အချစ်ရေးမှာ စိတ်ချင်းဆက်သွယ်မှုက ဘာ့ကြောင့် အရေးကြီးတာလဲ? ဘယ်လိုတည်ဆောက်မလဲ?
lifestylemyanmar.com
|
2020-06-05



စိတ်ခံစားမှုတွေက ကျွန်တော်တို့ကို လူသားတွေ ဖြစ်စေပါတယ်။ လူသားနှစ်ယောက် အတူတူနေထိုင်ပြီး ဆုံးဖြတ်တဲ့အခါ ဒီစိတ်ခံစားမှုတွေက ပေါင်းစည်းခြင်းကို ဖြစ်စေနိုင်သလို၊ ပေါင်းစည်းမှုကိုလည်း ပြိုကွဲစေနိုင်ပါတယ်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ဆက်စပ်မှုရှိသာ လူနှစ်ယောက်ကြား ဆက်ဆံရေးဟာ အချိန်ကာလရဲ့ စမ်းသပ်မှုကို သေချာပေါက် ခံနိုင်ရည်ရှိပါတယ်။ ဒါ့ကြောင့် ဒီစိတ်ချင်းဆက်သွယ်မှုက ဘာလဲ? စုံတွဲတွေ ဒါကို ဘယ်လိုအောင်မြင်ခဲ့သလဲ? ဒီဆောင်းပါးမှာ စုံတွဲတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ တွယ်တာမှုရဲ့ အရေးကြီးပုံနှင့် သင့်လက်တွဲဖော်နှင့်အတူ တည်ဆောက်ဖို့ နည်းလမ်းတွေအကြောင်း ပြောပြပေးချင်ပါတယ်။

စိတ်ချင်းဆက်သွယ်မှုဆိုတာ ဘာလဲ?

စိတ်ချင်းဆက်သွယ်မှုဆိုတာ သင့်လက်တွဲဖော်ကို ဘယ်သူမှ မလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြင့် နားလည်ပေး၊ ယုံကြည်ပေးတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရရင် စိတ်ချင်းဆက်သွယ်မှုဆိုတာ လူနှစ်ယောက်အကြားက သံယောဇဉ်ဖြစ်ပါတယ်။ အချင်းချင်းရဲ့ အားနည်းချက်တွေကို လက်ခံဖို့နှင့် သင့်လက်တွဲဖော်ဟာ ဒီတစ်သက်တာအတွက် တစ်ယောက်တည်းသောသူဖြစ်တယ်လို့ ယုံကြည်ရတဲ့ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။ ပျော်ရွှင်ရသည်ဖြစ်စေ၊ စိတ်ဆင်းရဲရသည်ဖြစ်စေ သင်ဟာ သူတို့နားက ဘယ်တော့မှ ထွက်ခွာသွားလိမ့်မှာ မဟုတ်ပါဘူး။




စိတ်ချင်းဆက်နွယ်မှုတစ်ခုရဖို့ လက်တွဲဖော်နှစ်ဦးစလုံးဆီမှာ အချိန်နှင့် အားစိုက်ထုတ်မှု လိုအပ်ပြီး ဒါကို ရရှိသည်နှင့် တစ်ပြိုက်နက် သင်တို့အချစ်ရေးဟာ ဘယ်မုန်တိုင်းမျိုးလာပါစေ၊ ရှင်သန်နိုင်ပါတယ်။ စုံတွဲတစ်တွဲနဲ့ တစ်တွဲက မတူနိုင်တာကြောင့် စိတ်ချင်းဆက်သွယ်မှုကလည်း တူမှာမဟုတ်ပါဘူး။ ဥပမာ –
သင်တို့နှစ်ယောက်ကြားက ရန်ပွဲဟာ တစ်ရက်ထက် ပိုမကြာပါဘူး။ ဒီရန်ပွဲကို ဘယ်သူစခဲ့တယ်ဆိုတာနှင့် မသက်ဆိုင်ဘဲ သင်ဟာ တိတ်ဆိတ်မှုကို အဆုံးသတ်စေပါတယ်။
လူတွေပြည့်နေတဲ့ အခန်းတစ်ခုထဲမှာ သင့်အိမ်ထောင်ဘက်ကို သင့် ကြည့်လိုက်ရုံနဲ့ သူဘာကို ဆိုလိုသလဲ ဆိုတာ ချက်ချင်းနားလည်ပါတယ်။

အချစ်ရေးမှာ စိတ်ချင်းဆက်သွယ်မှုက ဘာ့ကြောင့် အရေးကြီးတာလဲ?

