ဖက်ရှင်ကျတဲ့ မိန်းမသားတစ်ယောက်ရဲ့ လျှို့ဝှက်ချက်
moda.com.mm
|
2020-05-24

မိန်းကလေးအများစုဟာ အလှအပကိုနှစ်သက်ကြပေမယ့် ကိုယ့်ရဲ့ပင်ကိုယ်အလှအပအပေါ်မှာ ယုံကြည်ချက်ရှိမှူကတော့ လူနည်းစုမှာသာတွေ့ရတတ်ပါတယ်။ တကယ်တမ်းက လူတိုင်းမှာ သူ့ဟာနဲ့သူ အလှကိုယ်စီရှိတယ်ဆိုတဲ့အချက်ကို မေ့မထားသင့်ပါဘူး။ ပိန်တဲ့သူဟာ ပိန်တဲ့အလျှောက် ၊ဝတဲ့သူဟာ ဝတဲ့အလျှောက်၊ အရပ်ပုသူဟာ ပုတဲ့အလျှောက် ၊အရပ်ရှည်သူဟာရှည်တဲ့အလျှောက် ကိုယ့်ကိုယ်ကိုလက်ခံနိုင်စွမ်းနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်ရှိမှူ ၊ confidentရှိရှိဝတ်စားဆင်ယင်တတ်မှု တွေပေါ်မှာမူတည်ပြီး ကြည့်လို့ကောင်းခြင်း မကောင်းခြင်းတွေ ကွဲပြားသွားကြတာပါ။ ဒီမိန်းကလေးက ကြည့်လိုက်တာနဲ့မိုက်နေတယ်ဆိုတာမျိုးဟာ သူ့မှာရှိတဲ့ ယုံကြည်မှုရဲ့ အရှိန်အဝါကြောင့်ဖြစ်ပါတယ်။စတိုင်လ်ကျတဲ့အမျိုးသမီးတစ်ဦးဆိုတာဟာလည်း အတင်းလုပ်ယူထားသလိုမျိုးဖြစ်မနေပဲ သဘာဝကျကျကို ကြည့်ကောင်းနေတာမျိုးပါ။ ဒါဆိုရင် အဲဒီလို ယုံကြည်ချက်ရှိရှိတဲ့ မိမိုက်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက်တွေ အဓိက လိုအပ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။


1.ကိုယ့်အကြိုက်ကိုကိုယ် ကောင်းကောင်းသိပါ




စတိုင်လ်ကျတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အဓိကလျှို့ဝှက်ချက်ကတော့ ဘယ်လိုမျိုးကြိုတင်ပြင်ဆင်သင့်တယ်ဆိုတာနဲ့ ကိုယ်ဘာကိုအမှန်တကယ်လိုအပ်သလဲ ၊ကိုယ်ဘာကို တကယ်ကြိုက်သလဲ ဆိုတာကို ကောင်းကောင်းသိတဲ့အချက်ပါပဲ။ အဲဒီလိုကိုယ်ဘာကိုလိုမှန်းအတိအကျသိပြီး ဘယ်လိုအရာတွေကိုပဲစုဆောင်းဝယ်ယူသင့်တယ်ဆိုတဲ့ အချက်ကိုလည်း ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။


2.အခြေခံကျတဲ့အဝတ်အစား အသုံးအဆောင်တွေစုဆောင်းပါ




အခြေခံကျတဲ့အဝတ်အစား၊အိတ်၊ဖိနပ် လက်ဝတ်ရတနာတချို့ကို စုဆောင်းထားဖို့လိုပါတယ်။ အခြေခံကျတဲ့အရာဆိုတာဟာ ဘယ်လိုမျိုးနဲ့ပဲ တွဲဖက်ဝတ်ဝတ် လိုက်ဖက်နေမယ့် အသုံးအဆောင်မျိုးတွေကိုဆိုလိုတာပါ။ ဥပမာ - jacket အနက် သို့မဟုတ် အရောင်နုနုတစ်ထည် ၊ Tshirt အမည်းတစ်ထည် ၊ ရှပ်အဖြူတစ်ထည်၊ နာရီကောင်းကောင်းတစ်လုံး ၊ အိတ်ကောင်းကောင်းတစ်လုံးနဲ့ ဘာနဲ့တွဲဝတ်ဝတ်အဆင်ပြေမယ့် ဖိနပ်ကောင်းကောင်း တစ်ရန် အစရှိသဖြင့်ပါဝင်ပါတယ်။ ဒါမျိုးတွေကို ဈေးကြီးချင်ကြီးပါစေ အမှတ်တံဆိပ်ကောင်းကောင်းလေးတွေထဲကနေ ရွေးချယ် စုဆောင်းထားသင့်ပါတယ်။


