ရင်ခွင်မီအရပ်ပိုင်ရှင်လေးတွေအတွက် အရပ်ရှည်သယောင်အထင်ရောက်စေဖို့
moda.com.mm
|
2020-05-01

တကယ်တော့ အရပ်သိပ်မရှည်တဲ့ မိန်းကလေးတွေဟာချစ်စရာကောင်းတဲ့အရပ်ကိုပိုင်ဆိုင်ထားတယ်လို့ဆိုရမှာပါ။ လူပြောများကြတဲ့ ရင်ခွင်မီအရပ်ပိုင်ရှင်လေးတွေပေါ့။ ဒါပေမဲ့ ဒီလိုအရပ်ပိုင်ရှင်မိန်းကလေးတွေအနေနဲ့ ဖက်ရှင်နဲ့ပတ်သက်လို့တော့ အရွေးမမှားဖို့နဲ့ သတိထားဖို့အထူးလိုအပ်ပါတယ်။ ရွေးချယ်မှူမှားလို့ ဝတ်ဆင်ပုံမှားယွင်းမယ်ဆိုရင် စနိုးဝှိုက်ပုံပြင်ထဲကလူပုလေးတွေလိုမျိုး ချစ်စရာကောင်းသော်လည်း ပုံမကျပန်းမကျလေးတွေဖြစ်နေနိုင်တာကြောင့်ပါ။ အရပ်နိမ့်တဲ့ကောင်မလေးတွေအနေနဲ့ ဖက်ရှင်နဲ့ပတ်သက်ရင် ဘာတွေကိုအဓိကဝတ်ဆင်ရမယ်၊ ဘာတွေကိုရွေးချယ်သင့်တယ်ဆိုတာဟာ ဂရုစိုက်သင့်တဲ့အထဲမှာပါတာမို့ ရင်ခွင်မီအရပ်ပိုင်ရှင်လေးတွေအနေနဲ့ ဘယ်လိုအချက်တွေကများ လိုက်နာသင့်တဲ့အရာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။


1.ခြေတံရှည်သယောင်




ခါးရှူံကြိုးပါတဲ့ အင်္ကျီတွေ ခုတလောပြန်ခေတ်စားနေတာ ကံကောင်းတယ်လို့ပြောရမှာပါပဲ။ အရပ်နိမ့်တဲ့ ကောင်မလေးတွေအနေနဲ့ အဲဒီခါးရှူံကြိုးပါ အင်္ကျီလေးတွေကို High waist ဘောင်းဘီတွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းဖြင့် ခြေတံရှည်ရှည် အရပ်မြင့်သယောင် အာရုံလွှဲနိုင်ပါတယ်။ ခါးအလှပေါ်လွင်တဲ့မိန်းကလေးတွေအနေနဲ့ ရှူံ့ကြိုးပါ Crop top လို ခါးတိုအင်္ကျီမျိုးလေးတွေနဲ့ ပိုပြီးလိုက်ဖက်နိုင်သလို ခါးအလှမပေါ်တဲ့မိန်းကလေးတွေအနေနဲ့လည်း ခါးနေရာမှာ အလွှာအထပ်အထပ်လေးတွေဖုံးထားတဲ့ဒီဇိုင်းမျိုးလေးတွေကိုရွေးချယ်သင့်ပါတယ်။


2.အတိုအပြတ်




အရပ်သိပ်မရှည်တဲ့မိန်းကလေးတွေအတွက် နောက်ထပ်အလိုက်ဖက်ဆုံးကတော့ စကတ်တိုတိုနဲ့ Pointed-toe ဖိနပ် (သို့မဟုတ်) ဒေါက်ဖိနပ်တွေကိုတွဲဖက်စီးခြင်းပါပဲ။ Pointed-toe ဆိုတာကတော့ အလွယ်ပြောရရင် ခြေချောင်းထိပ်မှာစုစုလေးဖြစ်နေတဲ့ ထိပ်ချွန်ဖိနပ်မျိုးတွေပါ။ ရိုးရိုးလေးနဲ့ ခြေတံရှည်သွယ်သယောင် စိတ်ကိုလှည့်စားနိုင်မယ့် Outfit ပုံစံမျိုးလို့ဆိုနိုင်ပါတယ်။


