စိတ်ပိုင်းဆိုင်ရာနှင့် ကာယပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက အပျို/လူပျိုဖော်ဝင်ချိန်မှာ ဖြစ်လေ့ရှိပါတယ်။ ကလေးတွေဟာ အပျို/လူပျိုဖော်ဝင်ကာလအတွင်းမှာ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို မတူညီသော နည်းလမ်းများဖြင့် ဖော်ပြကြပါတယ်။ အများအားဖြင့် အမူအကျင့်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ကိုင်တွယ်ဖို့ ဆယ်ကျော်သက်တွေအတွက် မလွယ်ကူသလို မိဘတွေအတွက်လည်း မလွယ်ကူပါဘူး။ ဆယ်ကျော်သက်တွေဟာ အခြေအနေတွေကို တုန့်ပြန်ဖို့ နည်းလမ်းများစွာ ရှိနိုင်ပြီး ၎င်းတို့ထဲမှ အချို့က သူတို့ရဲ့ပုံမှန်အပြုအမှုနှင့် သိသိသာသာ ခြားနားမှုရှိပါတယ်။
ဒီဆောင်းပါးမှာ အပျိုဖော်/လူပျိုဖော်ဝင်ချိန်အတွင်း ဆယ်ကျော်သက်လေးတွေ ကြုံတွေ့ရတဲ့ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုအမျိုးမျိုးနှင့် ဒါကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
အပျို/လူပျိုဖော်ဝင်ချိန်အတွင်းမှာ ဘာ့ကြောင့် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ ဖြစ်ပေါ်ရတာလဲ?
အပျို/လူပျိုဖော်ဝင်ခြင်းက ကလေးငယ်တစ်ယောက်ဟာ လိင်ပိုင်းဆိုင်ရာ ရင့်ကျက်သော အရွယ်ရောက်သူတစ်ယောက်အဖြစ် ဖွံ့ဖြိုးလာပါတယ်။ မြီးကောင်ပေါက်အရွယ်ကို စိတ်ပိုင်းဆိုင်ရာ ရိုလာကိုစတာစီးခြင်းအဖြစ် ဖော်ပြနိုင်ပါတယ်။
အပျို/လူပျိုဖော်ဝင်ချိန်မှာ ဟော်မုန်းထုတ်လုပ်မှုတိုးလာခြင်းကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပေါ်လာပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေက လိင်အင်္ဂါတွေ၊ ဦးနှောက်၊ အရိုးတွေ၊ အရေပြားရဲ့ လည်ပတ်မှုနှင့် ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတတ်မှုပေါ် တိုက်ရိုက်သက်ရောက်ပါတယ်။ libido လှုံ့ဆော်မှုကြောင့်လည်း ပျိုဖော်ဝင်ချိန်အတွင်းမှာ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။
မိန်းကလေးတွေဟာ အသက်၁၀နှစ်မှ ၁၁နှစ်ဝန်းကျင်မှာ အပျိုဖော်ဝင်ပြီး ယောက်ျားလေးတွေဟာ ၁၁နှစ် ၁၂နှစ်လောက်မှာ လူပျိုဖော်ဝင်ပါတယ်။ သို့သော် ယောက်ျားလေးနှင့် မိန်းကလေးတွေဟာ ပျိုဖော်ဝင်ချိန်စောခြင်း (သို့) နောက်ကျခြင်း ဖြစ်နိုင်ပါတယ်။ ဒါက သူတို့ရဲ့အပြုအမှုနှင့် လူမှုရေးအရ အပြန်အလှန်ဆက်ဆံပုံကို ပြောင်းလဲစေပါတယ်။
