ဘယ်အရာတွေကြောင့် သင့်ရဲ့Relationships ကျရှုံးသွားနိုင်သလဲ? ကျရှုံးမသွားအောင် ဘယ်လိုကျော်လွှားနိုင်မလဲ?
lifestylemyanmar.com
|
2020-04-20



လူတစ်ယောက်နှင့် တစ်ယောက်ချစ်ဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ ဒါပေမယ့် ရေရှည်တည်တံတဲ့ relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ နှစ်ပေါင်း၊ လပေါင်းများစွာ ကြာသလို ကြိုးစားအားထုတ်မှုတွေ အများကြီးလိုအပ်ပါတယ်။ ချစ်ကြိုက်သွားတဲ့အချိန်မှာ သင်ဟာ လူတစ်ယောက်ရဲ့ကောင်းကွက်ကိုသာ အများဆုံးစိတ်ဝင်စားပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ relationship တစ်ခု တည်ဆောက်နိုင်ဖို့ဆိုရင် သင်ဟာ လက်တွဲဖော်ရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးတွေကို လက်ခံပေးဖို့ လိုအပ်ပါတယ်။ လက်မခံနိုင်ရင် သင်တို့အချစ်ရေးဟာ ကျရှုံးသွားပါလိမ့်မယ်။

relationship တစ်ခု ကျရှုံးရတဲ့ အကြောင်းရင်းက စုံတွဲတစ်တွဲနှင့် တစ်တွဲ မတူနိုင်ပါဘူး။ ယနေ့မှာ Relationships တစ်ခု ဘာ့ကြောင့် ကျရှုံးရတယ်ဆိုတဲ့ အကြောင်းရင်းအနည်းငယ်နဲ့ မကျရှုံးအောင် ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ညှိနှိုင်းမှု၊ နားလည်မှုနှင့် သစ္စာရှိမှုက relationshipတစ်ခု ရေရှည်တည်တံဖို့ ထိန်းသိမ်းရာမှာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းများဖြစ်ပါတယ်။ ဒါမရှိရင် relationship အခြေခံဟာ အားနည်းလာပါတယ်။

၁။ မျှော်လင့်ချက်တွေ မြင့်မြင့်ထားခြင်း

အချစ်ရေးကျရှုံးသွားရတဲ့ အကြောင်းရင်းတစ်ခုက သင့်လက်တွဲဖော်ဆီကနေ များစွာ မျှော်လင့်နေလို့ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ သင့်မျှော်လင့်ချက်တွေက အလွယ်တကူနဲ့ ပြည့်ပြည့်စုံစုံရနေပါလိမ့်မယ်။ သင့်လက်တွဲဖော် ပေးချင်တာထက်ပိုပြီး ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲတွေ၊ လက်ဆောင်တွေနဲ့ များစွာသော အရာတွေကို မျှော်လင့်မိပါလိမ့်မယ်။ အချိန်နှင့်အမျှ တစ်ယောက်ချင်းစီရဲ့ ဘဝမှာ ဦးစားပေးတွေ ပြောင်းလဲသွားတတ်ပါတယ်။

သင်ဟာ လက်ထပ်ရဖို့၊ ကလေးတွေရဖို့ မျှော်လင့်နေစဉ်မှာ သင့်လက်တွဲဖော်ရဲ့ စိတ်ထဲမှာ အသက်မွေးဝမ်းကျောင်း တစ်ခုခုကို ပန်းတိုင်ထားနေတာလည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ အတူတူခရီးသွားဖို့နှင့် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းဖို့ မျှော်လင့်နေပေမယ့်လည်း သင့်အဖော်ဟာ အခြေကျဖို့ ဆန္ဒရှိနေနိုင်ပါတယ်။ ထိုကဲ့သို့သော မျှော်လင့်ချက်ကွဲပြားမှုက သင့်တို့ရဲ့ အချစ်ရေးမှာ ပဋိပက္ခတွေ ဖြစ်စေနိုင်ပါတယ်။

ဘာလုပ်မလဲ – သင်တို့ဟာ စုံတွဲတစ်တွဲဖြစ်ပေမယ့် တစ်ယောက်ချင်းစီမှာ အမြင်တစ်မျိုးစီရှိနေကြမှာပါ။ အမြင်တွေက အမြဲတမ်းမတူတာ ရှိနိုင်သော်လည်း တစ်ယောက်နဲ့ တစ်ယောက် မျှော်လင့်ချက်ကြီး မြင့်မြင့်မထားပါနဲ့။ တစ်ယောက်ရဲ့ ဘဝရည်မှန်းချက်ကို တစ်ယောက်က သိဖို့လိုပြီး နောက်ထပ်အတူတူ ဘယ်လို့ရွှေ့နိုင်မလဲဆိုတာ သိဖို့လိုပါတယ်။




