မြင်နေကျမဟုတ်တဲ့ အရောင်အတွဲအစပ်များ
moda.com.mm
|
2020-05-14

ဖက်ရှင်တစ်ခုမှာ တတ်နိုင်သမျှ အဘက်ဘက်ကပြည့်စုံမှသာ လူအများအမြင်မှာရော ကိုယ့်ရဲ့ ယုံကြည်မှူအပိုင်းမှာပါ အဆင်ပြေပြေနဲ့ ကြည့်လို့ကောင်းနေစေနိုင်တာပါ။ ဒီဇိုင်း ၊ Cutting ၊ ပိတ်သား စတာတွေအပြင်ကိုမှ အရောင်ရွေးချယ်မှုဟာလည်း မဖြစ်မနေအရေးကြီးတဲ့ အခန်းကဏ္ဍကနေ တည်ရှိနေပါတယ်။ ဖက်ရှင်နဲ့ပတ်သက်လို့ ကန့်သတ်မှူတွေလျော့ပါးလာတဲ့ ခုလိုခေတ်ကာလမျိုးမှာ အရောင်နဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေကိုလည်း တတ်နိုင်သမျှလျှော့ချပစ်ဖို့ဝန်မလေးပါနဲ့ ။ဘယ်အရောင်ကတော့ကြည့်ရတာ ကြောင်တောင်တောင်ကြီးဖြစ်နေမလား ၊ ဘယ်အရောင်ကတော့ အရမ်းတောက်လွန်းနေမလား ဆိုတဲ့အတွေးမျိုးထက် နှစ်ရောင်ပေါင်းစပ်လိုက်တဲ့အခါမှာ ဘယ်လောက်ထိ ကြည့်ကောင်းနေနိုင်လဲဆိုတာမျိုးကိုသာ အဓိကအရေးပေးရွေးချယ်သင့်တာပါ။ ဒါကြောင့်မို့လို့ တော်တန်ရုံမရွေးချယ်ဖြစ်ကြတဲ့ ဘယ်လိုရှားပါးတဲ့အရောင်တွဲစပ်မှူမျိုးတွေကများ ပေါင်းစပ်ကြည့်လိုက်တဲ့အခါမှာ ဖက်ရှင်ကျပြီး အရမ်းမိုက်တဲ့အနေအထားကိုရစေမလဲဆိုတာကိုသိရအောင် တစ်ပုံချင်းစီမှာ ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်။


အနီနဲ့ ပန်းရောင်




ဒီအရောင်နှစ်ခုရဲ့ နာမည်ကိုကြားရင် တွဲမဝတ်ရဲစရာအကြောင်းမရှိဘူးလို့ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဒီနှစ်ရောင်ကို တွဲဖက်ပြီးဝတ်ဖြစ်တဲ့သူအတော်ရှားပါတယ်။ ဒီအရောင်နှစ်ခုဟာ Color Wheel ထဲမှာ အနီးစပ်ဆုံးအရောင်နှစ်ခုဖြစ်နေပေမဲ့ ကြည့်လိုက်ရင်သိသိသာသာကွဲပြားနေတာကိုတွေ့ရပါတယ်။ အဲဒီအချက်ကပဲ မြင်တွေ့ရသူတွေအတွက် ထူးခြားတဲ့ ခံစားမှူတစ်ခုကိုပေးစွမ်းနိုင်မှာပါ။ အခုလိုနီးစပ်မယောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ color မျိုးတွေက ကိုယ့်ရဲ့ Outfits ကိုပိုပြီးကြွတက်နေစေပါလိမ့်မယ်။ နောက်ပြီး ဒီအရောင်အတွဲအစပ်ကို Valentine's Day အတွက် အသင့်တော်ဆုံးအရောင်လို့လည်းဆိုထားပါသေးတယ်။


အဝါနဲ့အစိမျး




ဒီနှစ်ရောင်ကလည်း တော်တန်ရုံ ဝတ်နေကျမဟုတ်တဲ့ ကာလာအတွဲအစပ်တွေထဲမှာ ပါဝင်ပါတယ်။ နောက်ပြီးဒီအရောင်နှစ်ခုကိုဝတ်ဆင်ခြင်းအားဖြင့် ကမ္ဘာကြီးနဲ့တစ်သားတည်းဆိုတဲ့သဘောကိုလည်းဆောင်စေပါတယ်တဲ့။ ဘာလို့လည်းဆိုတော့ အစိမ်းရောင်ဟာ စိမ်းလန်းတဲ့သဘာဝပတ်ဝန်းကျင်၊သစ်ပင်ပန်းပင်တွေကို ကိုယ်စားပြုပြီး ၊အဝါရောင်ကတော့ နေမင်းကြီးကို ကိုယ်စားပြုတယ်လို့ သတ်မှတ်တာကြောင့်ပါ။ ဘာမှထူးထူးခြားခြားအားစိုက်ထုတ်စရာမလိုပဲကို ကြည့်လိုက်တာနဲ့ ကျက်သရေရှိလှပနေစေမယ့် အရောင်အတွဲအစပ်လို့ ဆိုနိုင်ပါတယ်။


