မနဲ့မောင်ဆိုတဲ့ဇာတ်လမ်းလေးက သီချင်းလုပ်ပြီးဆိုလို့လည်းကောင်း၊ ပျော်စရာအမှတ်တရတွေလည်း အများကြီးရှိနိုင်မယ်လို့ အားလုံးကလွယ်လင့်တကူယူဆထားကြပေမယ့် ဘယ်လိုကိစ္စမျိုးမှာမဆို ကောင်းကျိုး၊ ဆိုးကျိုးဆိုတာက ဒွန်တွဲပြီးရှိနေတယ်ဆိုတာကိုတော့ သတိထားရမှာပါ။ အဲ့ဒါကြောင့်လည်း ဒီနေ့မှာတော့ မောင်လေးတွေနဲ့ချစ်ကြည်နူးဖို့ ပြင်ဆင်နေတဲ့၊ ချစ်ဇာတ်လမ်းတွေရေးဖွဲ့နေတဲ့ မမများအတွက် ကောင်းကွက်၊ ဆိုးကွက်တွေနဲ့သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ အပြောင်းအလဲများကို လက်ခံနိုင်ပါစေ။
ကိုယ်က (၂) နှစ်၊ (၃) နှစ်လောက်ပဲအသက်ပိုကြီးတာ ပြဿနာကြီးကြီးမားမားမရှိနိုင်ပေမယ့် အဲ့ဒီထက်အသက်ပိုကြီးသွားပြီဆိုရင်တော့ တခြားစဉ်းစားစရာလေးတွေရှိလာနိုင်ပါတယ်။ ကိုယ့်ရဲ့မောင်လေးက ကိုယ့်ရဲ့နိမ့်မြင့်တက်ကျအနေအထားတွေကို နားလည်လက်ခံနိုင်ရဲ့လားဆိုတဲ့အချက်က အရေးပါတဲ့နေရာမှာရှိလာခဲ့ပြီး ဒီအချက်တွေကပဲ ကိုယ့်ရဲ့ဘဝလက်တွဲဖော်အဖြစ် ရှေ့ဆက်လို့ရ၊ မရဆိုတာကို အဆုံးအဖြတ်ပေးလာပါလိမ့်မယ်။
၂။ လိင်မှုကိစ္စ။
အချက်အလက်တွေအရ အမျိုးသားတွေဟာ သူတို့ရဲ့ အသက် (၂၀) ကျော်ကာလတွေမှာ လိင်မှုကိစ္စကို အပြည့်အဝခံစားနိုင်ကြပြီး အမျိုးသမီးတွေကတော့ အသက် (၃၀) နဲ့ (၄၀) အရွယ်ကြားမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို အပြည့်အဝခံစားနိုင်တယ်လို့ဆိုပါတယ်။ ဒါကတော့ မမနဲ့မောင်လေးဆက်ဆံရေးတွေအတွက် ကောင်းမွန်တဲ့အချက်လို့ဆိုနိုင်ပြီး မောင်လေးအရွယ်တွေဟာ လိင်ကိစ္စတွေမှာ ခွန်အားပိုမိုကောင်းမွန်ပြီး အရာရာတိုင်းကို ကြိုးစားကြည့်လိုစိတ်ရှိကြတယ်လို့ ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုထားပါတယ်။
၃။ သာယာလှပတဲ့နေရာတွေကို ခရီးထွက်နိုင်မယ်။
မောင်လေးတွေနဲ့တွဲမယ်ဆို ရိုမန်တစ်ဆန်တဲ့ညစာတွေ၊ ဂန္တဝင်တေးဂီတပွဲတွေမှာ အချိန်ဖြုန်းဖို့ ခက်ခဲနိုင်ပေမယ့် ထူးခြားလှပတဲ့နေရာတွေကို စွန့်စားမှုအပြည့်နဲ့ ခရီးထွက်ခွင့်ရမှာတော့ အသေအချာပါပဲ။ မောင်လေးတွေဟာ လိင်မှုကိစ္စမှာတင်မကဘဲ ပြင်ပလူနေထိုင်မှုဘဝမှာပါ စွန့်စားမှုအပြည့်နဲ့သွားလာနေထိုင်လိုကြတာကြောင့် အလုပ်တာဝန်တွေနဲ့ ဖိစီးနေမယ့်မမတွေအတွက် အပန်းပြေမယ့်လှပတဲ့နေရာတွေကို ခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။
၄။ ဝန်ထုပ်ဝန်ပိုးမဖြစ်ကြဘူး။
