ဒါတွေဟာ အမျိုးသမီးတွေကို ဘယ်လောက်ထိခိုက်စေနိုင်လဲဆိုတာကို ပြန်တွေးမိစေဖို့ ဒီကမ်ပိန်းကို စတင်ခဲ့တာပဲဖြစ်ပါတယ်' “ဈေးဝယ်ကောင်တာမှာ အမျိုးသမီးလစဉ်သုံးတွေကို အခြား ပစ္စည်းတွေနဲ့ သပ်သပ် ခွဲထည့်တာမျိုး၊ ရာသီသွေး စွန်းပေနေတဲ့အတွက် မိန်းကလေးတွေကို စနောက်တာမျိုး၊ ရာသီလာ နေစဉ်ရက်တွေမှာ သာမန်နေ့ရက်တွေအတိုင်း နေထိုင်တာကို တားမြစ်တာမျိုးစတဲ့ အနည်းငယ်ပဲဖြစ်ဖြစ် သိသိသာသာပဲ ဖြစ်ဖြစ် ဒီလိုမျိုးမကောင်းတဲ့ အယူအဆတွေဟာ အမျိုးသမီးတွေအတွက် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ရှက်ရွံ့မှုတွေ ဖြစ်စေပါတယ်။ ကျွန်မတို့ ဒီလိုအမူအကျင့်တွေအားလုံးကို မကောင်းဘူးဆိုတာ အသိပေးပြီး ရပ်တန့်ဖို့ကြိုးစားတာက အယူအဆမှားတွေ ရပ်တန့်သွားပြီးတော့ အမျိုးသမီးတွေရဲ့ ရာသီလာခြင်းက ဂုဏ်ယူစရာဆိုတာကို ပိုမို သိရှိလာပြီး ထောက်ခံအားပေးကြဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဓမ္မတာကျန်းမာရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အသိပညာနည်းပါးခြင်းကို သတိပြုမိသောကြောင့် ပန်းကလေးက ၂၀၁၇ ခုနှစ်မှ စတင်ကာ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ၊ တစ်ဦးတစ်ယောက်ခြင်း အင်တာဗျူးများ၊ စစ်တမ်းကောက်ယူမှုများဖြင့် မိန်းကလေးငယ်များ၊ အမျိုးသားနှင့် အမျိုးသမီး အယောက် (၅၀၀) ကျော်ကို ဆက်သွယ်လေ့လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပန်းကလေး၏ စစ်တမ်းကောက်ယူမှု ရလဒ်များအရ ရန်ကုန်မြို့ရှိ အသက် ၁၅ နှစ်မှ ၃၀ နှစ်အတွင်း အမျိုးသမီးများ၏ ၈၃ ရာခိုင်နှုန်းက ရာသီသွေးသည် မသန့်ရှင်းဟူသည့် အယူအဆရှိကြောင်းကို သိရသည်။ ၂၀၁၈ ခုနှစ် Burnet တက္ကသိုလ်၏လေ့လာမှုအရ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် ဓမ္မတာလာခြင်းနှင့် ပတ်သတ်၍ စိုးရိမ်ဖွယ်ရာ အချက်အလက်များစွာကို တွေ့ရှိခဲ့သည်။ ကျေးလက်ဒေသတွင် နေထိုင်သောမိန်းကလေး (၇၀) ရာခိုင်နှုန်းသည် Pad (အမျိုးသမီးလစဉ်သုံးပစ္စည်း) တစ်ခုကို ၈ နာရီ ကျော်အထိ (ညွှန်းဆိုထားသည့် အချိန်ထက် ၂ ဆ ပိုသောအချိန်) ကြာမြင့်စွာ ဝတ်ဆင်လေ့ရှိပြီး ရလဒ်အနေဖြင့် (၂၄) ရာခိုင်နှုန်းသည် အချိန်မရွေး ဆီးလမ်းကြောင်း ပိုးဝင်နိုင်သည့် လက္ခဏာများ ခံစားခဲ့ရသည်။ ဤလေ့လာမှုတွင် ပါဝင်ခဲ့သော အမျိုးသမီးရှစ်ယောက်တွင် တစ်ယောက်သည် သူတို့၏ နောက်ဆုံး ဓမ္မတာလာချိန်၌ အဝတ်အစားများ စွန်းထင်းကာ အရှက်ရမည်ကို ကြောက်ရွံ့၍ ကျောင်းတက်ရက် တစ်ရက်နှင့် တစ်ရက်ထက်ပိုပြီး ပျက်ကွက်ခဲ့ရသည်ဟု တင်ပြခဲ့သည်။ အလားတူကြောက်ရွံ့မှုကြောင့် ဓမ္မတာလာနေစဉ် ကျောင်းတက်သည့် မိန်းကလေးများသည်လည်း အာရုံစူးစိုက်မှု လျော့နည်းကြောင်း၊ စာသင်ခန်းတွင်း လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကို လျော့နည်းလာကြောင်း၊ အထူးသဖြင့် အတန်းရှေ့တွင် မတ်တပ်ရပ်ရန် တွန့်ဆုတ်နေတတ်ကြောင်း ဖော်ပြ ထားသည်။ “ဓမ္မတာလာခြင်းဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်ခုပါ။ ဓမ္မတာလာခြင်းအကြောင်း သိရှိနားလည် နိုင်အောင် ကျွန်မတို့အားလုံး အချက်အလက်တွေကို ဝေမျှပေးဖို့က အင်မတန်အရေးကြီးပါတယ်။ ဓမ္မတာလာခြင်းဟာ တန်ဖိုးရှိပြီး အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်လာနိုင်ဖို့ရန်နဲ့ ကျန်းမာစွာကြီးပြင်းလာဖို့ လိုအပ်ချက်တစ်ခုသာဖြစ်ကြောင်း သိရှိနားလည်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်းပဲ So What? ရဲ့ အဓိကပန်းတိုင်က “ပန်းကလေး” မှာ လုပ်ခဲ့သမျှနဲ့ ထပ်တူ ကျပါတယ်။ မြန်မာမိန်းကလေးတွေနဲ့ အမျိုးသမီးအားလုံးရဲ့ ကျန်းမာရေးနဲ့ လူမှုအဆင့်အတန်းကို မြှင့်တင်ပေးပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စွာသိရှိနားလည်စေဖို့ကို ရည်ရွယ်ပါတယ်” လို့ Ceyrac က ထပ်မံ၍ ပြောကြားခဲ့သည်။