ချစ်သူနှစ်ဦးကြား နားလည်မှုလွဲမှားစေတဲ့ အချက်အလက်များ
lifestylemyanmar.com
|
2020-07-07


ယောက်ျားလေးနဲ့ မိန်းခလေး တယောက်နဲ့တယောက် တူညီတဲ့စကားတခုကို ပြောပေမယ့် အချင်းချင်းကြားနားလည်မှုကတော့
မတူညီကြပါဘူး။ တဦးချင်းကပြောဆိုတဲ့ စကားစုတွေဟာ အနက်အဓိပ္ပါယ်တူညီပေမယ့် သက်ရောက်မှုနဲ့ နားလည်မှုတွေက
ကွာခြားမှုရှိတယ်လို့ လေ့လာမှုတခုအရသိရပါတယ်။ ဒါကြောင့်မို့ တခါတရံ စကားအထအနကောက်ပြီး ငြင်းခုံရန်ဖြစ်တာမျိုး၊
ဒေါသထွက်ရတာမျိုးတွေ ဖြစ်ပေါ်ရတာဘဲဖြစ်ပါတယ်။ ဒီလိုမျိုးအဖြစ်တွေကနေ ချစ်သူနှစ်ဦးကြား စိတ်ဝမ်းကွဲပြားမှုတွေများပြားလာပြီး လမ်းခွဲပြတ်ဆဲလိုက်တဲ့ အဖြစ်မျိုးတွေမဖြစ်ပေါ်ရစေဖို့ ချစ်သူနှစ်ဦးကြား သိထားသင့်တဲ့ နားလည်မှုလမ်းကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။




မိန်းခလေးအများစုသည် မိမိရဲ့ အိမ်ထောင်ဖက်(သို့) ချစ်သူကောင်လေးရဲ့ မက်ဆေ့ခ်ျတွေ၊ အီးမေးလ်တွေကို ဖွင့်ဖတ်တတ်ကြပါတယ်။ အဲဒီလိုဖတ်နိုင်ခွင့်ရှိတယ်လို့လည်း ယူဆထားကြပါတယ်။ မှန်သင့်သလောက်မှန်ပေမယ့် အဲဒီလိုအမြဲလုပ်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့အိမ်ထောင်ဘက် (သို့) ချစ်သူရည်းစားကို မယုံကြည်နိုင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်နေပါတယ်။ တယောက်နဲ့တယောက်ယုံကြည်နိုင်မှုမရှိဘူးဆိုရင်၊ နားလည်မှုမပေးနိုင်ဘူးဆိုရင် ဆက်ဆံရေးတခုက ဘယ်လိုမှရေရှည်တည်တံ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ မိန်းခလေးတွေအနေနဲ့ ကိုယ့်ရဲ့ချစ်သူရည်းစား(သို့) အိမ်ထောင်ဘက်က ပုံမှန်မဟုတ်တဲ့အနေအထားမျိုးတွေ ပြုလုပ်နေတယ်လို့ မခံစားရချိန်ထိ သူရဲ့ အီးမေးလ်တွေ၊ မက်ဆေ့ခ်ျတွေကို ဖွင့်မဖတ်သင့်ပါဘူး။ နားလည်မှုရှိရှိ ယုံကြည်ပေးဖို့လိုအပ်ပါတယ်။




ယောက်ျားလေးတော်တော်များများက နားပူတာတွေ၊ စကားကြောရှည်တာတွေကို မကြိုက်ကြပါဘူး။ ဒါပေမယ့် မိန်းခလေးတော်တော်များများကတော့ ဘာရယ်မဟုတ်ပေမယ့်လည်း စကားတွေပြောတတ်ကြပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်လွယ်လွယ်ကူကူချနိုင်တဲ့ ကိစ္စမျိုးတွေကိုလည်း ကိုယ့်ရဲ့ ချစ်သူယောက်ျားလေးတွေကို တိုင်ပင်တတ်ကြပါတယ်။ ဒါဟာ သူတို့အတွက် အဖြေမရှာနိုင်လို့၊ ဆုံးဖြတ်ချက်မချနိုင်လို့မဟုတ်ဘဲ ကိုယ့်ရဲ့ချစ်သူရည်းစားနဲ့ ပိုပြီးနွေးထွေးကြင်နာမှုတွေကို ရလိုတဲ့အတွက်ဘဲဖြစ်ပါတယ်။ ဒီလိုမျိုးပြောဆိုတာမျိုးကိုလည်း ယောက်ျားလေးတွေဘက်က နားပူတယ်၊ စကားကြောရှည်တယ်လို့ မသတ်မှတ်ဘဲ နားလည်မှုပေးသင့်/ပေးရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အပေါ်အလေးအနက်မထားတဲ့ မိန်းခလေးတယောက်က ဒီလိုမျိုး တီတီတာတာစကားမျိုးတွေကို ပြောဆိုနေမှာမဟုတ်ဘဲ သူတို့ရဲ့ လိုအင်ဆန္ဒမျိုးကိုသာ တိုက်ရိုက်တောင်းဆိုတတ်ကြတဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။