အဝါနု နဲ့ ခရမ်းဖျော့




အခုလို အပူချိန်များတဲ့ရာသီဥတုအောက်မှာ ကြည့်လိုက်တာနဲ့ အမြင်အေးပြီး ချစ်စရာကောင်းနေစေမယ့် အရောင်အတွဲအစပ်လေးပါ။ မြင်နေကျလည်းမဟုတ်သလို ရာသီဥတုနဲ့လည်း အရမ်းလိုက်ဖက်တဲ့ ကာလာအတွဲလေးလို့ဆိုနိုင်ပါတယ်။ ခရမ်းဖျော့ကိုမှ Pastel ဘက်ရောက်တဲ့ color မျိုးလေးတွေကိုသုံးရင်တော့ မိန်းမသားလည်းပိုဆန်ပြီး နူးညံ့လှပတဲ့အသွင်ကိုပါ ဆောင်စေမှာအမှန်ပါပဲ။ဒီအရောင်အတွဲအစပ်က မင်္ဂလာပွဲတက်တွေနဲ့လည်း လိုက်ဖက်တယ်လို့ဆိုထားပါသေးတယ်။


အစိမ်းနဲ့ ပန်းရောင်




ဒီအရောင်အတွဲအစပ်ဟာ ကြားလိုက်ရင် ကြောင်တောင်တောင်ကြီးဖြစ်နေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ တကယ်တမ်း ဝတ်ကြည့်လိုက်တဲ့အခါမှာတော့ ထူးထူးခြားခြားကို မျက်စိပသာဒဖြစ်စေတဲ့အရောင်အတွဲအစပ်ဆိုတာ လက်ခံသွားပါလိမ့်မယ်။ တခါတလေတော့ ကိုယ်က ခပ်ကြောင်ကြောင်နိုင်တယ်လို့ထင်ထားတဲ့အရာတွေကလည်း ဆွဲဆောင်မှူတစ်ခုဖြစ်လာနိုင်တယ်မဟုတ်လား။


အပြာ နဲ့ လိမ္မော်




ဒီအတွဲအစပ်ကိုတော့ မကြာခဏတွေ့ရနိုင်ပါတယ်။ မတွေ့ဖူးဘူးလို့တော့မငြင်းနဲ့နော် ။ အနည်းဆုံးတော့ လိမ္မော်ရောင်အင်္ကျီနဲ့ ဂျင်းပြာနုဘောင်းဘီ အတွဲအစပ်က ဝတ်လေ့ရှိတဲ့ အတွဲအစပ်ထဲမှာပါပါတယ်။ ဒီစတိုင်လ်မျိုးကတော့ ခုချိန်မှာတော့ လူသုံးနည်းတဲ့အတွဲအစပ်လိုဖြစ်နေပါပြီ။ အဲဒီတော့ ကိုယ်ကပဲ တစ်မျိုးတစ်ဖုံမတူအောင်ပြန်ပြီးဆန်းသစ်ကြည့်သင့်ပါတယ်။ ဂျင်းနဲ့တွဲဝတ်တာထက် အပြာရောင်စကတ်ကို လိမ္မော်ရောင်အင်္ကျီ နဲ့ တွဲဖက်တာမျိုး ၊ ဒါမှမဟုတ် လိမ္မော်ရောင်စကတ်ကို အပြာရောင်အင်္ကျီနဲ့ တွဲဖက်ဝတ်တာမျိုးပေါ့။ လိမ္မော်က ထင်ရှားတောက်ပစေတဲ့ကာလာမျိုးဖြစ်ပြီး အပြာကတော့ အဲဒါကို Tone တစ်ခုပြန်လည်လျှော့ချပေးနိုင်ပါတယ်။ ဒီလိုအရောင်အတွဲအစပ်ကိုတော့ရဲဝံ့ခြင်းနဲ့ တည်ငြိမ်ခြင်းရဲ့ပေါင်းစည်းမှူတစ်ခုလို့ဆိုရမှာပါပဲ။

Photo Credit To The Rightful Owners


#အစပ်
#အရောင်
#အတွဲ
#လိမ္မော်ရောင်
#အင်္ကျီ

Some text some message..