၂။ ပွင့်လင်းမြင်သာတဲ့ ပြောဆိုဆက်ဆံမှုမရှိခြင်း

ပွင့်လင်းမြင်သာမှုရှိတဲ့ ပြောဆိုဆက်ဆံခြင်းဟာ relationship ကောင်းတစ်ခုရဲ့ မရှိမဖြစ်ကဏ္ဍတစ်ခုဖြစ်ပါတယ်။ သင်ဟာ အရေးကြီးတဲ့ အရာတစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်ဖြစ်စေ (သို့) communicate လုပ်ဖို့ အချိန်မရသည်ဖြစ်စေ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှု မရှိတာဟာ ဘယ်လောက်ပဲ ခိုင်မာတယ်ဆိုတဲ့ relationship တစ်ခုဖြစ်နေပါစေ အက်ကြောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ပြောဆိုဆက်ဆံမှုနည်းပါးခြင်းက အိမ်ထောင်ဖက်တစ်ယောက်ကို အထီးကျန်စေပြီး ချစ်ခြင်းမေတ္တာနှင့် ချစ်ခင်တွယ်တာမှုအတွက် အခြားနေရာတွေမှာ ရှာသွားပါလိမ့်မယ်။ သင်နှင့် သင့်လက်တွဲဖော်အကြား အပြန်အလှန် ပြောဆိုဆက်ဆံမှုမရှိခြင်းက သင်တို့ရဲ့ အချစ်ရေးကို ပျက်စီးစေနိုင်တဲ့ အပျက်သဘောခံစားချက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘာလုပ်မလဲ – သင်တို့နှစ်ယောက်ကြားမှာ ပြောဆိုဆက်ဆံမှု ပြဿနာတွေကို သိရှိလာတဲ့အခါ လက်မလွတ်ရခင် ဖြေရှင်းပါ။ နားလည်မှုပေးပါ။ ကောင်းမွန်စွာ ပြောဆိုဆက်ဆံရေးအတွက် အရေးပါမှုကို ပေးပါ။ ဒါမှသာ relationship တစ်ခုမှာ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ရှင်းလင်းနိုင်မှာပါ။ ဒါ့ကြောင့် အချိန်ယူပြီး ခဏတဖြုတ် ထိုင်ပါ။ သင်တို့ကြားက ကွာဟချက်ကို ဖန်တီးစေသော ကိစ္စရပ်များအပေါ် ရှင်းလင်းပါ။




၃။ အပေးအယူမမျှခြင်း

အပေးအယူမျှခြင်းက အချစ်ရေးတစ်ခုကို ထိန်းသိမ်းတဲ့နေရာမှာ အဓိကသော့ချက်ဖြစ်ပါတယ်။ ဘယ်အရာမဆို အလျှော့မပေးခြင်း၊ မညှိနှိုင်းခြင်းက relationship တစ်ခုမှာ ပြဿနာတွေကို ဖန်တီးနိုင်ပါတယ်။ တစ်ယောက်ရဲ့ ရွေးချယ်မှုကို လေးစားခြင်းမရှိတာက relationship တည်မြဲဖို့အတွက် ခက်ခဲစေနိုင်ပါတယ်။

ဘာလုပ်မလဲ- တစ်ခါတရံမှာ သင့်အိမ်ထောင်ဖက်ကို ဆုံးဖြတ်ခွင့်ပေးခြင်းက အဆင်ပြေပါတယ်။ အချစ်မှာ တစ်ကိုယ်ကောင်းမဆန်သင့်၊ အတ္တမကြီးသင့်ပါဘူး။ အပေးအယူရှိပါ။ ညှိနှိုင်းမှုအချို့ရယူပါ။