ဒီမေးခွန်းက မီးလောင်ဖို့အတွက် လေဘာ့ကြောင့် အရေးကြီးတာလဲလို့ မေးခြင်းဖြစ်ပါတယ်။ စိတ်ချင်းဆက်သွယ်မှုက သင့်ရဲ့အချစ်ရေးကို မီးစွဲလောင်စေတဲ့ လေနှင့်တူပါတယ်။ စုံတွဲတွေဟာ စိတ်ခံစားမှုပိုင်းမှာ ချိတ်ဆက်မိတဲ့အခါ အမှောင်ဆုံးလျှို့ဝှက်ချက်တွေကနေ အနက်ရှိုင်းဆုံး အကြောက်တရားတွေအထိ အရာရာကို မျှဝေပေးပြီး ယုံကြည်မှုနှင့် သစ္စာရှိမှုကို တည်ဆောက်ပါတယ်။ စိတ်ချင်းဆက်သွယ်နေတဲ့ အချစ်ရေးကနေ သင်တို့နှစ်ယောက်စလုံး ခံစားရနိုင်တဲ့ အကျိုးကျေးဇူးတစ်ချို့ရှိပါတယ်။
တစ်ယောက်ကို တစ်ယောက်လေးစားပေးတယ်။ ။သင်ဟာ သူတို့ရဲ့အားနည်းချက်တွေကို လက်ခံပြီး ဒီအားနည်းချက်တွေ ဖြစ်ပေါ်လာတဲ့အခါ သူတို့ရဲ့ ကောင်းကွက်ကို လေးစားပေးပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှုက ရေရှည်အချစ်ရေးအတွက် အရေးပါပါတယ်၊ အကြောင်းက သင့်လက်တွဲဖော်ကို လေးစားတဲ့အခါ သူတို့ရဲ့အိမ်မက်တွေ၊ ခံစားချက်တွေနဲ့ ကြောက်ရွံ့မှုတွေကို သင် တန်ဖိုးထားမိပါတယ်။
စကားပြောဆိုမှုတွေမှာ စိတ်ဝင်စားစရာ ဖြစ်စေတယ်။ ။ လက်တွဲဖော်လည်း သူပဲ၊ အကောင်းဆုံးမိတ်ဆွေလည်း သူပဲ- ဖြစ်နိုင်ပါ့မလား? ဖြစ်နိုင်ပါတယ်။ သင်တို့မှာ စိတ်ချင်းဆက်နွယ်မှုရှိနေပြီဆိုရင် အကဲဖြတ်ခံရမှာကို ကြောက်စရာမရှိဘဲ ရယ်စရာ အကောင်းဆုံးအရာတွေကို ဟာသပြောနိုင်ပါတယ်။ ပုံမှန် လက်ဖက်ရည်သောက် စကားပြောခြင်းက သင့်ကို စိတ်လှုပ်ရှားစေပါတယ်။ သင်တို့နှစ်ယောက်စလုံးဟာ အရည်အသွေးရှိတဲ့ အချိန်ကို အတူတူ မျှသုံးဖို့ မျှောလင့်တတ်ကြပါတယ်။
ယုံကြည်မှုနှင့် လုံခြုံမှု တိုးပွားစေပါတယ်။ ။ ကလေးတစ်ယောက်ကို လေထဲမှာ မြှောက်တဲ့အခါ ဘာ့ကြောင့်ရယ်တာလဲ? ဘာလို့လဲဆိုတော့ သူတို့ကို ဖမ်းဖို့ လူတစ်ယောက်ရှိတယ်ဆိုတာ သူတို့ယုံကြည်လို့ပါပဲ။ အလားတူပဲ စိတ်ချင်းဆက်နွယ်နေတဲ့ လက်တွဲဖော်တွေဟာ သူတို့အချင်းချင်း မှီခိုအားထားနိုင်တာကို သိကြပါတယ်။ သူတို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း ရှိနေမယ်ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။
ပြောဆိုဆက်ဆံမှုက လွယ်ကူသောအလုပ်ဖြစ်လာတယ်။ ။ သင့်လက်တွဲဖော်ကို အရမ်းချစ်မြတ်နိုးနိုင်ပေမယ့် သင်ဟာ ထိုအရာကို မဖော်ပြနိုင်ရင် သူတို့ဘယ်လို သိနိုင်မှာလဲ။ စုံတွဲများစွာဟာ ချစ်ခင်တွယ်တာမှု ရှိသော်လည်း Communication မှာကျရှုံးကြပါတယ်။ သင်ဟာ သင့်လက်တွဲဖော်နှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုရှိပါက ထိုသိုဖြစ်လိမ့်မှာ မဟုတ်ပါဘူး။ တစ်ယောက်ရဲ့ လိုအပ်ချက်နှင့် မျှော်လင့်ချက်တွေကို တစ်ယောက် ခံစားရနိုင်ပါတယ်။ ထို့အပြင် သင့်လက်တွဲဖော်ကို မထိခိုက်စေဘဲ သင့်အမြင်တွေကို ဘယ်လိုတင်ပြရမလဲဆိုတာ သင်သိပါလိမ့်မယ်။
အလုံးစုံသုခချမ်းသာကို တိုးပွားစေပါတယ်။ ။ သင်ဟာ တစ်စုံတစ်ယောက်နဲ့ ရင်းနှီးသော ဆက်ဆံရေးရှိပါက သင့်ခန္ဓာကိုယ်က ‘ဆိုင်တိုဇင်’ လို့ခေါ်တဲ့ ဟော်မုန်းတစ်ခုကို ထုတ်လွှတ်ပြီး ထိုဟော်မုန်းက ယုံကြည်မှုနှင့် ချစ်ခြင်းကို တိုးပွားစေပါတယ်။ လူနှစ်ယောက်ဟာ စိတ်ချင်းဆက်နွယ်မှုရှိပါက စိုးရိမ်ပူပန်မှု ကင်းမဲ့လေ့ရှိပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဒါက အလုံးစုံသုခချမ်းသာကို တိုးတတ်စေပါတယ်။

