အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲ
mizzimaburmese.com
|
2020-05-11

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အရက်သောက်ခြင်း ဟာ သင့်

လိင်မှုဘဝ အတွက် ကောင်းကျိုးပေးမှာလား။ ဆိုးကျိုးဖြစ်စေသလား။ ဒီမေးခွန်းတွေအတွက် တိတိကျကျအဖြေပေးဖို့ ခက်ပါတယ်။ အကောင်းရော အဆိုးပါ ဒွန်တွဲနေတယ်ဆိုပေမဲ့ သေချာတာကတော့ သက်ရောက်မှုက ရှိကိုရှိနေပါတယ်။ ဒါဆိုရင် ဘယ်လိုသက်ရောက်မှုတွေများ ဖြစ်နေနိုင်မလဲ။

၁. အရက်ကြောင့် အတားအဆီး၊ အဟန့်အတားတွေ လျော့နည်းသွားစေပါတယ်။

အရက်သောက်ခြင်းကြောင့်

လိင်ဆက်ဆံလိုစိတ် နိုးကြွလာတာမျိုးမဟုတ်ပါဘူး။ စိတ်ပူပန်မှုတွေ စိုးရိမ်ကြောင့်ကြမှုတွေ လျော့နည်းသွားတဲ့ အခြေအနေဟာ အတူတူနေဖို့ ၊ ကိုယ့်ရဲ့ ပါတနာကို စိတ်ကျေနပ်မှုပေးဖို့ ပိုပြီး အသင့်ဖြစ်နေစေပါတယ်။ ဒါ့အပြင် အချို့အမျိုးသားများဟာ အတူတူနေစဉ် မိမိရဲ့စွမ်းဆောင်ရည်အတွက် စိုးရိမ်ပူပန်မှုရှိတတ်ပါတယ်။ ထိုအခါ အရက် အနည်းငယ်သောက်ပြီး ရဲဆေးတင်ခြင်းအားဖြင့် သူတို့ရဲ့ စိုးရိမ်သောကကို လျော့နည်းသွားစေတဲ့အတွက်

လိင်မှုစွမ်းဆောင်ရည် လည်း ပိုကောင်းလာကြတယ်လို့ ဆိုပါတယ်။

၂. အရက်ဟာ လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံရောက်စေပါတယ်။

အိမ်ထောင်သည်တွေမှာ အတူတူနေတဲ့ အကြိမ်ရေနည်းလာခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ “ Stress” ဆိုတဲ့

စိတ်ဖိစီးမှု က ထိပ်ဆုံးမှာတည်ရှိနေပါတယ်။ အရက်ဟာ ဦးနှောက်မှာရှိတဲ့ neurons လေးတွေကို ယာယီအားဖြင့် အလုပ်လုပ်တာနှေးသွားအောင်ပြုလုပ်ပေးတယ်။ လုပ်ဖို့ကျန်နေသေးတဲ့ အလုပ်ကိစ္စတွေ၊ စိတ်ရှုပ်စရာတွေ၊

စိုးရိမ်ပူပန်မှုတွေ နည်းသွားအောင် အတွေးတွေကို ကန့်သတ်လိုက်တဲ့ သဘောပါပဲ။

၃. တစ်စုံတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေချင်စိတ်ဖြစ်ပေါ်လာမယ်။

အရက်ဟာ prefrontal cortex လို့ခေါ်တဲ့

ဦးနှောက် ရဲ့ အစိတ်အပိုင်းတစ်ခုကို နှိုးဆွပေးပါတယ်။ အဲ့ဒီအစိတ်အပိုင်းဟာ စိတ်ခံစားမှုတွေကို အဓိက ထိန်းချုပ်ဖန်တီးပေးတဲ့ နေရာဖြစ်တဲ့အတွက် feelings တို့ emotions တို့ဖြစ်ပေါ်လာရပါတယ်။ ဒါကြောင့် အရက်သောက်ပြီးနောက် ပိုပြီးရင်းနှီးဖော်ရွေလာကြတယ်။ စကားတွေပိုပြောဖြစ်ကြတယ်။ စိတ်ခံစားမှုတွေထုတ်ပြောလာကြတယ်။ အရက်အနည်းငယ်သောက်ခြင်းက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပေးပေမဲ့ အများကြီးသောက်ရင်တော့ လုံးဝဆန့်ကျင်ဘက်တွေကိုပဲ ဖြစ်စေပါလိမ့်မယ်။

၄. ဆုံးဖြတ်ချက်အမှားတွေ ချလာနိုင်ပါတယ်။

ဒါကတော့ ဆိုးကျိုးပါ။ အကယ်၍ သင်ဟာ စိတ်ချရတဲ့ ပါတနာတစ်ယောက်နဲ့ အတူရှိနေတာ မဟုတ်ရင် သင်ရဲ့ လိင်မှုကိစ္စမှာ ဆုံးဖြတ်ချက်အမှားတွေ ချမိနိုင်ပါတယ်။ ဥပမာ-

အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိတာ မျိုးပေါ့။

၅. လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်း


ဒါဟာလည်း ဘယ်သူမှ မလိုလားတဲ့ ဘေးထွက်ဆိုးကျိုးပါပဲ။ အရက်ကို အလွန်အကြူးသောက်သုံးမိတဲ့အခါ အမျိုးသား အင်္ဂါထောင်မတ်ဖို့ ပြဿနာရှိနိုင်ပြီး အမျိုးသမီးတွေမှာဆိုရင်တော့ Vagina မွေးလမ်းကြောင်းမှာ အချွဲထွက်နည်းပြီး ခြောက်ကပ်နေတဲ့အခါ သက်တောင့်သက်သာ မဖြစ်တာမျိုး၊ နာကျင်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။


ဒါကြောင့် ကောင်းကျိုးတွေပဲ ကြည့်ပြီး ရဲဆေးတင်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် ဆိုးကျိုးလေးတွေလည်း ထည့်စဉ်းစားဖို့ မမေ့ပါနဲ့နော်။ ဘယ်အရာမဆို

တန်ဆေး လွန်ဘေး ပါလို့ သတိပေးရင်း….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

#အရက်
#စိတ်ခံစားမှု
#ဆေးပညာ
#ကောင်းကျိုး
#တည်းဖြတ်သူ

Some text some message..