3.ပေါ်လွင်ထင်ရှား ဖက်ရှင်အသုံးအဆောင်များ




Style ကျတဲ့အမျိုးသမီးတစ်ဦးဟာ ပေါ်လွင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး ကိုင်ဆောင်တတ်ကြပါတယ်။ ဥပမာ အမိုက်စား လက်ကိုင်အိတ်ကြီးကြီးတစ်လုံး၊ဒါမှမဟုတ် မာဖလာလန်းလန်းတစ်ထည် ၊ ဖိနပ်ခပ်မိုက်မိုက်တစ်ရန် စသဖြင့် သိသာထင်ရှားတဲ့ အသုံးအဆောင်တစ်ခုခုကို သူတို့ကိုယ်မှာ ကိုင်ဆောင်ဝတ်ဆင် ထားတတ်ကြပါတယ်။


4.ဘယ်လိုတွဲစပ်ရမလဲဆိုတာ သိပါစေ




ဖက်ရှင်အတွဲအစပ်ကိုကောင်းကောင်းနားလည်ခြင်းဟာလည်း စတိုင်လ်ကျတဲ့မိန်းမသားတစ်ဦးဖြစ်ဖို့မှာ အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒီလို အတွဲအစပ်ကိုကောင်းကောင်းနားလည်ဖို့အတွက် မြန်မာအပါအဝင် နိုင်ငံတကာက ဖက်ရှင်နဲ့ပတ်သက်တဲ့ Blog တွေ ၊Websiteတွေ ၊မဂ္ဂဇင်းတွေကိုများများကြည့်ပြီးလေ့လာနေဖို့လိုပါတယ်။ ပြီးရင် ခေါင်းအစခြေအဆုံးအမှတ်တံဆိပ်တစ်ခုတည်းကိုဝတ်တာမျိုးမလုပ်ပါနဲ့။ ကျောက်ကျောအလွှာလေးတွေဟာ မတူညီတဲ့အရောင်ကွဲပြားမှူကြောင့်လှပနေရသလိုမျိုးပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်း သူ့နေရာနဲ့သူ ကွဲပြားတဲ့ အရောင် ၊ ဒီဇိုင်း ၊ အသား နဲ့ အမှတ်တံဆိပ်တွေကို ကျကျနနရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။


5.ဈေးကြီးတာဝတ်မှလှမယ်ဆိုတဲ့အချက်ကို မေ့လိုက်ပါ



ကိုယ့်ရဲ့ရွေးချယ်မှူပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့ဝင်ငွေပမာဏနဲ့ အသင့်တော်ဆုံးဖြစ်မယ့်အရာကိုဝယ်ယူတတ်ဖို့ပဲလိုတာပါ။ Branded ကြီးတွေပဲဝတ်မှမဟုတ်ပဲ သာမာန် Export quality ဆိုင်မျိုးတွေကစလို့ Shopping Center ထဲကဆိုင်တွေအထိ လှပစမတ်ကျတဲ့အဝတ်အစားအသုံးအဆောင်ရွေးချယ်စရာနေရာတွေအများကြီးရှိပါတယ်။ အဓိကကတော့ ရိုးရိုးရှင်းရှင်းနဲ့ စမတ်ကျနေတဲ့ outfit မျိုးဖြစ်ပါစေ။ ဥပမာ ရင်ဘတ်မှာ စာတန်း (သို့မဟုတ်) အပွင့်အခက်တွေပါတဲ့အဝတ်အစားမျိုးဟာ နောက်တစ်ခါထပ်ဝတ်ရင် မှတ်မိလွယ်ပေမယ့် ၊စာတန်းတွေအပွင့်အခက်တွေမပါတဲ့ ရိုးရိုးရှင်းရှင်းနဲ့ ဒီဇိုင်းလှလှအဝတ်အစားကတော့ နောက်တစ်ခါပြန်ဝတ်လည်း အရင်ဝတ်ပြီးသားကြီးပါလားလို့ ဂရုစိုက်မိဖို့ခက်ခဲတာမို့ ရိုးရှင်းတဲ့ဒီဇိုင်းကိုသာပိုမိုရွေးချယ်သင့်တာမျိုးပါ။ဒီလို ငွေကုန်ကြေးကျနည်းနည်းနဲ့ Classy ဖြစ်ဖြစ်ဝတ်စားနိုင်မယ့် နည်းလမ်းလေးတွေကိုလည်း ဒီ

Link လေးမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Photo Credit to the Rightful Owners


#အသုံးအဆောင်
#ကောင်းကောင်း
#အဝတ်အစား
#စတိုင်လ်
#ယုံကြည်ချက်

Some text some message..