ဇီဝဗေဒဆိုင်ရာ (သို့) ခန္ဓာကိုယ်ပြောင်းလဲမှုဟာ အမျိုးသားနှင့် အမျိုးသမီးတွေအတွက် ကွဲပြားသော်လည်း စိတ်ပိုင်းဆိုင်ရာနှင့် သိမြင်မှုဆိုင်ရာ အပြောင်းအလဲတွေမှာ တူညီပါတယ်။ ဒီပြောင်းလဲမှုတွေက ဆယ်ကျော်သက် ယောက်ျားလေးနှင့် မိန်းကလေးတွေ ကြုံတွေ့ရသော စိတ်အပြောင်းအလဲများကို ဖြစ်ပေါ်စေပါတယ်။ ခံစားချက်တွေအပြင် ကလေးတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာနှင့် စိတ်လှုပ်ရှားမှုကို လွှမ်းမိုးသော ဟော်မုန်းတွေကြောင့် သူတို့ကြုံတွေ့နေရတဲ့ အရာတွေမှာ မေးခွန်းတွေနဲ့ သံသယများစွာရှိပါတယ်။
ဒီအချိန်မှာ သူတို့ဟာ အထိခိုက်လွယ်ဆုံးသူတွေဖြစ်ပြီး မိဘတွေနဲ့ အုပ်ထိန်းသူတွေဆီက သူတို့ရရှိတဲ့ အကူအညီနှင့် လမ်းညွှန်မှုအားလုံးကို လိုအပ်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ထိုကာလအတွင်းမှာ ‘ကိုယ့်ကလေး ဘာတွေကြုံတွေ့နေရတယ်၊ သူ့ကို ဘယ်လိုကူညီနိုင်မလဲ’ဆိုတာ နားလည်ခြင်းဖြင့် ကလေးအတွက် ပျိုဖော်ဝင်အရွယ်ကို ပိုမိုပျော်ရွင်စေပြီး စိတ်ဖိစီးမှု နည်းစေနိုင်ပါတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲများ
ပျိုဖော်ဝင်ခြင်းအစက ခန္ဓာကိုယ်အတွင်းရှိ secondary sexual organ တွေ ဖွံ့ဖြိုးမှုကို အစပျိုးပေးပါတယ်။ မိန်းကလေးတွေမှာ ရင်တွေ တင်တွေဖွံ့ဖြိုးလာမယ်။ ယောက်ျားလေးတွေမှာ အသံပြောင်းလာတာ၊ လည်စိ တွေကြီးလာတာ၊ မျက်နှာအမွှေးအမျှင်ပေါက်လာတာတို့ဖြစ်ပါတယ်။
၁။ ယောက်ျားလေးတွေနှင့် မိန်းကလေးတွေဟာ ကိုယ်အလေးချိန် တတ်လာပြီး ပခုံးကျယ်လာ၊ ကြွက်သားတွေ သန်မာလာပါတယ်။
၂။ မိန်းကလေးတွေမှာ ရာသီစလာပြီး pubic hair ပေါက်လာပါတယ်။ ယောက်ျားလေးတွေမှာ penis နှင့် testicles ဖွံ့ဖြိုးမှု ဖြစ်လာပါတယ်။
၃။ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ပျိုဖော်ဝင်စဉ်အတွင်း ဖြစ်ပေါ်လာတဲ့ အထင်ရှားဆုံး ဇီဝပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။
၄။ ဝက်ခြံထွက်တာကလည်း ဆယ်ကျော်သက်တွေ အပျို/လူပျိုဖော်ဝင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
၅။ လိင်ပိုင်းဆိုင်ရာ စောစော ရင့်ကျက်မှုကလည်း ကလေးတွေကို ကျောင်းမှာ အလှောင်ခံရတာ၊ အနိုင်ကျင့်ခံရတာကို ဖြစ်စေနိုင်ပါတယ်။
၆။ ကိုယ်ခန္ဓာပြောင်းလဲမှုက ကလေးတစ်ယောက်အတွက် ကြောက်စရာ၊ စိတ်ရှုပ်စရာဖြစ်နိုင်ပါတယ်။ သူတို့ဘာဖြစ်နေတယ်ဆိုတာ မသိပါက ပိုဆိုးနိုင်ပါတယ်။ အသိပညာနည်းပါးခြင်းက သူတို့မှာ တစ်စုံတစ်ရာ မှားယွင်းနေတယ်လို့ ထင်မြင်စေနိုင်ပြီး သူတို့ကို ရှက်စရာဖြစ်စေနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ?