3.Cropped Jean မျိုးကိုရွေးချယ်ပါ




Cropped Jean ဆိုတဲ့ ခြေမျက်စိနားလောက်ထိပဲ အရှည်ရှိတဲ့ ဂျင်းဘောင်းဘီမျိုးဟာလည်း အရပ်သိပ်မရှည်တဲ့ မိန်းကလေးတွေအတွက် ရွေးချယ်သင့်တဲ့ outfit ထဲမှာ ပါဝင်ပါတယ်။ High waist လည်းဖြစ်၊ Fitting လည်းကျပြီး၊ ခြေမျက်စိအသားလေးတွေပေါ်လွင်နေခြင်းက သင့်ကို ပုံမှန်ထက်ပိုပြီးအရပ်ရှည်သယောင် ထင်ရစေမှာပါ။


4.High waist ဘောင်းဘီရဲ့လှည့်ဖျားမှူ




ဒါကတော့ အပေါ်မှာပြောခဲ့တဲ့အထဲမှာလည်းပါပါတယ်။ အရပ်နိမ့်တဲ့ကောင်မလေးတွေနဲ့ အသင့်တော်ဆုံးကတော့ High waist ဘောင်းဘီမျိုးတွေပါပဲ။ ခြေတံကိုနဂိုရှိရင်းစွဲထက်ပိုရှည်သယောင်အာရုံလှည့်စားနိုင်တာကြောင့် အရပ်ရှည်သယောင် ကောင်းကောင်း ဖန်တီးပေးနိုင်တဲ့ ဘောင်းဘီပုံစံမျိုးပါ။


5.ချုပ်ဝတ်ပါ




ဒါကတော့ ဖက်ရှင်နဲ့ပတ်သက်ရင်အမြဲအကြံပေးနေကျအချက်တစ်ခုပါပဲ။ ချုပ်ဝတ်တာဟာ Ready to wear တွေကိုဝတ်ဆင်ခြင်းထက် ကိုယ့်စိတ်တိုင်းကျ ပုံစံရရှိနိုင်တဲ့အတွက် အရပ်ခပ်နိမ့်နိမ့်မိန်းကလေးတွေအတွက် အရမ်းကို သင့်တော်တယ်လို့ဆိုရမှာပါ။ ဥပမာ - Ready-made Coat အင်္ကျီ ဝယ်တဲ့အခါ Coat က ခါးရှည်နေတာ ပခုံးကျယ်ကျယ်ကြီးဖြစ်နေတဲ့အခါမျိုးမှာ ပုံစံမကျတာကြောင့် ရှိရင်းစွဲအရပ်ထက်ကိုပိုပြီး ပုသယောင်အမြင်ရောက်စေနိုင်ပါတယ်။


6.မရှိမဖြစ်ဒေါက်ဖိနပ်




ထသွားထလာအတွက် ဒေါက်ဖိနပ်ဟာ ဘယ်လိုမှအဆင်မပြေနိုင်ဘူးဆိုပေမယ့် အရပ်ပုတဲ့ကောင်မလေးတွေအတွက်တော့ ဒေါက်ဖိနပ်ဟာ လိုကိုလိုအပ်ပါတယ်။ နောက်ဆုံးဒေါက်အမြင့်ကြီးတွေမစီးနိုင်ဘူးဆိုရင်တောင် ဒေါက်အတိုလေးတွေကိုရွေးချယ်သင့်ပါတယ်။ ရင်ခွင်မီအရပ်နဲ့ ဒေါက်ဖိနပ်ဟာ ဘယ်လိုမှခွဲထားလို့မရတဲ့ မိတ်ဆွေတွေပါပဲ။

Photo Credit To The Rightful Owners


#အရပ်
#ဒေါက်ဖိနပ်
#ဘောင်းဘီ
#အင်္ကျီ
#မိန်းကလေး

Some text some message..