သင့်လက်တွဲဖော်နှင့်အတူ စိတ်ချင်းဆက်သွယ်မှုကို ဘယ်လိုတည်ဆောက်မလဲ?

စိတ်ချင်းဆက်သွယ်မှုက ဒုံးပျံသိပ္ပံပညာ မဟုတ်ပါဘူး။ သင်နှင့် သင်လက်တွဲဖော်ဟာ သည်းခံခြင်းနှင့် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။ သင့်တို့နှစ်ယောက် စိတ်ချင်းချိတ်ဆက်ဖို့ နည်းလမ်းအနည်းငယ်ရှိပါတယ်။

၁။ သင့်လက်တွဲဖော်ကို ချစ်ခြင်းမေတ္တာ ခံစားစေပါ

သင့်ဘဝမှာ သူရှိနေခြင်းက သင့်အတွက် ဘယ်လောက် ကံကောင်းကြောင်း သင့်လက်တွဲဖော်ကို နားလည်စေပါ။ သင့်အိမ်ထောင်ဖက်က သင်ကြုံခဲ့ရသမျှ လူတွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့ရင် သူတို့သိအောင်ပြောပြပါ။ တကယ်လို့ စကားလုံးတွေနဲ့ အဆင်မပြေပါက သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာ ချက်ပြုတ်ပေးခြင်း ကဲ့သို့သော ချစ်ခြင်းမေတ္တာ အနည်းငယ်ပြသပါ။ ဒါက နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးသက်ရောက်စေပြီး ယုံကြည်မှု တည်ဆောက်စေခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု ဖြစ်လာပါလိမ့်မယ်။




၂။ စာနာတတ်ဖို့ ကြိုးစားပါ

စာနာမှုက စိတ်ချင်းဆက်သွယ်မှုကို တည်ဆောက်ရာမှာ အရေးပါသော အခန်းမှ ပါဝင်ပါတယ်။ သင့်အိမ်ထောင်ဖက်ရဲ့ ရှု့ထောင့်မှ မြင်ပေးနိုင်တဲ့အခါ ယူဆတာထက် ပိုနားလည်လာပါလိမ့်မယ်။ အလုပ်မှာ အရေးတကြီး တစ်ခုခုဖြစ်လာတဲ့အချိန် သင့်အိမ်ထောင်ဖက်က သင်နဲ့ ဒိတ်ထားတဲ့အစီအစဉ်ကို ဖျက်လိုက်တဲ့အခါ “သူအလုပ်မှာ ရှိနေဖို့လိုတယ်” ဆိုတဲ့ အတွေးမျိုးနဲ့ နားလည်ပေးဖို့ ဖြစ်ပါတယ်။