၄။ အတ္တဆန်လွန်းခြင်း

အတ္တဆိုတာ စကားလုံးသေးသေးလေးပေမယ့် relationship တစ်ခုကို ထိခိုက်စေတဲ့အထိ အစွမ်းထက်ပါတယ်။ အတ္တဆန်တဲ့ စကားအရိပ်အမြွက်လေးတောင်မှ ချစ်နေကြတဲ့သူ နှစ်ယောက်ကြားက နှောင်ကြိုးကို ပျက်စီးစေနိုင်ပါတယ်။ ချစ်သူချင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိနေရင် အချစ်ရေးဟာ ကြာရှည်စွာ တည်မြဲနိုင်ပါတယ်။ သင့်ရဲ့ အတ္တကိုဖြည့်ဆည်းဖို့ အခြားတစ်ယောက်ဆီကနေ အလျှော့ပေးတာကို မျှော်လင့်ခြင်းက ပျော်ရွင်သော အချစ်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး။ အတ္တနှင့်အတူ ကွဲပြားမှုတွေ များစွာဖြစ်ပေါ်လာရင် အချစ်ရေးမှာ အန္တရာယ်ရှိလာစေပါတယ်။

ဘာလုပ်မလဲ – တကယ်လို့ သင်ဟာ အတ္တသမားတစ်ယောက်ဆိုရင် သင်အမြဲတမ်းမှန်နေချင်ပါလိမ့်မယ်။ သို့သော် မှားတာက ပြဿနာမရှိဘူးဆိုတာ သိထားပါ။ ရောင့်ရဲတင်းတိမ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့အချစ်ရေးကို အကျိုးရှိစေမယ်ဆိုရင် စွန့်လွှတ်သင့်တာ စွန့်လွှတ်လိုက်ပါ။ သင့်ရဲ့ အတ္တကို အနိုင်ပေးလိုက်မယ်ဆိုရင် ဘာဖြစ်လာမယ်ဆိုတာ စဉ်းစားပါ။ သင့်လက်တွဲဖော်က ဒါနဲ့ပတ်သတ်ပြီး ပျော်ရွှင်မှာလား? သင့်ရဲ့အတ္တကြောင့် အချစ်ရေးမှာ အန္တရာယ်ရှိပါက သင်ကျေနပ်နိုင်ပါ့မလား? အဖြေမရှိရင် ငြိမ်ငြိမ်လေးသာ နေလိုက်ပါ။

၅။ ယုံကြည်မှု ပြဿနာများ

ရင်ခုန်စရာ အချစ်ရေးတိုင်းရဲ့ အခြေခံအုတ်မြစ်က ယုံကြည်မှုနှင့် သစ္စာရှိမှုဖြစ်ပါတယ်။ အချစ်ရေးမှာ ယုံကြည်မှု ကင်းမဲ့ခြင်းကို ဖြစ်စေတဲ့ အချက်တွေမှာ အတိတ်က မကောင်းမှု၊ မနာလိုမှု၊ ပိုင်ဆိုင်လိုမှု၊ လှည့်စားမှုနှင့် အလွန်အကျွံ မှီခိုမှုတို့ ပါဝင်ပါတယ်။ ယုံကြည်မှုမရှိရင် အချစ်ရေးမှာ လုံခြုံမှုမရှိဟု ထင်ရပါတယ်၊ ဒီအချစ်ရေးဟာ တောက်ပတဲ့ အနာဂတ်ကို မမြင်နိုင်ဘူး၊ အနာဂတ်လုံးဝမရှိဘူးလို့ ဆိုလိုပါတယ်။

ဘာလုပ်မလဲ – သင့်လက်တွဲဖော်ကို အမြဲတမ်း သံသယမျက်လုံးဖြင့် မကြည့်ပါနဲ့။ အရာရာတိုင်းဟာ သင့်စိတ်ထဲမှာ ရှိနေတာကြောင့် သင့်အတွေးတွေကို ဘရိတ်အုပ်ပါ။ သင့်လက်တွဲဖော်ကို လွတ်လပ်မှုအချို့ပေးပါ။ မေးခွန်းတွေ အများကြီး မမေးပါနဲ့။ သူတို့ပြောတာကို ယုံပေးပါ၊ သင့်ရဲ့ relationship ကိုယုံကြည်ပါ၊ သင်အရင်က မကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရတယ်ဆိုရင် အခွင့်အရေးတစ်ခုပေးပါ။ သူတို့ကို ယုံကြည်ဖို့ ကြိုးစားပေးပါ။




၆။ ရန်လိုခြင်း

ဒေါသထွက်လို့ရပေမယ့် စိတ်ခံစားမှုကို မထိန်းချုပ်ရင် ရန်လိုမှု (သို့) အကြမ်းဖက်မှုကို ဦးတည်စေနိုင်ပါတယ်။ ရန်လိုခြင်းက လူတစ်ယောက်ရဲ့ အပြုအမှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို အဟန့်အတားဖြစ်စေပါတယ်။ သင်ဒေါသထွက်နေရင် ဘာမှမပြောပါနဲ့။ စော်ကားတာ (သို့) သင့်အချစ်ရေးနှင့် ပတ်သတ်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်ချမိနိုင်ပါတယ်။