ယောက်ျားလေးအများစုသည် သူတို့ဘာသာ သတ်မှတ်ထားတဲ့ ပြဿနာတခုခုကို ရင်ဆိုင်မဖြေရှင်းရချိန်အထိ သွေးအေးစွာနေတတ်ကြပါတယ်။ သူတို့တန်ဖိုးထားတဲ့သူ၊ ချစ်မြတ်နိုးတဲ့သူတွေကို ထိခိုက်လာပြီဆိုရင်တော့ သူတို့ရဲ့အစွမ်းအစတွေကိုထုတ်ပြပြီး သူတို့ရဲ့တန်ဖိုးထားမှုတွေကိုပြသတတ်ကြပါတယ်။ ဒါပေမယ့် မိန်းခလေးတွေက သူတို့အတွက် ပြဿနာလို့ယူဆရတဲ့ အချို့သောကိစ္စမျိုးကို ဖွင့်ဟပြောဆိုတဲ့အခါ ယောက်ျားလေးဘက်က တုံးဏိဘာဝေနေတယ်၊ သူ့အပေါ်ဂရုစိုက်မှုမရှိဘူးလို့အထင်အမြင်လွဲတတ်ကြပါတယ်။ အမှန်တော့ ဒီလိုမဟုတ်ဘဲ ပြဿနာကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာမျိုးကို မတူညီတဲ့ ရှုထောင့်ကနေကြည့်ပြီး စဉ်းစားနေလို့ဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မိန်းခလေးတွေအနေနဲ့ တခါတရံမျိုးမှာ ယောက်ျားလေးတွေ နှုတ်ပိတ်နေတာမျိုးကို နားလည်ပေးဖို့လိုအပ်ပါတယ်။




ယောက်ျားလေးတွေဟာ သူတို့ချစ်တဲ့မိန်းခလေးတယောက်ရဲ့ စွန့်ပစ်ခံရမှာကို ကြောက်လန့်ကြပါတယ်။ ဒါကြောင့်မို့ သူတို့ဖုန်းဆက်တဲ့အခါ၊ စာပို့တဲ့အခါ ဖုန်းဖြေဆိုခြင်း၊ စာမပြန်ခြင်းများပြုလုပ်ပါက သူတို့ကိုမချစ်တော့လို့ တမင်ဖုန်းမကိုင်ဘဲ၊ စာမပြန်ဘဲနေတယ်လို့ယူဆတတ်ကြပါတယ်။ အခြားသောယောက်ျားလေးတယောက်နဲ့ ဖုန်းပြောနေခြင်း၊ စာပို့နေခြင်း အစရှိတာတွေကိုပြုလုပ်နေတယ်လို့လည်း မိန်းခလေးတွေကိုအထင်အမြင်လွဲမှားတတ်ကြပါတယ်။ ချစ်လွန်းလို့ သဝန်တိုတယ်ဆိုပေမယ့်လည်း ဘယ်သူမဆို လိုတာထက်ပိုတဲ့ သံသယတွေကို မနှစ်သက်ကြပါဘူး။ ဒါကြောင့်မို့ ယောက်ျားလေးတွေဘက်ကလည်း အခြေအမြစ်မရှိတဲ့ သံသယတွေနဲ့ မိန်းခလေးတွေကို စွပ်စွဲပုတ်ခတ်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။



များသောအားဖြင့် ယောက်ျားလေးတွေဟာ သူတို့ရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို မြိုသိပ်ထားတတ်ကြပါတယ်။ ဖွင့်ဟဝန်ခံပြောဆိုရတာမျိုးကိုလည်း မနှစ်သက်ကြပါဘူး။ ဒီတော့ သူတို့ရဲ့ စိတ်ထွက်ပေါက်တခုအဖြစ် သူငယ်ချင်း
အပေါင်းအသင်းတွေနဲ့ တွေ့ပြီး တခါတရံမျိုးမှာ သောက်တတ်စားတတ်ကြပါတယ်။ သူ့အခက်အခဲ ကိုယ့်အခက်အခဲအကြောင်းပြောဆိုတိုင်ပင်ကြပါတယ်။ ဒါပေမယ့် မိန်းခလေးတွေကတော့ ဒီလိုလုပ်တာဟာ သက်သက်အပျော်ရှာတယ်၊ လမ်းများတယ်လို့သာ ထင်မြင်တတ်ကြပြီး နားလည်မပေးတတ်ကြပါဘူး။ ဒါကြောင့် ပြဿနာရှာ၊ စကားနာထိုးတာမျိုးတွေလုပ်တတ်ကြပါတယ်။ ဒီလိုပြဿနာရှာ စကားနာထိုးတာတွေဟာ ယောက်ျားလေးတွေရဲ့ စိတ်ကို ပိုရှုပ်ထွေးစေပြီး သူတို့ချစ်ရတဲ့သူကတောင် သူတို့အပေါ်နားမလည်နိုင်ပါလားဆိုတဲ့ ဝမ်းနည်းမှုမျိုးကို ခံစားသွားရစေပါတယ်။ ပိုပြီးတော့ စိတ်ဓါတ်ကျဆင်းမှုတွေဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့်မို့ မိန်းခလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူကို တင်းတင်းကြပ်ကြပ်ကြီး ချုပ်ကိုင်မထားဖို့နဲ့ သူတို့ရဲ့ စိတ်ထဲဘာတွေခံစားနေရတာလည်းဆိုတာမျိုးကို သိနားလည်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါမှသာ တယောက်နဲ့တယောက် အတိုက်အခိုက်မရှိဘဲ ရေရှည်တည်တံ့ခိုင်မြဲနိုင်တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်မှာဘဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- Brightside


#ယောက်ျားလေး
#နားလည်မှု
#ချစ်သူ
#အိမ်ထောင်ဘက်
#ရည်းစား

Some text some message..