မိဘတွေအနေနဲ့ အပျို/လူပျိုဖော်ဝင်ချိန်နီးလာတာနှင့်မျှ ဒီအပြောင်းအလဲတွေအကြောင်း ကလေးအား ပြောပြထားဖို့ လိုပါတယ်။ သူတို့ အသက်အရွယ်အလိုက် စာအုပ်တွေပေးခြင်းက စကားပြောခြင်းအတွက် ကောင်းမွန်သော ဖြည့်စွက်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အပြောင်းအလဲတွေ အကြောင်းကို လေ့လာစူးစမ်းဖို့နှင့် လေ့လာသင်ယူဖို့ အခွင့်အရေးပေးပါ။ မေးခွန်းတွေမေးဖို့နှင့် ကြောက်စိတ်တွေကို ဆွေးနွေးဖို့ သူတို့ကို အားပေးပါ။ လိင်အပြောင်းအလဲနှင့် ခံစားချက်တွေအကြောင်း ပြောဆိုခြင်းက ခက်ခဲပြီး သင့်ကလေးအတွက် အဆင်မပြေရင် မိဘအနေနဲ့ ပြောဆိုမှုကို အဆင်ပြေစေရန် ပြုလုပ်ရမယ့်တာဝန်ရှိပါတယ်။
၂။ စိတ်အပြောင်းအလဲများ -စိတ်ခံစားမှု မြှင့်တတ်လာခြင်း၊ ငိုခြင်းနှင့် ရန်လိုခြင်း
စိတ်အပြောင်းအလဲမြန်ခြင်းက ဆယ်ကျော်သက်တွေအကြား အဖြစ်များပါတယ်။ စိတ်ခံစားချက်တွေမှာ သိမ်မွေ့သော ပြောင်းလဲမှုတွေက သူတို့ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းအပြောင်းအလဲများကြောင့် ဖြစ်ပါတယ်။
အပျို/လူပျိုဖော်ဝင်ချိန်ဟာ သစ်ရွက်လှုပ်တိုင်း ရီတတ်၊ ငိုတတ်တဲ့အချိန်ပါ။ သူတို့ဟာ စိတ်ခံစားလွယ်တယ်၊ စိတ်တိုလွယ်တယ်၊ စိတ်လှုပ်ရှားလွယ်ပါတယ်။ ရီစရာကောင်းတဲ့ ပြဿနာပေါ်မှာလည်း နာရီပေါင်းများစွာ ငိုနိုင်ပါတယ်။ ဒေါသက ဆယ်ကျော်သက်တွေမှာအရမ်းပြင်းထန်တဲ့ ခံစားချက်ဖြစ်ပါတယ်။ တစ်ခါတလေ သူတို့ သင့်ကိုမုန်းသလို ခံစားရနိုင်ပါတယ်။ အချိုတိုအတွင်း စိတ်ခံစားမှုအမျိုးမျိုးကို ကြုံတွေ့ရခြင်းက အလွန်စိတ်ရှုပ်ထွေးနိုင်ပါတယ်။ ဒီစိတ်ရှုပ်ထွေးမှုတွေက ဒေါသကိုဖြစ်ပေါ်စေပါတယ်။
ဘယ်လိုဖြေရှင်းမလဲ?