ဒေါသက သင့်လက်တွဲဖော်နှင့် သင့်အချစ်ရေးကို ပျက်စီးစေရုံသာမက သင့်ဘဝအရည်အသွေးကိုပါ ပျက်စီးစေနိုင်ပါတယ်။ သင်တို့နှစ်ယောက်ထဲက တစ်ယောက်ဟာ အမျက်ဒေါသနှင့် ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင်၊ ဒေါသကို မထိန်းချုပ်နိုင်ဘူးဆိုရင် သင်ရဲ့ အချစ်ရေးဟာ ပြဿနာရှိနိုင်ပါတယ်။

ဘာလုပ်မလဲ – သွေးဆူလွယ်တဲ့ တုံ့ပြန်မှုများကို ရှောင်ရှားတတ်ဖို့ သင်ယူပါ။ ခဏလောက် စဉ်းစားပြီးမှ ကိုယ့်ကိုယ်ကိုမေးပါ။ ရန်လိုစွာ တုံ့ပြန်လိုက်ရင် ဘာဖြစ်လာမလဲ? အခြေအနေက ပိုဆိုးလာနိုင်ပြီး သင့်လက်တွဲဖော်ကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါကို သင်လိုချင်သလား? မလိုချင်ပါက ခဏတာ စိတ်အေးအေးထားပြီး သွေးအေးသွားမှ စကားပြောပါ။ ဒေါသထွက်နေရင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ဖို့လိုပါတယ်။




၇။ သဟဇာတမရှိခြင်း

သင်နဲ့ သင်ချစ်ရသူဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူနိုင်ပါဘူး။ သင်ကြိုက်တဲ့အရာကို သူမကြိုက်သလို သူကြိုက်တဲ့အရာကို သင်ကြိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ယောက်ချင်းစီရဲ့ အလိုဆန္ဒကို လေးစားပေးခြင်းက သဟဇာတဖြစ်တဲ့ အိမ်ထောင်ရေးမျိုး ရရှိပါလိမ့်မယ်။ ဒီလိုညှိနှိုင်းမှု မရှိဘူးဆိုရင် သင်တို့အချစ်ရေးဟာ ပြိုကွဲသွားနိုင်ပါတယ်။

ဘာလုပ်မလဲ – သင့်ရဲ့ လိုအပ်ချက်တွေနှင့် လိုအင်ဆန္ဒကို လက်တွဲဖော်နှင့်အတူ ဆွေးနွေးပါ။ တစ်ယောက်ရဲ့ ဦးစားပေးမှုကို တစ်ယောက်က လေးစားသင့်ပါတယ်။ သူတို့ကို လက်ခံပေးပါ။ တကယ်လို့ ပဋိပက္ခတွေရှိလာရင် ငြင်းခုံနေမယ့်အစား အဖြေရှာဖို့ ကြိုးစားပါ။

၈။ ရှုပ်ထွေးသော ဦးစားပေးမှုများ

ကျွန်တော်တို့အားလုံးရဲ့ ဘဝမှာ ဦးစားပေးမှုတွေ များစွာရှိပါတယ်။ relationship ကလည်း သူတို့ထဲက တစ်ခုဖြစ်နိုင်ပါတယ်။ တကယ်လို့ ဒီဦးစားပေးအစီအစဉ်တွေကို ကောင်းစွာ မစီမံနိုင်ပါက သင့်အနေနဲ့ အချစ်ရေးမှာ ပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ အလုပ်တွေ များလွန်းနေခြင်း(သို့) သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခြင်း (သို့) မိသားစုပြဿနာတွေကို နောက်ဆုံးမှာ ထားခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သော ဦးစားပေးအစီအစဉ်တွေကို စနစ်တကျမစီမံနိုင်ခြင်းဟာ အချစ်ရေးကျရှုံးရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

ဘာလုပ်မလဲ – တစ်ယောက်နဲ့ တစ်ယောက် အကျင့်တစ်ချို့ကို မကြိုက်ဘူးဆိုရင် အဲဒီအကြောင်းကို သိအောင် ပြောပြပါ။ သင့်လက်တွဲဖော်က သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ခြင်းထက် သူတို့နဲ့အချိန်ကုန်ရတာကို မကြိုက်တဲ့သူဆိုရင် သင့်ရဲ့အချိန်ကို စုစည်းပြီး သင့်လက်တွဲဖော်ကို အချိန်ပေးဖို့ကြိုးစားပါ။