ယောက်ျားလေးတွေဟာ သူတို့ရဲ့ ရည်းစားဟောင်းတွေအကြောင်းကို လက်ရှိလက်တွဲဖော်ဆီ ပေါ့ပေါ့ပါးပါး ပြန်လည်ပြောဆိုချင်ကြပြီး သူတို့ထက်အသက်ကြီးတဲ့ မမတွေနဲ့တွဲနေရင်တော့ ဒီအကြောင်းတွေကို ပေါ့ပေါ့ပါးပါး ပြေြာပတတ်ကြတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ ဒါ့အပြင် မောင်လေးတွေဟာ relationship ကိစ္စတွေမှာ အတွေ့အကြုံနည်းပါးတာကြောင့် မမတွေအပေါ် ပိုပြီးပွင့်ပွင့်လင်းလင်းဆက်ဆံတတ်ကြတယ်လို့လည်းဆိုကြပေမယ့် ဒီလိုမျိုး အတွေ့အကြုံနည်းပါးတဲ့အချက်က မမနဲ့ပြဿနာဖြစ်တဲ့အချိန်တွေမှာ ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကို ကောင်းကောင်းမသိသေးတာကလည်း ဆိုးကျိုးတစ်ခုလို့ပဲဆိုရမှာပါ။
၅။ နေထိုင်မှုပုံစံကွဲပြားနိုင်တာကို သတိပြုပါ။
တည်ငြိမ်တဲ့မမတွေနဲ့ ခေတ်ရှေ့ပြေးနေတဲ့မောင်လေးတို့အကြား အမြဲတမ်းကြုံနေကျ ပြဿနာတစ်ရပ်ပါပဲ။ မမတွေက ဘဝရှေ့ရေးအတွက်ပဲရှေးရှုပြီး အလုပ်တွေကြိုးစားနေချိန်မှာ ကျောင်းတက်နေဆဲမောင်လေးတွေကတော့ ကျောင်းတက်မယ်၊ ကျောင်းဆင်းရင် ဂိမ်းဆိုင်သွားမယ်၊ ညဆိုကလပ်တက်မယ်၊ သောက်စားပျော်ပါးမယ်ဆိုတဲ့အချက်က မမနဲ့မောင်လေးတွေကြားမှာ အမြဲတမ်းကြုံတွေ့နေရမယ့် ပြဿနာလို့ဆိုရမှာပါ။
၆။ ရေရှည်အတွက် မစဉ်းစားတတ်ကြဘူး။
ဒါကတော့ ကိုယ့်ထက်အသက်ငယ်သူနဲ့တွဲတိုင်း မမတွေတင်မကဘဲ ကိုကိုတွေပါ ဒီပြဿနာနဲ့ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့် အသက်အရွယ်တစ်ခု၊ အချိန်တစ်ခုရောက်လာမယ်ဆိုရင် ရင့်ကျက်မှုတွေနဲ့အတူ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပြီး အဲ့ဒီမတိုင်ခင်ကြားကာလကိုတော့ ကောင်းကောင်းဖြတ်ကျော်နိုင်ဖို့ လိုအပ်ပါတယ်။
၇။ အိမ်ထောင်မှုဘဝတည်ဆောက်ခြင်း။
ဆေးပညာသဘောတရားအရ အမျိုးသမီးတွေဟာ အသက် (၂၅) နှစ်ဝန်းကျင်ကနေ အသက် (၃၀) အစောပိုင်းအထိ ကိုယ်ဝန်ဆောင်လို့ အကောင်းဆုံးအချိန်ကာလလို့ဆိုနိုင်ပြီး မောင်လေးနဲ့ တစ်အိုးတစ်အိမ်တည်ထောင်ထားတဲ့ မမတွေအတွက် သတိထားစရာတစ်ခုပါ။ ကိုယ့်ရဲ့ခင်ပွန်းမောင်လေးက ရင်သွေးရမယ့်အချိန်အထိ မရင့်ကျက်သေးဘူးဆိုရင်တော့ ကိုယ့်ကလေးအပြင် မောင်လေးကိုပါ ကလေးထိန်းသလို ထိန်းရမယ့်အနေအထားမျိုးတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။
၈။ ဘဏ္ဍာရေးအနေအထား။
မမနဲ့မောင်လေးအတွဲမှာ များသောအားဖြင့် မမတွေက ပိုက်ဆံပိုရှာနိုင်ကြပါတယ်။ မောင်လေးတွေထဲမှာ ပိုက်ဆံပိုရှာနိုင်တဲ့သူတွေလည်းရှိတတ်ပေမယ့် အနည်းစုပါပဲ။ ဒါဆိုရင် အချိန်ကြာလာတာနဲ့အမျှ မမတွေဘက်က Sugar Mommy တွေလို ပုံစံမျိုးတွေဖြစ်လာနိုင်ပြီး မာနကြီးတဲ့မောင်လေးတွေနဲ့သာဆိုရင် အချိန်ကြာလာတာနဲ့အမျှ relationship မှာ အဖုအထစ်တွေဖြစ်လာနိုင်ပါတယ်။ ဒီကြားထဲ မောင်လေးဘက်က ပိုက်ဆံမရှာနိုင်ဘူး၊ အနာဂတ်ရည်မှန်းချက် အတည်တကျမရှိဘူးဆိုရင်တော့ မမဘက်ကလည်း အကြီးအကျယ်စိတ်ပျက်လာနိုင်ပါတယ်။
#HM
#LifeStyleMyanmar
Source: SHAPE