ကျန်းမာသော ဘဝကိုပိုင်ဆိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု လိုအပ်ပါတယ်။ ကျွန်မတို့ဟာ emotional intelligence ဖြင့်မွေးဖွားလာတာ မဟုတ်ပါဘူး။ မိဘတစ်ယောက်အနေနဲ့ သူတို့ရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ကူညီရမယ့် တာဝန်ရှိပါတယ်။
ဒီစိတ်အပြောင်းအလဲတွေကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းက အေးအေးဆေးဆေး နားထောင်ပေးခြင်းနှင့် ဆန့်ကျင်ဘက်တုံ့ပြန်မှုနှင့် တူညီတဲ့ တုံ့ပြန်မှုမရှိဖို့ ဖြစ်ပါတယ်။ သင့်ကလေးက သင့်ကိုလက်ညှိုးထိုးမယ်ဆိုရင် ပြန်မထိုးပါနဲ့ ၊ သူတို့အဲ့လိုဘာ့ကြောင့် ပြုမှုသလဲဆိုတာ ခဏလောက်စဉ်းစားပါ။ ကလေးအား စိတ်အေးအေးထားဖို့ အချိန်ပေးပါ။ သူတို့ စိတ်ရှုပ်ထွေးမှုတွေ ခံစားနေရရင် မိဘနှင့် စကားပြောနိင်တယ်ဆိုတာ သူတို့ကို အသိပေးပါ။
၃။ ပေါင်းသင်းဆက်ဆံရေး အပြောင်းအလဲများ
Relationships ဒိုင်းနမစ်က အပျို/လူပျိုဖော်ဝင်ပြီးနောက် မကြာမီမှာ ပြောင်းလဲသွားပါတယ်။ သင့်ကလေးဟာ မိဘထက် ရွယ်တူချင်းတွေကို အချိန်ပိုပေးနိုင်ပါတယ်။ လူကြားထဲမှာ မိဘတွေနှင့်အတူ တွေ့ခံရဖို့တောင် သူတို့ ရှက်မိနိုင်ပါတယ်။ သူငယ်ချင်းတွေက မိသားစုထက် ပိုအရေးကြီးပုံထင်ရပါလိမ့်မယ်။ ဒီအပြုအမှုက ပုံမှန်ပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်တစ်ယောက်အတွက် သူငယ်ချင်းနှင့် မိဘနှစ်ဦးစလုံးက အရေးကြီးပါတယ်။ မိဘတွေရဲ့ လမ်းညွှန်မှု၊ ပံ့ပိုးမှုတွေနှင့်အတူ ရွယ်တူချင်းတွေရဲ့ လက်ခံမှုကို လိုချင်ကြပါတယ်။ ဥပမာ- မိဘကိုရွေးမှာလား၊ သူငယ်ချင်းအပေါင်းအသင်းကို ရွေးမှာလားလို့ သွားမပြောပါနဲ့၊ ဒါက သူတို့ကို စိတ်ဖိစီးမှု တိုးစေပြီး မိဘတွေကို သူတို့အား ထိန်းချုပ်လိုတဲ့ လူကြမ်းအဖြစ်တောင် မြင်လာစေပါတယ်။ နောက်ဆုံးမှာ မိဘတွေ ပြောတဲ့၊ လုပ်တဲ့အရာတွေကို စတင်ပြီး ငြင်းပယ်တာ၊ မေးခွန်းထုတ်တာ လုပ်လာနိုင်ပါတယ်။
ဘယ်လိုဖြေရှင်းမလဲ?
မြီးကောင်ပေါက်အရွယ်က လူကြီးတွေ လုပ်စေချင်တဲ့အတိုင်း လုပ်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ အပြုအမှုဟာ တစ်ခါတစ်ရံမှာ ရိုသေလေးစားမှုမရှိပုံ ရနိုင်ပါတယ်။ ဆယ်ကျော်သက်တွေဟာ လွတ်လွတ်လပ်လပ်နဲ့ ရင့်ကျက်မှု ရှိရှိ/မရှိရှိ ဆုံးဖြတ်ချက်တွေကို ချချင်ပုံရပါတယ်။
သူတို့ရဲ့ လွတ်လပ်မှုကို လုံးဝငြင်းပယ်မယ့်အစား မိဘက ထိန်းချုပ်နိုင်တဲ့ ပူးပေါင်းဆက်ဆံရေးမျိုးကို ဖန်တီးပါ။ သူတို့က ကလေးတွေ မဟုတ်တော့ကြောင်းနှင့် တာဝန်ယူမှုအကြောင်း သင်ကြားပေးပါ။ သူတို့သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါစေ၊ သို့သော် မကောင်းတဲ့ လမ်းကြောင်းကို မရောက်စေဖို့ သူတို့ရဲ့လှုပ်ရှားမှုတွေကို ကြီးကြပ်ပါ။
Chit_MayMay
LM_Nandar
Source-momjunction