၃။ ကလေးဘဝအကြောင်း ပြောပြပါ

စိတ်ချင်းဆက်သွယ်မှုကို တိုးမြှင့်နိုင်တဲ့ နောက်တစ်နည်းက သင်တို့နှစ်ယောက် မတွေ့ဆုံခင်က အချိန်တွေအကြောင်းနှင့် တစ်ယောက်နဲ့ တစ်ယောက် ကလေးဘဝအကြောင်း ပြောပြတာပဲဖြစ်ပါတယ်။ သင်ဘယ်လောက်ဆိုးခဲ့ကြောင်း၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့ သင်ဘယ်လိုကြိုးစားခဲ့ရကြောင်း၊ သင်လုပ်ခဲ့တဲ့ မိုက်မဲသောအရာတွေကို သူတို့အား ပြောပြပါ။ ဒီလိုပြုလုပ်ခြင်းဖြင့် သင့်အားနည်းချက်တွေကို စစ်ဆေးဖို့ သင့်အိမ်ထောင်ဖက်ကို ဖိတ်ခေါ်ပါ။ ထို့အပြင် သင့်ရဲ့ ကလေးဘဝကို မျှဝေခြင်းဖြင့် သင်လက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို သူတို့ နားလည်ဖို့ ကူညီပါလိမ့်မယ်။




၄။ သူတို့ကို သင်ချစ်မြတ်နိုးမိခဲ့တဲ့ အချိန်ကို ပြောပြပါ

သင်ဖျားနာတဲ့အခါ သူတို့ သင့်ကို ဘယ်လိုဂရုစိုက်ပေးကြောင်း (ဒါမှမဟုတ်) သင်တို့ နှစ်ယောက်စတွေ့ချိန်က သူ့ရဲ့အပြုအမှုလေးကို ဘယ်လိုချစ်မိသွားကြောင်း ဖြစ်နိုင်ပါတယ်။ ဒီအရာက Relationship မှာ သူတို့ရဲ့ ယုံကြည်မှုကို တိုးမြှင့်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ထိုကဲ့သို့သော ရင်းနှီးတဲ့ အချိန်လေးကို မျှဝေခြင်းက တစ်သက်တာအတွက် ကြာရှည်မယ့် အမှတ်တရတွေကို ဖန်တီးပေးပါလိမ့်မယ်။

၅။ အတူတူ အချိန်ဖြုန်းပါ

စုံတွဲတွေ စိတ်ချင်းဆက်သွယ်မှုကို တိုးမြှင့်ဖို့ အတူတူအချိန်ဖြုန်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သင်ဘယ်လို လုပ်မလဲ? အခန်းထဲမှာ ထိုင်ပြီး တစ်ယောက်ကို တစ်ယောက် တစ်ရက်တည်း စိုက်ကြည့်လို့ မရပါဘူး။ သင်တို့နှစ်ယောက်စလုံး စိတ်ဝင်စားတဲ့ activities တွေကို စီစဉ်ပြီး လုပ်ပါ။




ဥပမာ- ခရီးသွားလိုပါက အားလပ်ရက်ကို နှစ်ယောက်စလုံးအတွက် စီစဉ်ပါ။ အိမ်သန့်ရှင်းရေး နှင့် ဥယျာဉ်စိုက်ပျိုးခြင်းကို အတူတကွ လုပ်တာမျိုးစတဲ့ သာမန်အရာလေးတွေက သင့်တို့နှစ်ယောက်ကို ပိုမိုနီးကပ်စေနိုင်ပါတယ်။

သင့်လက်တွဲဖော်ကို အမှန်တကယ်ချစ်ရင် သင့်တို့အချစ်ရေးမှာ ကြည်နူးဖွယ်ရာတွေကို ပြန်လည်ရှင်သန်ဖို့ ဘယ်တော့မှ နောက်မကျလွန်းပါဘူး။

Lifestyle_Myanmar
LM_Nandar


Source-momjunction


#စိတ်ချင်းဆက်သွယ်မှု
#စိတ်ခံစားမှု
#အိမ်ထောင်ဖက်
#စုံတွဲ
#ယုံကြည်မှု

Some text some message..