ပဋိပက္ခတွေ မဖြစ်အောင် ညှိနှိုင်းပါ။ သင့်လက်တွဲဖော်ရဲ့ ပုံစံနှင့်အပြုအမှုတွေကို မပြောင်းလဲနိုင်ဘူးလို့ သင်ထင်ရင် ဒါကိုလက်ခံဖို့နှင့် ခွင့်လွတ်တတ်ဖို့ သင်ယူပါ။ အရာအားလုံးကို ပြုပြင်လို့မရပါဘူး။ အချို့အမူအရာတွေက လျစ်လျူရှုထားရမယ်ဆိုတာ နားလည်ပါ။




၉။ အရမ်းမှီခိုခြင်း

စိတ်ပိုင်းဆိုင်ရာ မှီခိုခြင်းက အချစ်ရေးအတွက်သာမက သင့်အတွက်ပါ အန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့နှင့်အတူ ပျော်ရွှင်မှုကို ဝေမျှဖို့၊ နားထောင်ပေးဖို့နှင့် ကျွန်တော်တို့ စိတ်ဓါတ်ကျချိန်မှာ ကျွန်တော်တို့ကို အားပေးမယ့်သူ တစ်ယောက်ယောက် လိုအပ်ပါတယ်။ သို့သော် သင့်ရဲ့ ပျော်ရွင်မှုနှင့် ခံစားချက်တွေကို manage လုပ်ပေးဖို့အတွက် လက်တွဲဖော်ရှာခြင်းက ရေရှည်မှာ အကူအညီမဖြစ်နိုင်ပါဘူး။ သင့်လက်တွဲဖော်ဟာ စိတ်ခံစားမှုအားလုံးကို ဖြေရှင်းဖို့ ဖိအားပေးခံရနိုင်ပြီး relationship အတွင်းမှာ မညီမျှမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ဆုံးမှာ relationship ကျရှုံးသွားနိုင်ပါတယ်။

ဘာလုပ်မလဲ – relationship တစ်ခုမှာ အပြန်အလှန်မှီခိုနေသင့်ပါတယ်၊ ဒါမှသာ ရေရှည်တည်တံ့ပါလိမ့်မယ်။ သင့်အတွက် အချိန်ပေးပြီး သင့်လက်တွဲဖော်အတွက် နေရာတစ်ချို့ပေးပါ။ဒါက အရှုပ်အထွေးကင်းတဲ့ ဆက်ဆံရေးမျိုး ရှိလိုတဲ့အခါ မရှိမဖြစ်လိုအပ်ပါတယ်။

၁၀။ တခြားအကြောင်းအရာများကြောင့်

relationship တစ်ခုကို ပျက်စီးစေနိုင်တဲ့ အခြားအကြောင်းရင်းတွေကတော့ ငွေရေးကြေးရေးပြဿနာတွေ၊ တစ်ယောက်နဲ့တစ်ယောက် မလေးစားခြင်း အလေးအနက်မထားခြင်း၊ ပျင်းရိလာခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ပေါ့ပေါ့တန်တန် သဘောထားခြင်း၊ ဖောက်ပြန်ခြင်းတို့ ဖြစ်ပါတယ်။

ဘာလုပ်မလဲ – ပျင်းရိလာလို့ ၊ အသေးအဖွဲလေးတွေမှာ သဘောထားချင်း မတိုက်ဆိုင်လို့ စတဲ့ အသေးအဖွဲကိစ္စတွေဖြစ်ရင် ပြင်ဆင်မှုအနည်းငယ်ဖြင့် ပြန်လည်တည်ဆောက်နိုင်ပါတယ်။ သို့သော် သင့်ရဲ့အချစ်ရေးမှာ မလေးစားမှုနှင့် ငွေရေးကြေးရေး ပြဿနာတွေလို ကိစ္စတွေကြောင့် အန္တရာယ်ကြုံတွေ့ရလျှင် သင့်လက်တွဲဖော်နှင့်အတူ ဆွေးနွေးတိုင်ပင်ပြီး ညှိနှိုင်းဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-momjunction


#အချစ်
#အတ္တ
#ပြဿနာ
#ဦးစားပေး
#မျှော်လင့်ချက်

Some text some message..